ကြို့ပင်ကောက်မြို့ အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သော ဒို့ပလောင်ဇယန်းလက်ဖက်စိုထုတ်လုပ်ငန်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ရွာမမြောက်ရပ်ကွက် ကြို့ပင်သာ  (၁)လမ်းရှိ ဒို့ပလောင်လက်ဖက်စို ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းလုပ်ကိုင်သော အလုပ်ရုံသို့ မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်း(၁)ဦးသည် (၁၃.၂.၂၀၂၄) ရက်နေ့တွင်  လုပ်ငန်းရှင် ဦးကျော်အောင်နှင့် တွေ့ဆုံ၍ လုပ်ငန်းလည်ပတ်မှု အခြေအနေကို မေးမြန်းခဲ့ပါသည်။

    လုပ်ငန်းရှင်ဦးကျော်အောင်သည် ဒို့ပလောင်နာမည်ဖြင့် လက်ဖက်လုပ်ငန်းကို လုပ်ကိုင်ခဲ့တာ (၁၀)နှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း အိမ်ရှိမိသားစုနှင့် အလုပ်သမားလခစား မ(၅)ဦး၊ ကျား(၂) ဦးဖြင့် လုပ်ကိုင်လျက်ရှိပါသည်။

     လက်ဖက်လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းလက်ဖက်ကို ရှမ်းပြည်မြောက်ပိုင်း အားရင်းကျေးရွာ၊ နမ့်ဆန်မြို့မှ ကိုယ်ပိုင်ခြံရှိ၍ ခြံမှထွက်သော လက်ဖက်ရွက်များကို ကြို့ပင်ကောက်မြို့သို့ သယ်ယူပြီး တစ်နှစ်ပတ်လုံး ရရှိသည့် လက်ဖက်ရွက်စိမ်းများကို အချိန် ပိဿာဝင် (၆၀)အိတ်များဖြင့် သိုလှောင်ထားရှိပါသည်။  

    ထုတ်လုပ်မှုအနေဖြင့် လက်ဖက်ရွက်အရိုင်းများကို (၄ပေ ၇ပေ) ရှိသော ဇာကာ(၂) ထပ်ပါပုံစံ ခွက်ထဲထည့်၍  လျှပ်စစ်မီး(သို့မဟုတ်) စက်သုံးဆီကို အသုံးပြုပြီး မော်တော်စက်ဖြင့် လက်ဖက် အိတ် (၆၀)ပိဿာကို နည်းနည်းစီဖြန့်ထည့်ကာ ဇကာတိုက်စက်ထဲမှ လက်ဖက်အနု၊ လက်ဖက် အလတ်၊ လက်ဖက်အကြမ်း (၃) မျိုးခွဲထွက်ပြီး တစ်ဝက်ကို နာရီဝက်ခန့် အချိန်ကြာလည်ပတ်ရပါသည်။

   ထွက်ရှိလာသောလက်ဖက်အနုကို အညွှန့်များရွေးထုတ်ပြီး သီးသန့်ထုတ်ပိုးပါသည်။ လက်ဖက်အလတ်နှင့်အကြမ်းကို အိတ်တစ်အိတ်ထဲတွင် အိတ်(၂) ထပ်ဖြင့်ကျစ်အောင် လက်စုံ မောင်းတံဖြင့် ထောင်းထည့်ပြီး ရက်အနည်းငယ်ကြာထားရပါသည်။  ကြိတ်စက်ဖြင့် ကြိတ်လိုက် သောအခါ လက်ဖက်အလိပ်များ ထွက်ရှိလာပြီး လက်ဖက်လိပ်ဖတ်များကို (၅) ကျပ်သား၊ (၁၀) ကျပ်သား ချိန်တွယ်ပြီး၊ ဒို့ပလောင်တံဆိပ်ဖြင့် ထုတ်ပိုးရောင်းချပါသည်။ တစ်နေ့လျှင် ပျှမ်းမျှပိဿာ (၁၀၀) ခန့်ဖြန့်ဖြူးရကြောင်း သိရှိရပါသည်။

   ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိကုန်စုံဆိုင်ကြီး (၂၀)ဆိုင်ခန့်အပြင် အခြားမြို့အနီး ပတ်ဝန်းကျင်မှာ ဖြန့်ဖြူးရောင်းချပါသည်။ လက်ဖက်(၁)ပိဿာ တစ်ထုပ်လျှင် (၃၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ ဖြန့်ဝေပြီး(၁၀) ကျပ်သားထုပ် တစ်ထုပ်ကို (၆၅၀) ကျပ်၊ (၅)ကျပ်သားအထုပ် (၂၀) တစ်ပါကင် အိတ်ကို (၆၅၀၀) ကျပ် ဖြန့်ဖြူးနေပါကြောင်း၊ လုပ်ငန်းရှင် ဦးကျော်အောင်ထံမှ သိရှိရပါသည်။ ဌာနအနေဖြင့်လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့် အခြေအနေကို လုပ်ငန်းရှင်များသိရှိနိုင်ပါရန် အသိပေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)