ကုန်စည်(လုပ်ငန်းသုံးပစ္စည်း)နှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ xxxxxx မြို့နယ်၊ xxxxxx ကျေးရွာနေ၊ ဦး xxxxxx သည် (၂၇.၆.၂၀၂၃)ရက်နေ့တွင် xxxxxx လက်အိတ်ကို Online Page မှ စိုက်ပျိုးရေးသုံး လက်သည်းနှစ်ဖက်ပါသော လက်အိတ်(၁၀)စုံအား ကျသင့်ငွေကျပ်(၆၉၀၀၀)ပေးချေ၍ မှာယူခဲ့ရာ မှာယူပြီးတစ်ပတ်အကြာတွင် လက်အိတ်များ ရောက်ရှိလာကြောင်း၊ လက်အိတ်(၁)စုံအား ဖွင့်ဖောက်စစ်ဆေးရာ၌ အရောင်းဝန်ထမ်းမှ ရောင်းချစဉ်က ပြောဆိုထားသည့်အတိုင်း လက်သည်းမှာ လက်အိတ်နှစ်ဖက်လုံးတွင်ပါဝင်ခြင်းမရှိဘဲ လက်အိတ်တစ်ဖက်ထဲတွင်သာပါရှိကြောင်း၊ အရောင်း ဝန်ထမ်းထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ဆက်သွယ်၍မရခဲ့ဘဲ (၄.၇.၂၀၂၃)ရက်နေ့ Online Shop သို့ အဆက်အသွယ်ရရှိချိန်၌ မိမိထံ ရောက်ရှိနေသည့်ပစ္စည်းများမှာ လက်သည်းနှစ်ဖက် မပါရှိ၍ ငွေပြန်လည်အမ်းပေးရန် တောင်းဆိုခဲ့ခြင်းအပေါ် အရောင်းဝန်ထမ်းမှ သဘောတူညီ၍ ပစ္စည်းများပြန်ပို့ပေးရန် ပြောကြားခဲ့ကြောင်း၊ (၈.၇.၂၀၂၃)ရက်နေ့တွင် လက်အိတ်ပစ္စည်းများ ပြန်လည်ပေးပို့ရန်ပြင်ဆင်ချိန်၌ ၎င်း Online Shop မှ ဖုန်းဖြင့်ထပ်မံဆက်သွယ်လာပြီး အချိန်ကြန့်ကြာသွားပြီဖြစ်၍ ငွေပြန်လည်အမ်းပေးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည့်အတွက်  ၎င်း၏နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားလာခြင်းဖြစ်ပါသည်။  

     တိုင်ကြားမှုနှင့်ပတ်သက်၍ (၁၈.၇.၂၀၂၃)ရက်နေ့တွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များဖြစ်သော တိုင်ကြားသူဘက်မှ ပြေစာအထောက်အထား၊ ဝယ်ယူစဉ် အခါက လက်သည်းနှစ်ဖက်ပါလက်အိတ် ဝယ်ယူလိုကြောင်း အရောင်းဝန်ထမ်းနှင့် အပြန်အလှန် ပြောဆိုထားသည့်စာ/ အထောက်အထားများအား ဌာနသို့ ပေးပို့တင်ပြရန် အကြောင်းကြားခဲ့ပြီး၊ (၂၀.၇.၂၀၂၃)ရက်နေ့တွင် xxxxxx Online Page သို့ ဆက်သွယ်၍ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ရာ (၂၅.၇.၂၀၂၃)ရက်နေ့တွင် အဆိုပါ Online Page သို့ တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး  အကြောင်းကြားစာပေးပို့ခဲ့ပါသည်။ (၁၀.၈.၂၀၂၃) ရက်နေ့တွင်  အရောင်းဝန်ထမ်း၏  ဖုန်းသို့ဆက်သွယ်၍ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ထပ်မံအကြောင်းကြားခဲ့ပါသည်။ တိုင်ကြားခံရသူမှ  လက်အိတ်သည် လက်သည်းတစ်ဖက်သာပါရှိပြီး ပုံတွင်ပြထားသည့်အတိုင်းသာ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ မှာယူသူသည်ပုံကိုကြည့်ပြီး အော်ဒါတင်ခြင်းဖြစ်ကြောင်း၊ လက်အိတ်မှာ လက်သည်း အဖြုတ်အတပ်ပြုလုပ်လို့ရပြီး လိုသလို အသုံးပြုနိုင်ကြောင်း၊ မိမိတို့အနေဖြင့်လည်း လက်အိတ် ကုမ္ပဏီဖြစ်သည့် xxxxxx နှင့် လက်တွဲဖြုတ်သွားပြီဖြစ်ကြောင်း၊ ကုမ္ပဏီမှလည်း ပြန်လည်အလျော်မပေးနိုင်ကြောင်း ပြောကြားလာသည့်အတွက် မိမိတို့အနေဖြင့် ကိုယ်စားအနူးအညွတ်တောင်းပန်အပ်ပါကြောင်း ဌာန၏ Mail သို့ (၁၃.၈.၂၀၂၃)ရက်နေ့တွင် ပြန်ကြားလာခဲ့ပါသည်။

