ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆီးသီးအစို/အခြောက် အဝယ်ဒိုင်သို့ ကွင်းဆင်းဆွေးနွေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဦးမျိုးဝင်းဦးဆောင်သော ချောက်မြို့နယ် တာဝန်ခံနှင့် အဖွဲ့သည် (၆.၂.၂၀၂၂) နေ့ (၁၀:၃၀) နာရီတွင် ချောက်မြို့နယ် ဂွေးပင်ကျေးရွာရှိ ဆီးသီးအစို/အခြောက် အဝယ်ဒိုင်သို့ သွားရောက်တွေ့ဆုံကွင်းဆင်း၍ ဆီးသီးအစို/ အခြောက် ဝယ်ယူရရှိမှု၊ ပြန်လည်ရောင်းချမှုနှင့် ပြည်ပသို့ ဆီးဆံများတင်ပို့မှုအခြေအနေများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပါရာ ဆီးသီးအစို/အခြောက်အဝယ်ဒိုင်လုပ်ငန်းရှင်ဖြစ်သော ဦးဘိုဌေးအောင်၏ ပြောကြားမှုအရ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၌ ဆီးသီးအဝယ်ဒိုင်(၈)ဦးခန့်ရှိပြီး ဆီးခွဲစက်(၂၅)လုံးခန့်ရှိကြောင်း၊ ၎င်း၏အဝယ်ဒိုင်တွင် လုပ်သား ကျား/မ(၇)ဦးရှိပြီး တရက်လျှင် အမျိုးသား(၁)ဦး(၅၀၀၀)နှုန်းနှင့် အမျိုးသမီး(၁)ဦးလျှင် (၄၀၀၀) နှုန်း ပေးချေရကြောင်း၊ ဆီးသီးအစို/ အခြောက်များကို ဇန်နဝါရီလမှစတင်၍ မေလအထိ ဝယ်ယူပြီး ဆီးသီးအစိုများကို (၁၂)ရက်ခန့်‌ နေလှမ်းရပါကြောင်း၊ ဂွေးပင်ကျေးရွာပတ်ဝန်းကျင်ရှိ သံဘို၊ ကိုးဆူ၊ သစ်ခြောက်ပင်၊ လေးပင်ကုန်း၊ လင်းတကိုင်း၊ သရက်ပင်၊ ညောင်ဇင်၊ ရွာမအစရှိသည့်ကျေးရွာများမှ  လယ်ယာခြံစည်းရိုး နယ်နိမိတ်အဖြစ်စိုက်ပျိုးထားသည့် ဆီးပင်များမှ  တောင်သူများအတွက် နှစ်စဉ်ဝင်ငွေရရှိနေကြောင်း၊ ယခင်နှစ်ကဆီးသီးအခြောက်(၂၀)ပြည် (၁)တင်းကို (၂၀၀ဝိ/-)ခန့် ၊ ဆီးသီးအစို (၂၀)ပြည် (၁)တင်းကို (၁၅၀ဝိ/-)နှုန်းဖြင့်သာ ဝယ်ယူရသော်လည်း  ယခုနှစ်တွင် ဆီးသီးအခြောက် (၂၀)ပြည် (၁)တင်းကို (၄၅၀ဝိ/-)၊ ဆီးသီးအစို(၂၀)ပြည်(၁)တင်းကို (၃၇၀ဝိ/-)နှုန်း ပေး၍ဝယ်ရပါကြောင်း၊ ဆီးသီးအစိုများကို ဝယ်ယူပြီး (၁၂)ရက်ခန့်နေလှမ်းမှသာ ဆီးသီးအ‌ခြောက်ရရှိပါကြောင်း၊ ဆီးသီးအခြောက်များကို ဆီးဖျော်ရည်ပြုလုပ်ရန် ပခုက္ကူမြို့၊ OK-1 ဆီးဖျော်ရည်စက်ရုံသို့ ရောင်းချရပြီး ရန်ကုန်ဆီးယိုလုပ်ငန်းသို့လည်း တင်ပို့ရပါကြောင်း၊ ဆီးသီးအစိုပြည်(၂၀)ကို နေလှမ်းပြီးပါက ဆီးသီးအခြောက် (၁၆)ပြည်သာ ပြန်လည်ရရှိပါကြောင်း၊ ဆီးဖျော်ရည်နှင့် ဆီးသီးယိုပြုလုပ်ရန် သန့်စင်ပြီး(ရှယ်) ဆီးသီး‌ခြောက် (၂၀)ပိဿာ တစ်အိတ်ကို (၁၃၀၀ဝိ/-)နှုန်း ပြန်လည်ရောင်းချရ ကြောင်း ၊  ဆီးသီးအချော (၁)တင်းကို ကြိတ်ခွဲပါက ဆီးဆံ(၂၀)သားခန့် ရရှိ၍ ဆီးခွဲခြမ်းကို ပဲကြော်၊ ပဲလှော်လုပ်ငန်းများသို့ တစ်တင်းလျှင် (၂၅ဝိ/- ၃၀ဝိ/-) ရောင်းချရကြောင်း၊ ဆီးဆံ(၁)ပိဿာကို (၂၂၅၀ဝိ/-)ခန့်ဖြင့် မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ ၎င်းအနေဖြင့် နှစ်စဉ် ဆီးသီးအစို/ အခြောက်တင်း(၁၅၀၀၀)ခန့် ဝယ်ယူရရှိပြီး ဆီးဆံပိဿာ(၃၀၀၀) ခန့် ထုတ်လုပ်တင်ပို့နိုင်ကြောင်း၊ ယခုနှစ်တွင် အောက်တိုဘာလတွင် မိုးရွာသွန်းမှုများပြားသည့်အတွက် အပွင့်များကြွေကျသဖြင့် ဆီးသီးအထွက်နှုန်း နည်းသော်လည်း ဆီးသီးရောင်းစျေးမှာ ယခင်နှစ်ကထက် နှစ်ဆခန့်ရရှိသဖြင့် တောင်သူအပိုဝင်ငွေေတိုးလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး