ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု အိန္ဒိယဝါဂွမ်းအသင်းက ခန့်မှန်း

    အိန္ဒိယနိုင်ငံဝါဂွမ်းအသင်းက ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီအတွက် ပထမအကြိမ် ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အိန္ဒိယ၏ ဝါဂွမ်းအထွက်ပမာဏမှာ ၁၇ဝ ကီလိုဂရမ်ဝင် ဘေထုပ်ရေ ၂၉၅.၁ဝ သိန်းခန့်သာရှိပြီး ၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ ယခင်နှစ်၌ ဝါဂွမ်းအထုပ်ရေ ၃၁၈.၉ဝ သိန်းထွက်ရှိခဲ့သဖြင့် ယခုနှစ်တွင် ၇.၅% ကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

   အိန္ဒိယဝါဂွမ်းအသင်း ဥက္ကဌဖြစ်သူ Atul Ganatra က အယ်လ်နီညိုရာသီဥတု၏ အကျိုး သက်ရောက်မှုနှင့်အတူ ဝါဂွမ်းစိုက်ဧရိယာ ၅.၅% လျော့နည်းခဲ့မှုတို့ကြောင့် ယခုနှစ် ဝါဂွမ်းအထွက်မှာ ၂ဝဝ၈-၂၀ဝ၉ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရာသီဥတု ကောင်းမွန်ခြင်း မရှိသဖြင့် အိန္ဒိယနိုင်ငံရှိ ဝါဂွမ်းစိုက်ပျိုးသည့် ပြည်နယ်များတွင် ဝါဂွမ်းထွက်ရှိမှုသည် ၅% မှ ၂ဝ% ကြား ကျဆင်းဖွယ်ရှိကြောင်း ဝါဂွမ်းအသင်းက ခန့်မှန်းလျက်ရှိသည်။

   အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ပထမအကြိမ် ကြိုတင်ခန့်မှန်းချက်တွင် ယခင်နှစ် ဝါဂွမ်းထွက်ရှိမှု  ၁၇၀ ကီလိုဂရမ်ဝင် အထုပ်ရေပေါင်း ၃၃၆.၆ သိန်း အောက် လျော့နည်းလျက် ၂ဝ၂၃-၂၄ ခုနှစ်၌ ဝါဂွမ်းဘေထုပ် ၃၁၆.၆ သိန်း ထွက်ရှိနိုင်မည်ဟု ဖော်ပြခဲ့ပါသည်။

    ယခင်နှစ်၌ ဝါဂွမ်းဘေထုပ်ပေါင်း ၁၂.၅ဝ သိန်း တင်သွင်းခဲ့ရာမှ ယခုနှစ်တွင် ဘေထုပ် ၂၂ သိန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း၊ ၂ဝ၂၃-၂၄ ခုနှစ် ရာသီကာလအတွက် စာရင်းဖွင့် ဝါဂွမ်း ဘေထုပ် ၂၈.၉၀ သိန်း၊ စိုက်ပျိုးထွက်ရှိမှု ဘေထုပ် ၂၉၅.၁၀ သိန်းနှင့် တင်သွင်းမှုပမာဏတို့ အပါ အဝင် ဈေးကွက်အတွင်း ဝါဂွမ်းဘေထုပ်ပေါင်း ၃၄၆ သိန်း ရရှိနိုင်မည်ဖြစ်ပြီး ယခင်နှစ် ဝါဂွမ်း ထုပ်ရေ ရရှိနိုင်မှု ၃၅၅.၄ဝ သိန်းအောက် လျော့နည်းမည်ဖြစ်ကြောင်း၊ ၂ဝ၂၃-၂၄ ရာသီကာလ အတွင်း ချည်မျှင်စက်ရုံများ၌ ဘေထုပ် ၂၈ဝ သိန်း၊ အသေးစားစက်မှု လုပ်ငန်းများတွင် ဘေထုပ် ၁၅ သိန်းနှင့် စက်ရုံမဟုတ်သော အခြားသုံးစွဲမှု ဘေထုပ် ၁၆ သိန်းဖြင့် ပြည်တွင်း ဝါဂွမ်းဝယ်လိုအားမှာ  ဘေထုပ် ၃၁၁ သိန်းခန့် ရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်းအသင်းက ခန့်မှန်းထားသည်။

