တောင်ငူမြို့နယ်တွင် နွေစပါးများစိုက်ပျိုးနေပြီ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊  တောင်ငူခရိုင်၊  တောင်ငူမြို့နယ်တွင် မတ်ပဲခင်းများ ရိတ်သိမ်းပြီးစီး၍ နွေစပါးများ စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်။ တောင်ငူမြို့နယ်တွင် ယခုနှစ်အတွင်း နွေစပါး ၁၉၂၇၁ ဧက စိုက်ပျိုးရန် လျာထားကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားများအရ သိရှိရပါသည်။ တောင်ငူမြို့နယ်တွင် နွေစပါးစိုက်လယ်မြေများကို အရှေ့ရိုးမတောင်ပေါ်ရှိ ပသိဆည်၊ ကရင်ချောင်းဆည်၊ ကမ်းနီဆည်၊ ပဲခူးရိုးမတောင်ပေါ်ရှိ ခပေါင်းဆည်နှင့် စစ်တောင်းမြစ်ရေတင် စီမံကိန်းတို့မှ ရေပေးဝေလျက်ရှိပါသည်။

     တောင်ငူမြို့နယ်၏ ပျှမ်းမျှမိုးရေချိန်လက်မမှာ ၇၆.၁၆ ရှိပြီး ယခုနှစ်မိုးရွာသွန်းမှုမှာ မိုးရေချိန် လက်မ ၇၀.၆၁ ရှိရာ ပျှမ်းမျှမိုးရေချိန်ထက် လျော့နည်းသော်လည်း ဆည်များတွင် နွေစပါး အတွက် စိုက်ပျိုးရေလုံလောက်စွာ ရှိနေပါသည်။ နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် ရရှိစေရေးနှင့် သွင်းအားစုများရရှိစေရေးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးစရိတ်ရရှိစေရန် အတွက်လည်းစိစစ်၍ ချေးငွေများရရှိအောင် ကူညီဆောင်ရွက်ပေးပါသည်။

    နွေစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားကြီးများအတွက် ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း၍ စပါးဆားရည်စိမ်စိုက်ပျိုးခြင်းနှင့် အကျိုးသက်ရောက်မှုများ၊ ဘောင်စနစ်ဖြင့် ပျိုးထောင် ခြင်း၊ မျိုးစေ့များ ပူးကပ်ခြင်းမရှိအောင် မျိုးစေ့ချ စိုက်ပိုးခြင်း၊ ပျိုးခင်းစနစ်တကျ ပြုစုခြင်း၊ ကောက်ကွက်မှန်အောင် စိုက်ပျိုးခြင်း၊ သွင်းအားစုများအား အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ အောင်ရေထုတ်ခြင်း၊ ရိတ်သိမ်းချိန် မှန်ကန်အောင် ဆောင်ရွက်ခြင်း နည်းစနစ်များကို သင်တန်းပေးခြင်းများကို ဆောင်ရွက်ပေးပါသည်။

     နွေစပါးအထွက်တိုးလျှင် အပိုဝင်ငွေတိုးမည်ဖြစ်သဖြင့် စပါးစိုက်ပျိုးခြင်းကို အားထည့်၍ ဆောင်ရွက်ကြပါသည်။ ခပေါင်းရေလှောင်တမံမှ ၁၂၂၄၄ ဧက၊ ပသိဆည်မှ ၁၅၁၁ ဧက၊ ကမ်းနီ ရေလွှဲဆည်မှ ၁၃၃၉ ဧက၊ ကရင်ချောင်းရေလွှဲဆည်မှ ၆၁၆ ဧက၊ သဖန်းပင်နှင့် ရွာတန်းရှည်ရှိ စစ်တောင်းမြစ် လျှစ်စစ်မြစ်ရေတင်စီမံကိန်းများမှ ၉၅၀ ဧက၊ ချောင်းပိတ် ၁၀၉၈ ဧက၊ အင်းအိုင် ၁၄၃၉ ဧကနှင့် အခြားဆိုလာနှင့် စက်ရေတင်စီမံကိန်းမှ ၇၄ ဧက စိုက်ပျိုးခြင်း ဖြစ်ပါသည်။

    အထွက်တိုးစပါးများဖြစ်သည့် နှံကောက်၊ ရက် ၉၀၊ ဆင်းသုခ၊ ရတနာတိုး၊ မနောသုခ၊ စပါးများကို Drum-seeder ၊ လက်ဆွဲကောက်စိုက်စက်များဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)