ဓာတုဆေးများအန္တရာယ် သတိထား ဆင်ခြင်ဖွယ်

Powered by Drupal

     မြန်မာနိုင်ငံတွင် ယခင်က သဘာဝဝါဂွမ်းကနေ ထုတ်လုပ်သော ချည်ထည်အဝတ်အစားတွေ ဝတ်ရပါတယ်။ သဘာဝအသီးအနှံများကို စားသောက်ရပါတယ်။ အဲဒီတုန်းက နိုင်ငံခြားက လူတွေမှာ နိုင်လွန်အသားနှင့် အဝတ်အစားတွေဝတ်၊သီးနှံတွေကလဲ ဖွံဖွံ့ထွားထွားတွေ စားသုံးတာကိုကြည့်ပြီး အားကျခဲ့ကြရတယ်။ဒါပေမယ့် အဲဒီအချိန်မှာ မြန်မာပြည်ကို လာလည်သည့် နိုင်ငံခြားသားတွေကမြန်မာတွေ ချည်ထည်စစ်စစ်ဝတ်တာ သဘာဝအသီးအနှံတွေ စားတာကို ပြန်ပြီး အားကျနေကြပြန်ရော။

        သူတို့ဆီမှာ ချည်က အရမ်းရှားပြီး ဈေးကြီးလို့ နိုင်လွန်သားနှင့်ရောပြီးယက်သည့် အထည်တွေဝတ်ကြပြီး ကျွန်မတို့မြန်မာတွေလူမျိုးကလဲ သူတို့လိုနိုင်လွန်သားလေးတွေကို အားကျ ခဲ့ပြီးကိုယ့်ဆီကထွက်သည့်ချင်းတောင်ပန်းသီးများကို သူတို့ဆီက ပန်းသီးကြီးတွေကကြီးတယ် ဆိုပြီးလဲ အားကျခဲ့တာပဲ။ ယုတ်စွအဆုံး မြန်မာသံပရာသီးက သေးသေးလေး၊ ယိုးဒယား သံပရာသီး က အကြီးကြီးဆိုပြီး သဘောကျခဲ့တာပဲ။

        တကယ်တော့  အဲ့လိုကြီးထွားအောင် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုတွေလုပ်၊ ပိုးသတ်ဆေးတွေ သုံး၊ ဓာတ်မြေသြဇာတွေကျွေးပြီး လုပ်ထားကြတာလေ။ အခုမြန်မာနိုင်ငံမှာလည်း ဓာတ်မြေသြဇာ တွေ ပိုးသတ်ဆေးတွေလိုက်သုံးပြီးသူတို့ဆီကလို အသီးကြီးကြီး ပိုးထိုး လောက်ကိုက်ကင်းတာတွေ ဖန်တီးနေနိုင်ပါပြီ။ ဒါပေမယ့် သူတို့ဆီကလို ပိုးသတ်ဆေးဥပဒေတွေကိုရောသေသေချာချာ လိုက်နာ ကြပါရဲ့လား။

