ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ပဲနီပြားသီးနှံမှာ ဈေးကောင်းရလျက် ဆက်လက်ရောင်းဝယ်မှုဖြစ်နေ

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလဆန်းရက်တွင် ပြည်ပဲဈေးကွက်၌ ဒေသတွင်းဝယ်လက်သမားများဖြင့် လက်လီသာရောင်းဝယ်နေသော ပဲသီးနှံမှာ ပဲနီပြားသီးနှံဖြစ်ခဲ့ပြီး တစ်ရက်လျှင် ပိဿာ (၂၀) ဝင် အိတ် (၂၀/၃၀) ကျော်ရောင်းဝယ်မှုဖြစ်ခဲ့သည်ဟုသိရပါသည်။ ပဲဈေးမှာ ဈေးအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်နေသည့် အတွက် ပိဿာ၂၀ဝင် တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ ယခုနှစ်အတွင်း ထောပတ်ပဲ၊ ပဲနီပြားသီးနှံများမှာ ပြည်ပဝယ်လိုအားများသော ပဲများထက်ပင် ဈေးကောင်းရနေခဲ့သော်လည်း အဆိုပါပဲများကဲ့သို့ ပဲအဝင်၊ အထွက်များပြီး ပြည်ခရိုင်အတွင်း စိုက်ပျိုးထွက်ရှိမှုလည်းနည်းခဲ့ကြသည်ဟုသိရပါသည်။ ပဲနီပြားသီးနှံမှာ ယခင်နှစ်တွင် ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ၅၃၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ယခင်နှစ်ဈေးထက် ထက်ဝက်နီးပါး ဈေးထပ်မံမြင့်တက်ခဲ့သောကြောင့် ပဲဈေးကွက်အတွင်း ဈေးကောင်းဝင်သီးနှံအမျိုးအစားတစ်ခုဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ နိုဝင်ဘာလ(ဒုတိယပတ်)တွင်ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့အနီးရှိ ကျေးရွာများမှ ထွက်ရှိသောဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ ကုန်စည်များကိုမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၇၄၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မျှင်ငပိ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီးခြောက်(ရှည်)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီး(အကြမ်းမှုန့်)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီး(အရောင်တင်မှုန့်) (၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊  ချင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀ - ၉၀၀၀၀)၊ အိမ်သုံးဆား (၁)ပိဿာလျှင် ကျပ်(၁၁၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၄၄၀၀)၊ ထန်းလျက် (၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး) (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ နံနံပင်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၄၀၀)၊ ပိန်းဥ (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန်လာဥနီ (၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ မုန်ညှင်း (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ရုံးပတီသီး (၁၀)တောင့်လျှင် ကျပ်(၃၀၀)၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် ကျပ်(၁၅၀၀-၁၈၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၈၀၀)၊ ချဉ်‌ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၃၀၀)၊ ပြောင်းဖူး(ရိုးရိုး) (၁)ဖူးလျှင် ကျပ်(၃၀၀)၊ ကန်စွန်းဥ (၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ မြေပဲ (၁) ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲ (၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ မောင်မခေါ်ပဲ (၁)ပြည်လျှင် ကျပ်(၁၃၀၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁) ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်ဥ (၁၀)လုံးလျှင် ကျပ်(၂၃၀၀-၂၅၀၀)၊ ဘဲဥ (၁၀)လုံးလျှင် ကျပ်(၄၀၀၀)၊ ငုံးဥ (၁၀)လုံးလျှင် ကျပ်(၆၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပြည်ပဲဈေးကွက်၌ ကုလားပဲသီးနှံများကို ဒေသတွင်းပဲခွဲစက်သမားများအပြင် ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိနေ

    ပြည်ပဲဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်နေသည့် ပဲသီးနှံမှာ ကုလားပဲသီးနှံဖြစ်ပြီး ဒေသတွင်းခွဲစက်သမားများအပြင် ရန်ကုန်ဝယ်လက်သမားများလည်းဝယ်ယူခဲ့ကြသည်ဟုသိရပါသည်။ ထို့ကြောင့် တစ်ရက်လျှင် အိတ်၃၀၀ကျော်ရောင်းဝယ်နေခဲ့ကြပြီး ပဲဈေးမှာ ပိဿာ၂၀ဝင် တစ်တင်းလျှင် ၉၃၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြသည့်အတွက် ပဲစင်းငုံသီးနှံနှင့် ဈေးပြိုင်ရနေခဲ့သော်လည်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် မတ်ပဲဈေးမြင့်တက်ခဲ့သောကြောင့် မတ်ပဲသီးနှံထက် ဈေးအနည်းငယ်လျော့နည်းနေခဲ့ကြောင်းသိရပါသည်။ ကုလားပဲသီးနှံအဝင်မရှိသော်လည်း လှောင်ပဲလက်ကျန်ရှိခဲ့ကြသည့်အတွက် ဝယ်လိုအားရှိသလောက် နေ့စဉ် ရောင်းချနိုင်ခဲ့ကြပါသည်။ ယခင်နှစ် သီတင်းကျွတ်ကာလတွင် ပဲဈေးကွက်မှာ ကုလားပဲသီးနှံတစ်တင်းလျှင် ၆၄၅၀၀ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခုနှစ်တွင်မူ ယခင်နှစ်ထက် တစ်တင်းလျှင် ကျပ်(၃)ခန့်မြင့်တက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်သစ်သီးဝလံဈေးကွက်၌ သီတင်းကျွတ်ကာလတွင် အသီးမျိုးစုံအရောင်းအဝယ်သွက်

      ပြည်မြို့၏ သစ်သီးဝလံဈေးကွက်၌ သစ်သီးမျိုးစုံရောင်းဝယ်နေကြသည်ကိုတွေ့ရပြီး သီတင်းကျွတ်ကာလတွင် သစ်သီးဝလံမျိုးစုံမှာ အခြားကာလများထက် အရောင်းအဝယ်သွက်ခဲ့သည်ဟုသိရပါသည်။ ယခုကာလတွင်လည်း ဆက်လက်၍ အရောင်းအဝယ်သွက်နေခဲ့သည်။ ပျားလိမ္မော်၊ ဆန်းကစ်သီး၊ ကျွဲကောသီး၊ နဂါးမောက်သီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ချယ်ရီသီး၊ တောင်သလဲသီး စသည်ဖြင့် အသီးမျိုးစုံရောင်းဝယ်ခဲ့ကြရာ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသောအသီးများအပြင် ရန်ကုန်ဘက်မှဝင်ရောက်လာသော အသီးများလည်းရှိသည်ဟုသိရပါသည်။ ပျားလိမ္မော်၊ ဆန်းကစ်နှင့် တောင်သလဲသီးအလုံးကြီးများမှာ တရုတ်ပြည်ဘက်မှဝင်ရောက်လာပြီး မန္တလေး၊ ရန်ကုန်မှတစ်ဆင့် ပြည်ဈေးကွက်သို့ ဆက်လက်ဝင်ရောက်ကာ နေ့စဉ် ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ပျားလိမ္မော်သီးလေးများမှာ တစ်ပိဿာလျှင် ၁သောင်းကျပ်မှ ၁၂၀၀၀ကျပ်/ ၁၃၀၀၀ကျပ်အထိလည်းကောင်း၊ ဆန်းကစ်သီးများမှာ အလုံးအရွယ်အစား ကြီး/သေးပေါ်မူတည်၍ တစ်လုံးလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်/ ၂၀၀၀ကျပ်အထိလည်းကောင်း၊ တောင်သလဲသီးများမှာလည်း အလုံးအရွယ်အစားလိုက်၍ တစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်/ ၆၀၀၀ကျပ်အထိလည်းကောင်း၊ ချယ်ရီသီးဈေးမှာလည်း တစ်ပိဿာလျှင် ၁သောင်းကျပ်မှ ၁၂၀၀၀ကျပ်အထိလည်းကောင်း၊ ပန်းသစ်တော်အမျိုးအစားမှာလည်း အလုံးအရွယ်အစားအလိုက် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်/၄၀၀၀ကျပ်အထိလည်းကောင်း ရောင်းချကြပြီး ယခုကာလတွင် အရောင်းသွက်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း မိုးစပါးများရိတ်သိမ်းလျက်ရှိ

     ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၇၄၆၄၂)ဧကစိုက်ပျိုးထားကြောင်းသိရပြီး အများဆုံးစိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုး၊ မှော်ဘီ-၂၊ ထိုင်းနှံကောက်၊ GW-11၊ အင်းမရဲဘော်၊ ဆင်းသွယ်လတ်၊ ဧည့်မထ၊ ဗီယက်နမ်၊ ကျော်ဇေယျ၊ ဆင်းသုခ၊ ရက်-၉၀၊ ရေနဲလို၊ ဧရာမင်းနှင့် ရွှေနံသာပေါ်ဆန်းစပါးမျိုးများဖြစ်ပါသည်။

      ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ထိ ရတနာတိုး (၁၉၇၈၇)ဧကစိုက်ပျိုးထားရှိပြီး (၅၆၇)ဧကရိတ်ကာ တစ်ဧကလျှင် (၉၃.၂၀)တင်းထွက်ရှိပါသည်။ ထိုင်းနှံကောက်စပါးကို (၆၇၂၇) ဧကစိုက်ပျိုးထားပြီး (၁၆၆၁)ဧကရိတ်သိမ်းကာ တစ်ဧကအထွက်နှုန်းမှာ (၉၄.၇၀)တင်း၊ GW-11မျိုးကို (၂၇၀၉)ဧကစိုက်ပျိုးပြီး (၁၆၁)ဧကသာရိတ်သိမ်းထားသော်လည်း တစ်ဧကအထွက်နှုန်းကောင်းမွန်ပြီး တစ်ဧကလျှင် (၉၇.၁၀)တင်းထွက်ရှိကြောင်းသိရပါသည်။ ပြည်မြို့နယ်အတွင်း မှော်ဘီ-၂ စပါးမျိုးအစိုက်များပြီး (၂၃၆၆၁)ဧကရှိကြောင်း၊ လက်ရှိ (၄၆၁၈)ဧကရိတ်သိမ်းထားပြီးဖြစ်ရာ အထွက်နှုန်းအနည်းငယ်ကျဆင်းကာ တစ်ဧကလျှင် ပျမ်းမျှ (၈၄.၀၆)တင်းသာထွက်ရှိကြောင်းသိရှိရပါသည်။ ဗီယက်နန်စပါးမျိုးကို (၂၇၂၄)ဧကစိုက်ပျိုးထားပြီး (၂၂၅)ဧကရိတ်သိမ်းထားရာ တစ်ဧက (၉၅.၈၀)တင်းထွက်ရှိပြီး ပြည်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက (၇၄၆၄၂) ဧကအနက် (၁၂၃၃၆)ဧကရိတ်သိမ်းထားရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၉၀.၀၈)တင်း၊ စုစုပေါင်းအထွက်တင်းမှာ (၁၁၁၁၂၃၈)တင်းထွက်ရှိကြောင်းသိရပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ထိ စပါးပေါက်ဈေးနှုန်းမှာ ပေါင်(၅၀)တစ်တင်းလျှင် ၁၅၅၀၀ကျပ်၊ တင်း(၁၀၀)လျှင် (၁၅၀၀၀၀၀-၁၅၅၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ချင်းပွဲရုံသို့ ချင်းနုသစ်များဝင်ရောက်လာ၍ အရောင်းအဝယ်ပုံမှန်ဖြစ်နေ

     ပြည်ချင်းပွဲရုံများသို့ ဝင်ရောက်လာသော ချင်းတက်အသစ်များမှာ အစိုဓာတ်များသည့် သက်နုချင်းတက်များဖြစ်ကာ ဈေးမှာ ပုံမှန်ဖြစ်နေပါသည်။ ချင်းတက်အသစ်ဈေးနှုန်းနှင့် အဟောင်းဈေးနှုန်းတို့မှာ ထက်ဝက်နီးပါး ဈေးကွာခြားနေပါသည်။ ချင်းတက်အသစ်များကိုမူ ဓားလှီးသမားတို့ အစွဲများသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ချင်းဈေးနှုန်းများမှာ ပွဲရုံဈေး ချင်းတက်(အသစ်) တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ လက်ကျန်ချင်းတက်(အဟောင်း)တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချကြောင်းသိရပါသည်။ ဒေသတွင်းဈေးများတွင် ရောင်းချသောချင်းဈေးနှုန်းများမှာ လက်လီဈေး (အသစ်)တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ချင်းဟောင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဓားလှီးချင်းဖက်တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်းဖြန့်ချိတော့မည့် ပိုပိုစွမ်း စိုက်ပျိုးရေးဆေးနှင့်သဘာဝမြေဩဇာ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် ကျေးလက်နေလူတန်းစားများပြားပြီး စပါး၊ ပဲ၊ နေကြာ၊ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သူများစွာရှိသော ခရိုင်တစ်ခုဖြစ်ပါသည်။

 စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသော တောင်သူများသည် စိုက်ပျိုးရေးအသိပညာ၊ နည်းပညာများစုံလင်စွာသိရှိပြီး စိုက်ပျိုးထုတ်လုပ်နိုင်ပါက အရည်အသွေးမြင့်စိုက်ပျိုးသီးနှံများကိုရရှိနိုင်မည်ဖြစ်ပါသည်။

  ပိုပိုစွမ်း သဘာဝမြေဩဇာကုမ္ပဏီသည် မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ လှိုင်းတာလမ်းခွဲ (၆မိုင်၊ ၃ဖာလုံ) တွင်တည်ရှိပြီး မြေ(၁)ဧကအကျယ်အဝန်းရှိ ဧရိယာအတွင်း လုပ်သားအင်အား (၁၅) ဦးဖြင့် ၂၀၂၀ခုနှစ်တွင် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် ဈေးကွက်အတွင်း ဖြန့်ချိနိုင်ရန် စတင်ဆောင်ရွက်ခဲ့ပါသည်။

     ပိုပိုစွမ်းကုမ္ပဏီအနေဖြင့် ထပ်မံကြိုးစားထုတ်လုပ်မည့် ထုတ်ကုန်များမှာ (၁) မြေဆီလွှာအားတိုးဆေး၊ (၂) အကျိုးပြုပိုးရည်ပြင်း၊ (၃) ပင်မအကျိုးပြုပိုးရည်၊ (၄) ငါးအမိုင်နိုအက်ဆစ်၊ (၅) ရှယ်ပွင့်ဆေးရည်၊ (၆) သီးပွားဆေးရည်၊ (၇) EM-5 (၈) ပွင့်သီးဆေးရည်တို့ဖြစ်ကြောင်း ပိုပိုစွမ်းကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးစိုးသူက ရှင်းလင်းပြောပြခဲ့ပါသည်။

    ပိုပိုစွမ်းကုမ္ပဏီသည် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာများကို စိုက်ပျိုးရေးတောင်သူဦးကြီးများနှင့်နှီးနှောဖလှယ်သည့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပဆောင်ရွက်ပြီး ပိုပိုစွမ်းကုန်အမှတ်တံဆိပ်ကို ကြော်ငြာလျက်ရှိပါသည်။

    ပိုပိုစွမ်းကုမ္ပဏီလုပ်ငန်းလိုအပ်ချက်အနေဖြင့် ကိုယ်ပိုင်ဓာတ်ခွဲခန်းဖြင့် အဖြေထုတ်နိုင်ရန်နှင့် လိုအပ်မှုအပေါ် တိုးချဲ့ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများဖြင့်ကူညီထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးပညာရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း၍လည်းကောင်း အောင်မြင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။

     မြေဆီလွှာ၊ အမြစ်၊ အပင်၊ အရွက်၊ အပွင့်၊ အသီး စသည့်အပင်အစိတ်အပိုင်းတစ်ခုချင်းစီအတွက် အကျိုးဖြစ်ထွန်းမည့် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရန် သီးနှံတစ်မျိုးချင်းစီကို မည်သို့စိုက်ပျိုးအသုံးပြုလျှင် အထွက်နှုန်းမည်မျှတိုးကြောင်း နည်းပညာများလိုက်လံစုဆောင်းရန်၊ မြေဆီလွှာထဲတွင် ရေရှည်ထိန်းသိမ်းနိုင်မှုမြင့်မားသော စိုက်ပျိုးရေးနည်းစနစ်များကိုရှာဖွေပြီး မြေဩဇာကဏ္ဍမှကူညီနိုင်ရေး အားထည့်ဆောင်ရွက်ရန်နှင့်    စိုက်ပျိုးမှု ကုန်ကျစရိတ်လျှော့ချပြီး ပိုမိုကောင်းမွန်သော သီးနှံအထွက်နှုန်းများရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော မြေဩဇာများထုတ်လုပ်နိုင်ရေးတို့ကိုဆောင်ရွက်မည့် ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သောတောင်သူများ၊ စိုက်ပျိုးရေးကို အခြေခံသောကုမ္ပဏီများနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများအသုံးပြုနိုင်မည့် ပိုပိုစွမ်းစိုက်ပျိုးရေးဆေးနှင့် သဘာဝမြေဩဇာများကို ဈေးကွက်အတွင်း စတင်ဖြန့်ချိပြီး အသုံးပြုလာတော့မည်ကို ကျေနပ်အားရဖွယ် တွေ့မြင်ရတော့မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

ပြည်ဒေသထွက် ကျွဲကောသီး

     ကျွဲကောပင်များကို ပြည်မြို့နယ်ဒေသတစ်ဝိုက်ရှိ ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ယခုအချိန်၌ ဈေးကွက်အတွင်းရောင်းချနေသော ကျွဲကောသီးများမှာ ဝါဆိုသီးများဖြစ်ပါသည်။ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် လှိုင်လှိုင်ထွက်ရှိကြပါသည်။ ဒေသထွက် ကျွဲကောသီးများကို ဒေသတွင်းသစ်သီးဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့ တင်ပို့ ရောင်းချကြပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ကျွဲကောသီးအကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၆.၁၁.၂၀၂၃)

   ၁၆.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၆.၁၁.၂၀၂၃)

     ၁၆.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း