ကမ္ဘာမိုး အမှတ်တံဆိပ် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး) သည် (၁၈.၅.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ကျစ်ဆုံပွေးကျေးရွာ၊ မကွေး-နေပြည်တော်ကားလမ်းဘေးမှ ထုတ်လုပ်သော ကမ္ဘာမိုး အမှတ်တံဆိပ် ဆိတ်သား မီးကင်နှင့် အာဗြဲခြောက်(အချိုခြောက်)အသင့်စား အစားအစာထုတ်လုပ်သူ ဦးအောင်ကျော်မိုးအား မကွေးခရိုင် ဦးစီးမှူးရုံး၌ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရမည့် အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ကမ္ဘာမိုး အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ဆိတ်သားမီးကင်အတွက် ဒေသတွင်းမွေးမြူထား သော ဆိတ်များအား ကုန်ကြမ်းအဖြစ်သုံးစွဲပြီး အာဗြဲခြောက်(အချိုခြောက်) အတွက် အာဗြဲခြောက် ကုန်ကြမ်းများအား ရခိုင်ပြည်နယ်မှ မှာယူလုပ်ကိုင်ကြောင်းနှင့် လုပ်ငန်းမှာ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်ကြောင်း လက်ရှိတွင် ထုတ်လုပ်သော ဆိတ်သားမီးကင်နှင့် အာဗြဲခြောက်များအား မကွေးမြို့ ပေါ်ရှိ ကောင်းမွန်အရောင်းစင်တာ၊ Magway Shopping Mall နှင့် မကွေးမြို့ပေါ်ရှိ စတိုးဆိုင်များ၌သာ ဆိုင်တင်ရောင်းချနေကြောင်း လေ့လာသိရှိရပါသည်။

   ခရိုင်ဦးစီးမှူးမှ စားသုံးသူပြည်သူများ လုံခြုံစိတ်ချစွာဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အရန်သင့် အစားအစာအမျိုးမျိုး၌ မြန်မာစာဖြင့် ထည့်သွင်းဖော်ပြပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သူ၏ လိပ်စာများ ထည့်သွင်းဖော်ပြ‌ပေးရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)