       သီးနှံတစ်ခုကို ပိုးသတ်ဆေးသော်လည်းကောင်း ဓာတ်မြေသြဇာသော်လည်းကောင်း ကျွေးပြီးရင် အနည်းဆုံး နှစ်ပတ်နေမှ ဈေးကွက်ထဲပို့ရမှာတွေကိုရော တိတိကျကျလိုက်နာကြပါရဲ့ လား။ ဈေးကွက်ကိုရော ဝင်ရောက်စစ်ဆေးမှုတွေ ရှိပါရဲ့လား။ဒီလိုတွေမရှိတော့ ကျွန်မတို့ဟာ နိစ္စဒူဝဓါတုပစ္စည်းမကင်းတဲ့အစားအသောက်တွေကို စားသုံးနေရသူတွေ ဖြစ်နေပါသည်။ မိမိရဲ့ခန္ဓာကိုယ်ထဲကိုမိမိမသိဘဲ အစားအသောက်ကတစ်ဆင့် ဓါတုပစ္စည်းတွေ ဝင်ရောက်တာ ခံနေရပါတယ်။ ပိုးသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေ ရောင်းချနေသူတွေဟာမိသားစုလိုက်ချီပြီး ဒီဓါတုပစ္စည်းတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးကိုခံစားနေရပါသည်။ နယ်မြို့တွေမှာ လူက အပေါ်ထပ်မှာနေ၊ အောက်ထပ်မှာဒီပိုးသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေသိုလှောင်ရင်း ဒီအနံ့တွေ ရှူရှိုက်မိရာကကင်ဆာရောဂါဖြစ်ပြီး ဆုံးပါးသူတွေများလာပါပြီ။ ကားနှင့်နယ်ဘက်ကို ခရီးသွားရင် အချို့သောမြို့ထဲ ကားဖြတ်မောင်းတာနှင့်စိမ်းရွှေရွှေပိုးသတ်ဆေးနံ့တွေ ဓာတ်မြေသြဇာနံ့တွေဟာ ကားပေါ်ကခဏဖြတ်သွားသည့် သူတောင်ခေါင်းမူးစေပါတယ်။ နေ့စဉ်ရှူနေရသည့် သူတွေအတွက် တော့မတွေးဝံ့စရာ။ နှစ်ပေါင်းများစွာရှူရှိုက်ရသူတွေဟာ နောက်ဆုံးတော့ကင်ဆာရောဂါ အမျိုးမျိုး၊ အထူးသဖြင့် သွေးကင်ဆာလိုရောဂါတွေနှင့်ဆုံးပါးကုန်ကြခြင်းကိုတွေ့နေရပါတယ်။

      သီးနှံစိုက်ခင်းမှာသုံးသည့် ပိုးသတ်ဆေးတင်မကပါဘူး။ အိမ်မှာပိုးမွှားသေအောင် ပြေးအောင် သုံးစွဲသည့် ပိုးသတ်ဆေးတွေမှာလည်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ခွင့်ပြုထားသည့် ပမာဏထက် အများကြီးသုံးထားသည့်ဆေးတွေကို အိမ်နီးချင်းတရုတ်နိုင်ငံက တင်သွင်းသုံးစွဲရင်း အသက်ဆုံးပါး ရတာတွေရှိသလို ပြည်တွင်းထုတ်ခြင်ဆေးတစ်မျိုးဆိုရင်ထိုင်းနိုင်ငံကစစ်ဆေးပြီးပါဝင်သည့် ဓါတုပစ္စည်းတွေဟာ အန္တရာယ်ကင်းရှင်းရေးအဆင့်ထက် အများကြီးကျော်နေလို့ဆိုပြီး ရောင်းချခွင့် ပိတ်ပင်လိုက်သည်အထိတောင် ဖြစ်ခဲ့ဖူးပါတယ်။

      နောက်တစ်ခုက ကိုယ့်ဆီက မထုတ်ဘဲ ပြည်ပကနေသွင်းသည့် မုန့်ပဲသရေစာတွေမှာလည်း အရသာကောင်းအောင်၊ အရောင်လှအောင်ဓါတုပစ္စည်းတွေအများကြီးသုံးပြီး ထုတ်လုပ်တင်သွင်း တာကို ကျွန်မတို့ကလေးတွေ စားနေကြရပြီး ကျွန်မတို့ငယ်ငယ်က ဘိန်းမုန့်၊ထန်းလျက်ချောင်း၊ အကြော်စုံသာ ကျောင်းဈေးမှာရောင်းကြပေမယ့် အခုခေတ်ကျောင်းဈေးမှာ အကင်တွေ၊ ရယ်ဒီမိတ် အစား အသောက်တွေ ရောင်းနေကြပြီးဒီအစားအသောက်တွေထဲမှာ ပါဝင် သုံးစွဲထားသည့် ဓာတုပစ္စည်းတွေ၏ပမာဏကိုဘယ်သူ မှမသိကြပါဘူး။ ကလေးတွေဟာ ဒီအစားအသောက်တွေကို နေ့စဉ် စားနေကြရပါတယ်။ဒီတော့ ငယ်ရွယ်စဉ်ဘဝကတည်းက သူတို့ခန္ဓာကိုယ်ထဲကို ဓာတုပစ္စည်းတွေအတိုင်းအဆမရှိ ဝင်ရောက်သည့်ဒဏ်ကို ခံစားနေကြရပါတယ်။

