ပခုက္ကူမြို့ပေါ်တွင်ရောင်းချနေသော သောက်ရေသန့်ဈေးကွက်

Powered by Drupal

    ရေသည် လူနှင့်သက်ရှိသတ္တဝါမှန်သမျှအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ရုံသာမက အပင်များအားလုံးအတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်။ “ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်” ဟူ၍ပင် ညွှန်းဖွဲ့ပြောဆိုလေ့ရှိကြသည်။ လူတို့သည် ရေကို ထမင်းဟင်းချက်ပြုတ်ရန်၊ သောက်သုံးရန်၊ ဆေးကြောရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန်အတွက် အသုံးပြုကြပါသည်။

     အညာဒေသဖြစ်သော ပခုက္ကူမြို့တွင် သဘာဝရေဖြစ်သော အဝီစိတွင်းရေနှင့် သောက်ရေသန့်များကိုအသုံးများကြသည်။ ပခုက္ကူမြို့တွင် သောက်ရေသန့်လုပ်ငန်းပေါင်း (၂၀)ကျော်ရှိ၍ ၎င်းလုပ်ငန်းများအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ရေသန့်စက်ရုံများမှ (၂၀)လီတာဘူးကြီးများ၊ (၁)လီတာဘူးများ၊ (၀.၆)လီတာဘူးများ၊ (၀.၃၅)လီတာဘူးများကို  ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိရာ ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၂၀)လီတာဘူးကြီးတစ်ဘူးလျှင် ကျပ်(၇၀၀)၊ (၁)လီတာ (၆)ဘူးပါ (၁)ကတ်လျှင် ကျပ်(၂၀၀၀)၊ (၀.၃၅)လီတာ (၂၀)ဘူးပါ (၁)ကတ်လျှင် ကျပ်(၃၅၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇန်နဝါရီလတွင် (၂၀)လီတာဘူးကြီးတစ်ဘူးလျှင် ကျပ်(၄၀၀-၅၀၀)၊ (၁)လီတာ(၆)ဘူးပါ (၁) ကတ်လျှင် ကျပ်(၁၅၀၀)၊ (၀.၃၅)လီတာ (၂၀)ဘူးပါ (၁)ကတ်လျှင် ကျပ်(၃၀၀၀)ဖြစ်၍ ယခုဖေဖော်ဝါရီလဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ဖေဖော်ဝါရီလတွင် ဈေးနှုန်းမြင့်တက်လာ၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ဈေးနှုန်းတက်ရခြင်းမှာ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်း၊ စက်သုံးဆီများဈေးကြီးနေခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင် သောက်ရေသန့်ဘူးကြီးများကို ဘူး(၂၀၀)ထိထုတ်လုပ်ပြီး မြို့ပေါ်ရှိ ကိုယ်စားလှယ်ယူသော လုပ်ငန်းရှင်များထံသို့ ဖြန့်ဖြူးရောင်းချရကြောင်း ရေသန့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

      ပခုက္ကူမြို့တွင် သောက်ရေသန့်များကို သောက်သုံးရန်၊ ချက်ပြုတ်ရန်သာမက အလှူအတန်းများ၊ မင်္ဂလာဆောင်များ၊ သာရေး၊ နာရေးများအတွက်လည်း ဝယ်ယူအသုံးပြုလျက်ရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)