ပခုက္ကူ ကုန်စည်ဒိုင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

Powered by Drupal

         ပခုက္ကူမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး လူဦးရေ(၃၁၁၇၁၆)ဦးခန့် နေထိုင် ကြောင်း၊ ပခုက္ကူခရိုင်သည် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ (၅)မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိ ကြောင်း၊ ပခုက္ကူမြို့၏အရှေ့ဘက်တွင် ရေစကြိုမြို့၊ တောင်သာမြို့၊ အနောက်ဘက်တွင် ပေါက်မြို့၊ ဆိပ်ဖြူမြို့၊ တောင်ဘက်တွင် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ မြောက်ဘက်တွင် မြိုင်မြို့နယ်နှင့် ထိစပ် လျက်ရှိကြောင်း၊ ပခုက္ကူမြို့သည် စီးပွားရေးအချက်အချာကျပြီး ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ဖြစ် ကြောင်း၊ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ရောင်းဝယ်ရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်း၊ ပခုက္ကူမြို့နယ်သည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးများသို့ ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားလာနိုင်ပြီး ကုန်းလမ်း၊ ရေလမ်းဆုံရာ မြို့တစ်မြို့ ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကြောင်း၊ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဖြစ်ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံအပြားသို့ တင်ပို့ရောင်းချ ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

          ပခုက္ကူကုန်စည်ဒိုင်သို့ မြိုင်၊ ပေါက်၊ ရေစကြို၊  ညောင်ဦးမြို့နှင့် ယောနယ်ဒေသများဖြစ်သော ထီးလင်း၊ ဂန့်ဂေါ၊ ဆော-ကျောက်ထု စသည့်မြို့နယ်များမှ ထွက်ရှိသည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီများဝင်ရောက်လျက်ရှိပြီး ပခုက္ကူမြို့မှ ထွက်ကုန်များ ပြန်လည်ဖြန့်ဖြူးရာတွင် ပြည်တွင်းရှိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် အမြို့မြို့အနယ်နယ်သို့ ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ်လည်း အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံများသို့ တင်ပို့ဖြန့်ဖြူး၍ သီးနှံမျိုးစုံ ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး အဓိက စီးပွားရေးအချက်အချာကျသော မြို့ဖြစ်ကြောင်း သိရှိရပါသည်။

          ပခုက္ကူမြို့တွင် ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် လွယ်ကူစေရန် အတွက် ပခုက္ကူကုန်စည်ဒိုင်ကို ၁၉၈၉ ခုနှစ်တွင် အလုပ်အမှုဆောင် (၂၅)ဦးနှင့် အသင်းဝင်(၄၃၀)ဦးတို့ ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ပခုက္ကူကုန်စည်ဒိုင်မှာ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် ပြည်တွင်း သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ဖြန့်ဖြူးလျက်ရှိသော ကုန်စည်ဒိုင်ကြီးဖြစ်ကြောင်း၊ ပခုက္ကူ ကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံကို နမူနာများဖြင့် ဈေးဖြတ်ကြပြီး ကြက်သွန်နီကို အမှတ်(၈) ရပ်ကွက်၊ ဦးမေဃ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ရောင်းဝယ်မှုပြုလုပ်ကြောင်း၊ ကုန်စည်ဒိုင် တွင် ဈေးဖြတ်ပြီး ပွဲရုံများတွင် အရောင်းအဝယ်ပြုလုပ်ကြောင်း၊  ပွဲစားများမှတစ်ဆင့် မြို့ပေါ်ရှိ ကုန်သည်ကြီးများမှ ဝယ်ယူ၍ မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားနှင့် ပြည်ပနိုင်ငံများအထိ တင်ပို့