         ဒီအစားအသောက်တွေ၊ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေမှာပါသည့်ဓါတုပစ္စည်းတွေနှင့် တင်ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ အလွန်လှချင်သည့်ကျွန်မတို့ မြန်မာမိန်းက လေးတွေဟာ မာကျူရီလို့ခေါ်သည့် ပြဒါးဓါတ်တွေအလွန်အကျွံပါဝင်သည့် အလှကုန်တွေဒဏ်ကို ခံနေရပါသေးပြီး အိမ်နီးချင်းထိုင်းနိုင်ငံ၏ တံငါရွာလေးကထုတ်ပြီး မြန်မာနိုင်ငံမှာမျိုးဆက်သုံးဆက်လောက်အထိ နှစ်သက်သုံးစွဲနေသည့် မျက်နှာချေလိမ်းဆေးဆိုရင်ပြဒါးဓာတ်တွေ အလွန်အကျွံပါဝင်နေသလို သူ့နိုင်ငံကလူတွေက အဲဒီတံဆိပ်ကိုသုံးဖို့နေနေသာသာ ကြားတောင်မကြားဖူးကြပါဘူး။

     Made in Japan ဆိုပြီး တရုတ်နှင့် ထိုင်းနိုင်ငံကထုတ်သည့်အလှကုန်တွေမှာ ပြဒါးတွေ အလွန်အကျွံပါဝင်နေတာတွေ့လို့ အစားအသောက်နှင့်ဆေးဝါးဦးစီးဌာနက မကြာခဏ စစ်ဆေး ပိတ်ပင်နေရပါသည်။ ပြဒါး၏သဘောကတိုက်စားတတ်ပြီး ပြဒါးပါသည့်မျက်နှာချေ အလှကုန်တွေ ဟာလိမ်းလိုက်ရင်အသားအရေကို ဝင်းပလာစေပေမယ့် ရေရှည်မှာတော့ ကင်ဆာရောဂါနှင့် လမ်းဆုံးသွားပြီး ဒီနေ့ခေတ်အခါမှာ မြန်မာနိုင်ငံအတွင်း နည်းမျိုးစုံနှင့် တင်သွင်းရောင်းချနေသည့် အလှကုန်မျက်နှာချေ မိတ်ကပ်တွေမှာအဲလိုပေါချောင်ကောင်း ထုတ်ပြီး ဈေးသက်သက်သာသာနှင့် ရောင်းချနေသည့် မိတ်ကပ်တွေအလှကုန်တွေ အများကြီးပါ။ အထူးသဖြင့် ဗဟုသုတ မကြွယ်ဝသည့် တောသူတောင်သားတွေကိုရောင်းချပြီး စီးပွားဖြစ်နေကြတာတွေမြင်တွေ့နေရပြီး ယင်းနှင့် ပတ်သက်ပြီးလည်း ကျန်းမာရေးဌာနများက အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။

        သို့ဖြစ်ပါ၍ ကျွန်မတို့ မြန်မာနိုင်ငံများသည် ဝတ်ဆင်ရာမှာ၊ နေထိုင်ရာမှာ၊စားသောက်ရာမှာ၊ အလှအပပြင်ဆင်ရာမှာ အန္တရာယ်မကင်းသည့် ဓာတုဆေးများ အန္တရာယ်ကို သိရှိပြီး သတိထားဆင်ခြင် သုံးစွဲနိုင်ရေးအတွက် စေတနာရှေ့ထား၍ ဖော်ပြအပ်ပါသည်။

DOCA(ရန်ကုန်)