ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံ
အာဖဂန်နစ္စတန်သို့ သကြားတင်ပို့မှု ရပ်ဆိုင်းလျှက်ရှိသည့်သတင်း
အာဖဂန်နစ္စတန်နိုင်ငံ၌ အုပ်ချုပ်မှုကိစ္စအရပ်ရပ်အား ထိန်းချုပ်လိုက်ချိန် ဩဂုတ်လလယ် မှစ၍ နယ်စပ်ဂိတ်များပိတ်ထားသဖြင့် အိန္ဒိယနှင့်အာဖဂန်နစ္စတန်ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်း လျှက်ရှိကြောင်း၊ တာလီဘန်တို့သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်နိုင်ငံကြားရှိ ကုန်းလမ်း နယ်စပ်ဂိတ်(၂)ခုအားဖြတ်သန်း၍ ကုန်စည်များသယ်ယူပို့ဆောင်မှုကို ပိတ်ပင်ခဲ့ပြီး တာလီဘန် တို့က နိုင်ငံရေးအရ တရားဝင်မှုကို ရရှိနိုင်ရန်ကြိုးပမ်းလျှက်ရှိရာ ကုန်သွယ်မှုလမ်းကြောင်းများမှာ မကြာမီပြန်လည်ဖွင့်လှစ်လိမ့်မည်ဟု အိန္ဒိယကုန်သည်များက မျှော်လင့်စောင့်ဆိုင်းလျှက်ရှိကြကြောင်း၊ အိန္ဒိယ၏ အာဖဂန်နစ္စတန်သို့ ပို့ကုန်များမှာ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းဖြင့် ဉီးစွာပို့ဆောင်၍ ထိုမှတဆင့် ကုန်းလမ်းခရီးဖြင့် ပါကစ္စတန်နှင့်အာဖဂန်နစ္စတန် နှစ်နိုင်ငံနယ်စပ်အား ဖြတ်ကျော်၍ တင်ပို့ခြင်းဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်သို့ အိန္ဒိယ၏ အဓိက ပို့ကုန်များအနက် သကြားမှာ အဓိကဖြစ်သော်လည်း အခြားကောက်ပဲသီးနှံ၊ လက်ဖက်ခြောက် စသည်တို့ကိုလည်းတင်ပို့ကြပြီး သစ်သီးခြောက်နှင့် အစေ့အဆံများကို အဓိကတင်သွင်းလျှက်ရှိကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ သကြားတန်ချိန် (၆)သိန်းမှ (၇)သိန်းအထိ နှစ်စဉ် တင်သွင်းလျှက်ရှိပြီး အိန္ဒိယ၏ သကြားတင်ပို့ရောင်းချရမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိကြောင်း၊ လက်ရှိကာလတွင် အာဖဂန်နစ္စတန်နိုင်ငံရှိ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များသည် ၎င်းနိုင်ငံသို့ အိန္ဒိယ၏သကြားတင်ပို့မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ အမှာစာများ ဖျက်သိမ်းမှုကို ကြုံတေွ့လာရသည်ဟု အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များက သတင်းပို့တင်ပြကြသော်လည်း အာဖဂန်နစ္စတန် နိုင်ငံ၌ အစိုးရအသစ်ဖွဲ့စည်းလျှက် ပုံမှန်အခြေအနေသို့ရောက်ရှိပြီးပါက ရှေ့လာမည့်တင်ပို့ရာသီ ကာလ၌ သကြားတင်ပို့မှု ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားသောက်ကုန်နှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန်က ပြောကြားခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ဘရာဇီးလ်နိုင်ငံ၏နောက်တွင် ကမ္ဘာပေါ်၌ သကြားတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပြီး၂၀၂၀-၂၀၂၁ သကြားတင်ပို့ရာသီ၌ တန်ချိန်(၆)သန်းကျော်အား ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချထားပြီးဖြစ်ကြောင်း၊ လက်ရှိ ၂၀၂-၂-၂၀၂၁ ခုနှစ် ကြံသီးနှံ စိုက်ပျိုးရာသီတွင် သကြားတန်ချိန် (၃၁)သန်းခန့်ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု အိန္ဒိယ သကြားစက်လုပ်ငန်းရှင်များအသင်းက ခန့်မှန်း
ထားကြောင်းသိရှိရပါသည်။

MoU အရ မာလာဝီနိုင်ငံမှ ပဲတင်သွင်းမှုအတွက် လုပ်နည်းစနစ်များ ထုတ်ပြန်ခြင်း