ရောင်းချလျက်ရှိကြောင်း၊ ပခုက္ကူမြို့ပေါ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်သည့် ကုန်သည် ပွဲစားလုပ်ငန်းရှင် (၁၀၀)ဦးခန့်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကုန်စည်ဒိုင်သို့ ပဲစဉ်းငုံ၊ ပဲယင်း၊ နှမ်းနက်(စမုံ)၊ မြေပဲစသည့် သီးနှံများ အဝင်နည်းနေသေးသော်လည်း  ဖေဖော်ဝါရီလ၊ မတ်လများတွင် သီးနှံမျိုးစုံ အများဆုံး ဝင်ရောက်မည်ဖြစ်ကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်လုပ်ငန်းရှင်တစ်ဦး ထံမှ သိရှိရပါသည်။

          မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲစဉ်းငုံအပါအဝင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အိန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူသည့်အတွက် အိန္ဒိယနိုင်ငံသို့ အဓိကထား၍ တင်ပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ သီးနှံ(၃)မျိုးကို အိန္ဒိယနိုင်ငံမှ ၂၀၂၂ ခုနှစ်၊ မတ်လ အထိ သက်တမ်းတိုး၍ အကန့်အသတ်မရှိ ပဲတင်သွင်းခွင့်ပြုထားသောကြောင့် ယခုနှစ် သီးနှံပေါ်စချိန်မှစ၍ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် သီးနှံစပေါ်သည့်ချိန်မှစ၍ ဈေးနှုန်းဈေးကွက် ကောင်း၍ ပဲစဉ်းငုံအသစ်များ လက်ကျန်မရှိသလောက် ရောင်းချပြီးစီးကြောင်းနှင့် ယခင်နှစ်ဟောင်းက သိုလှောင်ထားရှိခဲ့သော ပဲစဉ်းငုံ ပိဿာ(၃၀)ဝင် အိတ်(၅)သိန်း၊ ပဲတန်ချိန် (၂၈၅၇၇) ဝန်းကျင်ခန့် ကိုလည်း ယခုနှစ်တွင် အကန့်အသတ်မရှိ တင်သွင်းမှုကို လက်ခံသောကြောင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ပြီးဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ ဈေးကောင်းရရှိ၍ စိုက်ပျိုး ထုတ်လုပ်တောင်သူများ၊ ‌ရောင်းဝယ်ဖောက်ကားသူ ကုန်သည်ပွဲစားလုပ်ငန်းရှင်များနှင့် ဆက်နွယ်လျက် ရှိသည့် အလုပ်သမားများ အကျိုးအမြတ်ရရှိသောနှစ်ဖြစ်ကြောင်း၊ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ယခုနှစ်ကဲ့သို့ ပဲမျိုးစုံဈေးကွက်ဝယ်လိုအား မရှိပါက တောင်သူများအနေဖြင့် တွက်ချေ ကိုက်သည့် ဝါ၊ အစေ့ထုတ်ပြောင်း စသည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးသွားနိုင်ကြောင်း၊ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

          ပခုက္ကူမြို့သည် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံကို အဓိကထား၍ ရောင်းဝယ်ဖောက်ကားပြီး စီးပွားရေး ဈေးကွက် အချက်အချာကျသော  မြို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းရှိ  ကုမ္ပဏီလုပ်ငန်းရှင်များမှ မိမိတို့ ဝယ်ယူလိုသော မည်သည့်ပဲကိုမဆို ဝယ်လိုအားရှိသလောက် အများဆုံး တစ်စုတစ်စည်းတည်း ဝယ်ယူရရှိနိုင်သော ပဲမျိုးစုံဆုံဆည်းရာ မြို့ဖြစ်သောကြောင့် ကုမ္ပဏီလုပ်ငန်းရှင်များ အကြိုက်ဆုံးမြို့ ဖြစ်ကြောင်း၊ ရောင်းဝယ်ဖောက်ကားမှု ကောင်းမွန်သည့်အတွက် လုပ်ငန်းရှင်ကုန်သည်ပွဲစားများနှင့် ဒေသခံ ပြည်သူများမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး စီးပွားရေးဖွံ့ဖြိုးသော မြို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)