ဒေသထွက်ပြောင်း၊ရောင်းဝယ်မှုအကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal

        ပြောင်းသည် ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းသည် အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိကတိုက်မှာ အများဆုံးစိုက်ပျိုးကြ၍ မြေအနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံသို့စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မှာသာ အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။

       မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ခင်ဉီးမြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် မကွေး၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်းကောင်း၊  ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ နမ့်ဆန်၊ဖယ်ခုံ၊ ဟိုပုံး၊ ပင်းတယ၊ မိုးနဲမြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ တန့်ယန်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ သိန္နီ၊ မိုင်းရယ်၊ ကွမ်းလုံ၊ နမ္မတူ၊ လောက်ကိုင်မြို့နယ်များတွင်လည်းကောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်မိုင်းယန်း၊ မိုင်းဆတ်မြို့ နယ်များတွင်လည်းကောင်း၊ ကရင်ပြည်နယ်မြဝတီနယ်တွင် လည်းကောင်း စိုက်ပျိုးကြပါသည်။

       ရှမ်းပြည်နယ်တွင် ပြောင်းကို မိုးရာသီတွင်မိုးပြောင်း၊ ဆောင်းရာသီတွင် ဆောင်းပြောင်းအနေနဲ့စိုက်ပျိုးကြ၍ တစ်နှစ်ပတ်လုံး ပြောင်းအရောင်းအဝယ်ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ စိုက်ပျိုးသောပြောင်းမျိုးများအနေဖြင့်  I CP(888)၊ ဧကရီ၊ ၉၉၉၊ ၊ ရေဆင်း(၃) စသော မျိုးများကို အများဆုံးအသုံးပြုစိုက်ပျိုးကြကြောင်းလို့ တောင်သူတစ်ဉီးပြောကြားချက်အရ သိရှိရပါသည်။

     ပြောင်းစိုက်ရန်သင့်တော်တဲ့ မြေအမျိုးအစားတွေကတော့ ရေစိမ့်ဝင်မှုကောင်း၍ ရေမဝပ်သော မြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊ မြေနီ၊ စနယ်မြေနက်တို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြေအမျိုးအစားမှာ အချဉ်ဓာတ်အနည်းငယ်ပါဝင်ပြီး အစိုဓာတ်မှာ ပုံမှန်သာဖြစ်သည့်အတွက် ပြောင်းစိုက်ပျိုးဖြစ်ထွန်းမှုကောင်းတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် နှစ်စဉ် ပြောင်းတန်ချိန် (၁၂) သိန်းနီးပါးအထိ စိုက်ပျိုးထွက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေနဲ့ကတော့ ရှမ်းပြည်နယ်အတွင်းဒေသတွင်း အသုံးပြုပြီးပိုလျှံပြောင်းများကို မြဝတီနယ်စပ်နှင့် မူဆယ်(၁၀၅)မိုင်မှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့တင်ပို့လျက်ရှိပါသည်။ နယ်စပ်ပေါက်ဈေး အနေဖြင့် တစ်ပိဿာလျှင်(၈၁၀)ကျပ်အထိ ပေါက်ဈေးရှိကြောင်း နယ်စပ်ဒေသ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်မှ သိရှိရပါသည်။ ဒေသတွင်းဈေးကွက်အနေဖြင့် ရှမ်းပြည်နယ်ရှိ ပြောင်းများကို ဒေသတွင်း တိရိစ္ဆာန်အစာစပ်စက်ရုံများသာမက ရန်ကုန်၊ မန္တလေးတိရိစ္ဆာန် အစာစပ်စက်ရုံများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာ တစ်ပိဿာလျှင် ၇၂၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း ပြောင်းကုန်သည်တစ်ဉီးထံမှ သိရှိရပါတယ်။ မနှစ်က ယခုလိုအချိန် ဖေဖော်ဝါရီလတွင် ဒေသတွင်းပြောင်းတစ်ပိဿာလျှင်(၄၉၀)ကျပ်အထိ၊ နယ်စပ်မှာ (၅၁၀)ကျပ်အထိသာ အမြင့်ဆုံးရှိခဲ့ပါသည်။

      ပုံမှန်အားဖြင့် ဈေးကွက်သဘောသဘာဝအရ ဈေးနှုန်းတက်သည်ဆိုသည်မှာ ဝယ်လိုအားများနေတာမျိုးကြောင့် ဖြစ်သည်။ ယခုလို  ဈေးနှုန်းတွေတက်နေသည့် သဘောတရားကတော့  ဝယ်လိုအားများနေခြင်းမျိူးမဟုတ်ဘဲ  မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး အစရှိသော စိုက်ပျိုးရေးသွင်းအားစုများ ဈေးတက်နေတာကတစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကြောင့် သယ်ယူပို့ဆောင်ရာတွင် လမ်းခရီးအဆင်ပြေချောမွေ့မှုများ မရှိနေတာကတစ်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲများရှိခဲ့တာကတစ်ကြောင်း ထိုအကြောင်းအရာများကြောင့် ဈေးနှုန်းများ အင်မတန်မြင့်တက်လာတာဖြစ်တယ်လို့ ယူဆမိပါသည်။ ပြောင်းဈေးနှုန်းဈေးကွက် ကောင်းနေ ပေမယ့်ပြည်ပဈေးကွက်အနေနဲ့ကလည်း ကိုဗစ်ကာလဖြစ်နေ၍လည်းကောင်း၊  ပြည်တွင်းတိရိစ္ဆာန်အစာစပ်စက်ရုံများသို့လဲ သယ်ယူပို့ဆောင်ခ ကြီးမြင့်လာ၍လည်းကောင်း အပြည့်အဝရောင်းဝယ်ဖောက်ကားမှု မပြုနိုင်ခြင်း တို့ကြောင့်လည်းကောင်း၊ တောင်သူများအနေနဲ့ ယခင်ပြောင်းရောင်းဝယ်ဖောက်ကားတဲ့ အချိန်များနှင့်နှိုင်းယှဉ်ပါက စိန်ခေါ်မှုတစ်ရပ်နှင့် ကြုံတွေ့နေကြရပါကြောင်း သုံးသပ်ရေးသားလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်