အိန္ဒိယအစိုးရသည် အာဖရိကဒေသရှိ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သည့် မာလာဝီနိုင်ငံထံမှ နှစ်စဉ် ပဲစင်းငုံ တန်ချိန်(၅၀၀၀၀)အား ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လထိ) အထိ ဝယ်ယူတင်သွင်းရန်အတွက် (၅)နှစ် သက်တမ်းရှိသော အစိုးရချင်း နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် အဆိုပါ MoU အရ ပဲများတင်သွင်းရာ၌ အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အများပြည်သူဆိုင်ရာ အသိပေးချက်ဖြင့် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရပါသည်-
(က) ပဲများအား Mumbai,Tuticorin,Chennai,Kolkata,Hazira ဆိပ်ကမ်း (၅)ခု မှသာ တင်သွင်းရန်၊
(ခ ) တင်သွင်းလာမည့်ပဲများအတွက် မာလာဝီနိုင်ငံ၊ အကောက်ခွန်နှင့် အထူး ကုန်စည်ခွန်အာဏာပိုင်အဖွဲ့မှ တံဆိပ်အမှတ်အသားခတ်နှိပ်လျှက် ထုတ်ပေးသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အား အထက်အပိုဒ်ခွဲ(က)ပါ ဆိပ်ကမ်းများရှိ သက်ဆိုင်ရာအကောက်ခွန်ဌာနနှင့် အိန္ဒိယနိုင်ငံ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC)တို့ထံ မိတ္တူပေးပို့ရန်၊
(ဂ ) ကုန်တင်ပို့သူ၊ ကုန်တင်သွင်းသူနှင့် တင်ပို့သည့် ကုန်စည်ပမာဏ စသည့်အချက် အလက်များပါဝင်သော ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်အား သက်ဆိုင်ရာ မာလာဝီအာဏာပိုင်အဖွဲ့အစည်းက ဓါတ်ပုံမိတ္တူပြုလုပ်၍ policy2-dgft@gov.Inသို့ Email ပေးပို့ရန်၊
(ဃ) အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်အနေဖြင့် သွင်းကုန်/ပို့ကုန်နံပါတ်(IEC) အသေးစိတ်အချက်အလက်များနှင့်အတူ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ဓါတ်ပုံမိတ္တူအား အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်‌ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဉီးစီးဌာန (DGFT)မှတစ်ဆင့် ပေးပို့လျှက် ဆိပ်ကမ်းရှင်းလင်းမှု‌ ဆောင်ရွက်နိုင်ရေး ကန့်ကွက်ရန်မရှိကြောင်း လက်မှတ် (NOC)ကို လျှောက်ထားရန်နှင့် DGFT က တိုက်ဆိုင်စစ်ဆေးပြီးနောက် ခွင့်ပြုချက်ရရှိမှသာ သက်ဆိုင်ရာဆိပ်ကမ်းရှိ အကောက်ခွန်ဌာနက ဆိပ်ကမ်း ရှင်းလင်းမှု လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်ရန်၊
(ရင်းမြစ်- နယူးဒေလီမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ
အဝေးပြေးလမ်းကုန်တင်ယာဉ်ဝန်ဆောင်မှု လမ်းကြောင်းအသစ်ဖြင့် ချိတ်ဆက်ပေးသည့်သတင်း
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို နိုင်ငံဖြတ်ကျော် အဝေးပြေး ကုန်တင်ယာဉ်လိုင်းအသစ်ဖြင့် စတင် ချိတ်ဆက်ပေးနေပြီဖြစ်ကြောင်း၊ အဆိုပါလမ်း ကြောင်းမှာ ကီလိုမီတာ(၁၄၀၀)ခန့် ရှည်လျားပြီး အချိန်(၂)ရက်ခန့်ကြာမြင့်ကြောင်း၊ ချုံချင်းမြို့မှ ဗီယက်နမ်သို့တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လောင်ဘန်းနယ်စပ် စခန်းမှတစ်ဆင့် ဖြတ်သန်းချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ၎င်းလမ်းကြောင်းအသစ်က တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကုန်စည်များကို စိတ်ချလုံခြုံစွာနှင့် အချိန်မီပို့ဆောင်နိုင်ရေး အထောက်အကူ ပြုသွားနိုင်မည်ဖြစ်ကြောင်း၊ ချုံချင်းမြို့သည် ၂၀၂၁၆ ခုနှစ်ကစတင်၍ နိုင်ငံဖြတ်ကျော် အဝေးပြေး ကုန်တင်ယာဉ်ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်းနှင့် ဉဇဘက်ကစ္စတန်အပါအဝင် နိုင်ငံများနှင့် ကုန်တင်ယာဉ်ပေါင်း (၇၄၀၀)ဖြင့် ကုန်စည်များကို သယ်ယူပို့‌ဆောင်နေပြီဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နန်နင်းမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ပြည်ပကုန်သွယ်မှု တိုးတက်စေရေး လိုအပ်သည့်မူဝါဒများဖြင့် ထိန်းကျောင်းသွားမည့်သတင်း
