ဧရာဝတီမြေနုကျွန်းစိုက် တောင်သူတို့၏ဘဝ

Powered by Drupal

          သင်္ဘောကျွန်းကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နှင့် (၄)မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြု နေထိုင်သည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။  ဧရာဝတီမြစ်ရေကျချိန် ဆောင်းရာသီမြေနုကျွန်းများ ပေါ်ချိန်တွင် ပဲထောပတ်၊ ပဲလွန်း၊ ပဲကြီး၊ ကုလားပဲသီးနှံများ စိုက်ပျိုးကြောင်း သိရှိရပါသည်။

         သင်္ဘောကျွန်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း(၁၆၀)ခန့်ရှိပြီး စိုက်ဧက (၃၀၀)ကျော်ရှိကြောင်း သိရှိရပါသည်။ မြေနုကျွန်းပေါ်တွင် ပဲထောပတ်၊ ပဲလွန်း၊ ပဲကြီး၊ ကုလားပဲသီးနှံများကို အဓိကထား၍ နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်ထွန်ယက်စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးရာတွင် ကုလားပဲကို ပက်ကျဲ၍လည်းကောင်း၊ ပဲလွန်း၊ ပဲကြီးတို့ကို ကြောင်းဆွဲစိုက်ပျိုးကြောင်း သိရှိရပါသည်။

          ပဲမျိုးစုံသီးနှံများကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်ထွန်ယက်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ပန်းပွင့်ကာ ဖေဖော်ဝါရီလတွင် အသီးများစတင်သီးပြီး မတ်လဝက်လောက်တွင် အသီးများကို ခူးစွတ်ရကြောင်း၊ ခူးစွတ်ပြီးအသီးများကို အခြောက်လှမ်းကာ ခွဲစက်ဖြင့် ကြိတ်ခွဲပြီး မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခင်နှစ်က ပဲထောပတ်တစ်တင်းလျှင် ၁၅၀၀ဝိ/- မှ ၂၀၀၀ဝိ/-၊ ပဲလွန်းတစ်တင်းလျှင် ၃၀၀၀ဝိ/- ခန့်၊ ကုလားပဲတစ်တင်းလျှင် ၂၀၀၀ဝိ/-ခန့်ဈေးရရှိခဲ့ပြီး စိုက်ပျိုးဧက (၃)ဧကအတွက် စိုက်ပျိုးခ၊ ပေါင်းနုတ်ခ၊ ပိုးသတ်ဆေးဖြန်းခြင်း ကုန်ကျစရိတ်များ (၁၅)သိန်းခန့် ကုန်ကျပြီး စိုက်ဧက(၃)ဧကလျှင် ပဲမျိုးစုံတင်း (၇၀)ခန့် ထွက်ရှိ၍ (၁)သိန်းခန့်သာ အကျိုးအမြတ်ရရှိပြီး မိသားစုလုပ်အားနုတ်ပါက အရှုံးပေါ်ခဲ့ကြောင်း သိရှိရပါသည်။

        သီးနှံဈေးနှုန်း အတက်အကျပေါ်မူတည်၍ မြေနုကျွန်းစိုက်တောင်သူများမှာ အရှုံးပေါ်သည့် နှစ်များရှိခဲ့သော်လည်း ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများပေါ်ချိန်၌ မိမိတို့၏ မိရိုးဖလာလုပ်ငန်း ဖြစ်သည့် မြေနုကျွန်းစိုက်ပျိုးခြင်းကိုသာ နှစ်စဉ်အားထား လုပ်ကိုင်ကြကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး