မြေပုံမြို့၊ “ငါးဆုပ်သန့်” လုပ်ငန်းအား ကွင်းဆင်းလေ့လာ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံး သူများလုံခြုံစိတ်ချမှုရှိစေရေး” မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသတွင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ စိုက်ပျိုးရေး/  မွေးမြူရေးလုပ်ကိုင်သည့် တောင်သူ/လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ဈေးကွက် မရောက်မီ/ဈေးကွက်ရောက်ပြီး ကုန်စည်များနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါသည်။

         ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွန့်သည် မြောက်ဦးခရိုင် မြေပုံမြို့နယ်အလယ်ပိုင်းရပ်ကွက်ရှိ ဦးအောင်လှတင်+ဒေါ်သန်းသန်းတို့၏ မိသားစု တစ်နိုင်တစ်ပိုင်စီးပွားဖြစ်လုပ်ကိုင်နေသည့်  “ငါးဆုပ်သန့်” လုပ်ငန်းသို့ (၆-၂-၂၀၂၂)ရက်နေ့တွင် ကွင်းဆင်းလေ့လာ၍ သတင်းရယူခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

      “ငါးဆုပ်သန့်” လုပ်ငန်းရှင်နှင့်တွေ့ဆုံမေးမြန်းရာတွင် လွန်ခဲ့သောနှစ်ပေါင်း ဆယ်နှစ် ကျော်ခန့်မှ စတင်ကာ ငါးဆုပ်ပြုလုပ်၍ ရနိုင်သောဒေသထွက်ငါးများကို ဝယ်ယူပြီး ရောနှောကာ ပြုလုပ်ရောင်းချလာခဲ့ရာမှာ ယခုအချိန်တွင် ခေတ်နှင့်အညီ စားသုံးသူများ၏ ဝယ်ယူမှုပုံစံများ ပြောင်းလဲလာသည့်အတွက် စားသုံးသူများ၏ လိုအပ်ချက်အရ ကုန်ကြမ်းဖြစ်သော ငါးကွင်းရှပ် (ရခိုင်အခေါ်-ငညို့)၊ ကကတစ် (ရခိုင်အခေါ်-ငါးသတစ်) ငါးများကို သီးသန့်ဝယ်ယူပြီး ငါးဆုပ် ပြုလုပ်ရောင်းချခဲ့ရာ စားသုံးသူများ ပိုမိုများပြားလာပါကြောင်း၊ ငါးကွင်းရှပ် တစ်ပိဿာ လျှင် ကျပ်-၁၁,၀၀၀၊ ကကတစ် တစ်ပိဿာ-ကျပ်-၁၂၀၀၀ ဈေးနှုန်းများဖြင့် ဝယ်ယူလုပ်ကိုင်လျက်ရှိပြီး ငါးဆုပ်ကြော်ရာတွင် ဆီသန့်ကိုရွေးချယ်ကာ အသုံးပြုထားပါသဖြင့်  အရသာကောင်းမွန်သည့် “ငါးဆုပ်သန့်” ရရှိပါကြောင်း၊ တစ်နေ့လျှင် ငါး အချိန် (၆-၇) ပိဿာခန့်ပြုလုပ်ရကြောင်းနှင့် ငါးဆုပ်အရေအတွက်အားဖြင့် (၇၀၀)ခန့်ရရှိကာ မြေပုံမြို့တွင်း၊ မင်းပြားမြို့၊ မြောက်ဦးမြို့နှင့် အလှူပွဲများတွင် ဝယ်ယူသုံးစွဲကြကြောင်း၊ (၂၅)ဆုပ် တစ်ဗူးလျှင် ကျပ်-၄၁၀၀၊ လက်လီတစ်ဆုပ်လျှင် ကျပ်-၂၀၀ ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနေကြောင်း၊ တစ်နေ့လျှင် အကျိုးအမြတ်အားဖြင့် ကျပ်-၂၀၀၀၀ ခန့် ဝင်ငွေရရှိပါကြောင်းသိရှိခဲ့ရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်အား ငါးဆုပ်သန့်ထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာထုတ်လုပ်စေရေး၊ တာရှည်ခံဓါတု ဆေးဝါးများ သုံးစွဲမှုမပြုလုပ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)