တရုတ်နိုင်ငံသည်လာမည့်နှစ်အတွင်း ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှု ဆိုးဝါးစွာကျဆင်း နိုင်ဖွယ်ရှိရာ ယခုနှစ်၏ ကျန်ရှိသည့်ကာလအတွင်း၌ ပြည်ပကုန်သွယ်မှုတည်ငြိမ်စေရန် နိုင်ငံ၏ စီးပွားရေးမူဝါဒများအား လိုအပ်သလို ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊‌တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ပထမ(၇)လတာကာလအတွင်း အိမ်နီးချင်းနိုင်ငံအများစုတွင် ကိုဗစ် ၁၉ ကမ္ဘာ့ကပ် ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၎င်းကပ်ရောဂါနှင့်ဆက်စပ်သည့် ကုန်ပစ္စည်းမှာယူမှုများ မြင့်တက် လာမှုကြောင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအကြောင်းအရာများ ပျောက်ကွယ် သွားသည်နှင့်အမျှ ၂၀၂၁ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုသည် ကျဆင်း လာမည်ဖြစ်ပြီး နောင်လာမည့် ၂၀၂၂ ခုနှစ်တွင် အခြေအနေ ပိုမိုဆိုးဝါးလာနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဈေးကွက်အတွင်းရှိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အဟန့် အတားဖြစ်စေမည့် စီးပွားရေးအတက်အကျ ဆိုးဝါးစွာဖြစ်ပေါ်မှုများအား ကာကွယ်တားဆီးရန် နိုင်ငံ၏ စီးပွားရေးဆိုင်ရာမူဝါဒ ပြုပြင်ပြောင်းလဲမှုများအား ပိုမိုခိုင်မာ အားကောင်းအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ် ၊ ဒုတိယနှစ်ဝက်ကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှု ပြုလုပ်လျှက်ရှိသည့်လုပ်ငန်းများ လုံခြုံစိတ်ချရမှုရှိစေရန်၊ အမှာစာရရှိမှုများတည်ငြိမ်စေရန်၊
‌တီထွင်ဆန်းသစ်မှုများပိုမိုတိုးတက်လာစေရန်၊ စက်မှုလုပ်ငန်းများနှင့်ရောင်းလိုအားချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် ပိုမိုတိုးတက်လာစေရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုခိုင်မာ အားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ပေကျင်းမြို့၊ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
ထိုင်းနိုင်ငံ
SMEs များ အနေဖြင့် e-commerce ကို လက်ခံယုံကြည်ရန်တိုက်တွန်းခြင်း
ထိုင်းနိုင်ငံ၏ ပို့ကုန် သွင်းကုန်ဘဏ်(Export Import Bank of Thailand) Exim Bank အနေဖြင့် SMEs များ၏ သုံးပုံတစ်ပုံခန့်မှာ ကာလကြာရှည်ဖြစ်ပွားနေသော ကပ်ရောဂါ၏ သက် ရောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေရာ ဘဏ်ဥက္ကဋ္ဌက SMEs များစွာတို့အနေဖြင့် ဇွန်ဘီ (Zombies) များကဲ့သို့ဖြစ်နေပြီး အချို့သော SMEs များအနေဖြင့် အ‌ရောင်းဝင်ငွေ မရှိတော့ သော်လည်း အစိုးရ၏အကူအညီအထောက်အပံ့ အစီအမံများအပေါ်မူတည်၍ ရှင်သန်နေဆဲဖြစ် သည်ဟု Exim Bank နှင့် ထိုင်းနိုင်ငံမှ SMEs ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တို့ ပူးတွဲကျင်းပခဲ့သည့် Digital Turns Global Around အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် မှတ်ချက်ပြုပေးခဲ့ကြောင်း၊ ကပ်ရောဂါ သည် ရောဂါကူးစက်မှုကို ထိန်းချုပ်ပြီးနောက် မည်သည့်အခါမှ တူညီမည်မဟုတ်သော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို အနှောက်အယှက်ဖြစ်စေခဲ့ရာ e-commerce သည် ရှင်သန်ရန် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုများ အနေဖြင့် ယမန်နှစ်က (၁၀%) နှင့်(၁၅%) တို့ဖြင့် အသီးသီး ကျဆင်းခဲ့သည်နှင့်တစ်ပြိုင်နက် e-commerce အနေဖြင့် (၂၀%) တိုးတက်ခဲ့ရာ အမေရိကန်ဒေါ်လာ(၄.၂) ထရီလီယံ ရှိခဲ့ကြောင်း၊ လူ အများအနေဖြင့် Online Channel မှ ကုန်ပစ္စည်းဝယ်ယူမှုမှာ တိုးတက်လျှက်ရှိပြီး လွန်ခဲ့သော (၁၀) နှစ်ခန့်က အွန်လိုင်းမှပစ္စည်းဝယ်ယူမှုမှာ အရာင်းအဝယ်တစ်ခုလျှင် ဒေါ်လာ(၅၀)ထက် မပိုကြောင်း၊ SMEs များအနေဖြင့် e-commerce ကိုလက်ခံရန်နှင့် ပြည်ပဈေးကွက်သို့ ရဲရဲဝံ့ဝံ့ ချင်းနင်း ဝင် ရောက်ရန် တိုက်တွန်းခဲ့ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင် ထားသော SMEs (၃)သန်းကျော်တို့အနက် (၁%)သာ ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း၊ SMEs များ အနေဖြင့် ၎င်းတို့၏အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စီမံကိန်း(Risk Management Plans) များကိုလည်း အမြဲမပြတ် အဆင့်မြှင့်တင်သွားရန် တိုက်တွန်းခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် နှစ်ရှည်စီမံချက်(Long Time Plans) များကို မရေးဆွဲသင့်ခြင်းမှာ လျင်မြန်ပြင်းထန်စွာ ပြောင်းလဲသည့် အခြေအနေများ ကြောင့်ဖြစ်ကြောင်း၊ SMEs များအနေဖြင့် ၎င်းတို့ဖောက်သည်များ၏ ဘဏ္ဍာရေး အခြေအနေကို အမြဲမပြတ် ပုံမှန်စောင့်ကြည့်လေ့လာသင့်ပြီး ၎င်းတို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ တိုးတက်စေ ရေးအတွက် အဆင့်မြင့်နည်းပညာများကို လက်ခံကျင့်သုံးသင့်သည့်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ဘန်ကောက်မြို့၊ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
စင်ကာပူနိုင်ငံ
ထိပ်တန်းကြက်ဥ ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားမည်
ဂျပန်နိုင်ငံ ထိပ်တန်းကြက်ဥ ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် ISE Foods Holdings ကုမ္ပဏီသည် စင်ကာပူနိုင်ငံတွင် ကြက်ဥမွေးမြူထုတ်လုပ်ရန်အတွက် စင်ကာပူဒေါ်လာ သန်း(၁၀၀) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ရာ ယင်းစီမံကိန်းနှင့်ပတ်သက်၍ စင်ကာပူ စားသောက်ကုန်အေဂျင်စီနှင့် ISE Foods Holdings ကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ၁၀-၉-၂၀၂၁ ရက်‌နေ့တွင် Virtual နည်းလမ်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ISE Foods Holdings သည် စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးလုပ်ငန်းတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း၊ ISE Foods Holdings အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်တွင် စတင် နိုင်ရန် မျှော်မှန်းထားပြီး ၂၀၂၄ ခုနှစ်မှစ၍ ကြက်ဥ မွေးမြူထုတ်လုပ်ခြင်းကို အဆင့်လိုက် စတင် ပြုလုပ်မည်ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး အလုံးစုံပြီးစီးပါက တစ်နှစ်လျှင် ကြက်ဥ အလုံးရေ(၃၆၀)သန်းနှင့် ကြက်ပေါက် (Day-old chicken)အကောင်ရေ (၅)သန်းမွေးမြူ ထုတ်လုပ် သွားနိုင်မည်ဖြစ်ကြောင်း၊စင်ကာပူတွင် ကြက်ဥမွေးမြူထုတ်လုပ်ရေးလုပ်ငန်း(၃)ခုရှိပြီး ပြည်တွင်း လိုအပ်ချက်၏ ၃၀%ခန့်ထုတ်လုပ်ပေးလျှက်ရှိကြောင်း၊ ISE Foods Holdings ကုမ္ပဏီမှ စတုတ္ထ မြောက် ကြက်ဥ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းအဖြစ် စတင်ဆောင်ရွက်လာနိုင်ချိန်တွင် စင်ကာပူ၏ ကြက်ဥလိုအပ်ချက် ထက်ဝက်ခန့်ကို ပြည်တွင်း၌ ထုတ်လုပ်၍ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူအနေဖြင့်လက်ရှိကာလတွင်ကြက်ဥလိုအပ်ချက်၏၇၀%ကိုနိုင်ငံပေါင်း(၁၂)နိုင်ငံမှတင်သွင်း လျှက်ရှိသည်ဟု စင်ကာပူစားသောက်ကုန်အေဂျင်စီ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ ကြောင်း၊ ISE Foods Holdings ၏ ရင်းနှီးမြှုပ်နှံမှုသည်စင်ကာပူ၏စားနပ်ရိက္ခာဖူလုံရေးအတွက် “၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်းစားနပ်ရိက္ခာလိုအပ်ချက်၏၃၀% ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး” ရည်မှန်းချက်အ‌ပေါ် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စင်ကာပူသည် စားနပ်ရိက္ခာ လိုအပ်ချက် ၏၇၀%ကို နိုင်ငံပေါင်း(၁၇၀)ကျော်မှ ဝယ်ယူတင်သွင်းနေရပြီး ကိုဗစ်၁၉ ရောဂါအတွင်း အချို့ သောနိုင်ငံများသည်ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက်ပြည်ပတင်ပို့မှုများ‌အပေါ်ကန့်သတ်ချက် များလုပ်ဆောင်လာကြသဖြင့် ကမ္ဘာ့စား‌သောက်ကုန်ဈေးကွက်အပေါ် ကြီးမားသောသက်ရောက်မှု များဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-စင်ကာပူနိုင်ငံ၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဂျပန်နိုင်ငံ
ဝန်ထမ်းမပါသည့်အရောင်းကောင်တာဖွင့်လှစ်ဆောင်ရွက်ရန်ပြင်ဆင်နေခြင်း
ဂျပန်နိုင်ငံမှ Family Mart Co.,Ltd သည် ဝန်ထမ်းမပါသည့် အ‌ရောင်းကောင်တာများ (unstaffed checkout counters)ကို အသုံးပြု၍ Family Mart စတိုးဆိုင်(၁၀၀၀)ခန့်ကို ၂၀၂၅ ခုနှစ်ဝန်းကျင်၌ တည်ထောင်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း၊ ဝန်ထမ်းမပါသည့် အရောင်း ကောင်တာများသည် ဆိုင်ခန်းနေရာ ကျယ်ဝန်းစွာမလိုအပ်ဘဲ ကုန်ကျစရိတ်နည်းနည်းဖြင့် တည် ထောင်ဆောင်ရွက်နိုင်သည့်အတွက် Itochu Corporation သည်လည်း လူနေသိပ်သည်းမှု နည်းပါး သည့်ဒေသများနှင့်ရထားဘူတာရုံများတွင် ၎င်း၏စတိုးဆိုင်ခွဲများကိုဖွင့်လှစ်ဆောင်ရွက်ရန်ပြင်ဆင် နေကြောင်း၊ Family Mart Co.,Ltd သည် ပြည်တွင်းနေရာအနှံ့၌ ၎င်း၏ဆိုင်ခွဲများကို လည်ပတ် ဆောင်ရွက်လျှက်ရှိသော်လည်း စီးပွားရေးပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ ထိုကဲ့သို့ ဝန်ထမ်းမပါသည့် အရောင်းကောင်တာများကို ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ဈေးဝယ်သူမှ ရွေးချယ် ဝယ်ယူသည့်ပစ္စည်းများကို မှတ်တမ်းယူထားမည့် CCTV Camera များကို စတိုးဆိုင်ရှိ ပစ္စည်းများ တင်သွင်းသည့်စင်များ၌ တပ်ဆင်ထားမည်ဖြစ်ကြောင်း၊ Family Mart Co.,Ltd သည် အဆိုပါ ဝန်ထမ်းမပါသည့် အရောင်း‌ကောင်တာများဖြင့် ၎င်း၏ Family Mart ဆိုင်ခွဲများကို မြို့တော်တိုကျို ၌ ဉီးစွာစမ်းသပ်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းမပါသည့် အရောင်းကောင်တာများကို တည် ထောင်ရာတွင် CCTV Camera များနှင့် sensor များတပ်ဆင်မှုအတွက် ကုန်ကျစရိတ် မြင့်မားမည် ဖြစ်သော်လည်း ဆိုင်ဖွင့်လှစ်ပြီးပါက အရောင်းဝန်ထမ်း အသုံးပြုဆောင်ရွက်နေသည့် သမားရိုးကျ စတိုးဆိုင်များ၏ ပုံမှန်ကုန်ကျစရိတ်နှင့်နှိုင်းယှဉ်ပါက ဝန်ထမ်းငှားရမ်းခများမှာမူ သက်သာသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-တိုကျိုမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)