    တိုင်ကြားသူဘက်မှ ဝယ်ယူခဲ့သည့်ပြေစာ၊ အရောင်းဝန်ထမ်းနှင့် ဝယ်ယူစဉ်ကာလက လက်သည်းနှစ်ဖက်ပါ လက်အိတ်ဝယ်ယူလိုကြောင်း ပြောဆိုထားသည့် အထောက်အထားများ၊ အရောင်း ဝန်ထမ်းမှ လက်သည်းနှစ်ဖက်ပါလက်အိတ် ပေးပို့ပေးမည်ဖြစ်ကြောင်း Online မှ ပြောဆိုခဲ့သည့် အသံဖိုင် (သို့) အထောက်အထားများအား (၃၁.၈.၂၀၂၃)ရက်နေ့အရောက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ e-mail သို့ပေးပို့ပေးရန် (၂၄.၈.၂၀၂၃)ရက်နေ့တွင် ဌာနမှ တိုင်ကြားသူ ထံသို့ ထပ်မံအကြောင်းကြားစာပေးပို့ခဲ့ပါသည်။ တိုင်ကြားသူဘက်မှ တစ်စုံတစ်ရာအကြောင်းပြန် ကြားလာခြင်းမရှိပါသဖြင့် (၅.၉.၂၀၂၃)ရက်နေ့တွင် ဌာနမှ တိုင်ကြားသူအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ သက်သေအထောက်အထားများ ပေးပို့တင်ပြရန်မရှိပါကြောင်း ပြောကြားလာခြင်း အပေါ် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူဘက်မှ ကုန်စည်၊ ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင်ပြေစာ (သို့) အထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်မှသာ တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး လိုအပ်သောအထောက်အထားများ တင်ပြနိုင်ခြင်းမရှိ သဖြင့် တိုင်ကြားသူမှ ၎င်း၏တိုင်ကြားမှုအား ဌာနမှပိတ်သိမ်းခြင်းကို လက်ခံပါကြောင်း ပြောကြားခဲ့ပါသည်။

     သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် ကုန်စည်(သို) ဝန်ဆောင်မှုကို ဝယ်ယူရာတွင် ဝယ်ယူစဉ်ကပင် ပြေစာ၊ အထောက်အထားများ၊ တောင်းခံထားရန် လိုအပ်ပြီး နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာ၍ တိုင်တန်းရာတွင် အထောက်အထားပြည့်စုံစွာ တင်ပြနိုင်သည်ဖြစ်၍  နစ်နာဆုံးရှုံးမှုအတွက် ပြန်လည်ကုစားပေးနိုင်မည်ဖြစ်ကြောင်း အသိပေးရေးသား တင်ပြအပ်ပါသည်။

DOCA(မကွေး)