    ၂ဝ၂၃-၂၄ ရာသီကာလအတွင်း ဝါဂွမ်းပိုလျှံမှုမှာ ဘေထုပ် ၃၅ သိန်းခန့်ရှိမည်ဖြစ်ပြီး ၎င်းအနက် ဘေထုပ် ၁၄ သိန်းခန့်ကို ပြည်ပသို့ တင်ပို့လျက် ရာသီကုန် စာရင်းပိတ်လက်ကျန်မှာ ဝါဂွမ်းဘေထုပ် ၂၁ သိန်းခန့် ရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်းအသင်းက ပြောကြားခဲ့သည်။

 အိန္ဒိယနိုင်ငံ မြောက်ပိုင်းဇုန်ရှိ ဝါဂွမ်းအဓိကစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်များဖြစ်သည့် ရာဂျပ်စတန်၊ ဟာရီယာနာနှင့် ပန်ဂျပ်တို့တွင် ယခင်နှစ်ကနည်းတူ ဝါဂွမ်းထုပ်ရေ ၄၃ သိန်း၊ အလယ်ပိုင်းဇုန်ဖြစ်သော ဂူဂျရတ်၊ မဟာရဋ္ဌနှင့် မဒ္ဒရာပရာဒေ့ရှ်တို့၌ ယခင်နှစ်ထွက်ရှိမှုပမာဏ ဘေထုပ် ၁၉၄.၆၂ သိန်း အောက်လျော့နည်းလျက် ဝါဂွမ်းထုပ်ရေ ၁၇၉.၆ဝ သိန်း၊ တောင်ပိုင်းဇုန်ရှိ တဲလန်ဂါနာ၊ အန္တရာပရာဒေ့ရှ်၊ ကာနာတကာနှင့် တမီနာဒူတို့တွင် ယခင်နှစ်ထွက်ရှိသော ဝါဂွမ်းထုပ်ရေ ၇၄.၈၅ သိန်းအောက် လျော့ကျပြီး ဘေထုပ် ၆၇.၅ဝ သိန်းခန့် အသီးသီး ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 31 Oct 2023

ပဲစင်းငုံများ လျင်မြန်စွာတင်ပို့နိုင်ရေး ဆောင်ရွက်ပေးရန် အိန္ဒိယမှ မိုဇမ်ဘစ်သို့ တောင်းဆို

   ပြည်တွင်း၌ ပဲပြတ်လပ်မှုကို ပြည်ပမှတင်သွင်းခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်နေရသည့် အိန္ဒိယနိုင်ငံသည် မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်ပို့မှုနှောင့်နှေးလျက်ရှိသည့်အပေါ် စိုးရိမ်မှု ရှိကြောင်းဖော်ပြလျက် ၎င်းတို့၏ ဆိပ်ကမ်းများတွင် ပဲစင်းငုံ သင်္ဘောတင်ပို့မှုများကို လျင်မြန်စွာ ရှင်းလင်းနိုင်ရေး ဆောင်ရွက်ပေးရန် မိုဇမ်ဘစ်နိုင်ငံသို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

   အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh သည် ၂၇-၁၀-၂၀၂၃ ရက်၊ သောကြာနေ့တွင် မိုဇမ်ဘစ်နိုင်ငံ သံအမတ်ကြီး Ermindo A Pereira နှင့်တွေ့ဆုံခဲ့ရာ၌ ပဲစင်းငုံနှင့်ပတ်သက်သော ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

   အိန္ဒိယအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် မိုဇမ်ဘစ်နိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီးများကြောင့် ပဲစင်းငုံများ သင်္ဘောတင်ပို့ရာတွင် နှောင့်နှေးမှု ဖြစ်ပေါ်စေလျက်ရှိသည့်အပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် လိုအပ်သောမူဝါဒများကို ချမှတ် ဆောင် ရွက်လျက်ရှိရာ မိုဇမ်ဘစ်နိုင်ငံဖက်မှ ပဲစင်းငုံများ သင်္ဘောတင်ပို့မှု ချောမွေ့ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လက်ရှိကာလ၌ မိုဇမ်ဘစ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းရှင်းလင်းနိုင်ရေးကို စောင့်ဆိုင်း နေရဆဲဖြစ်ရာ အမြန်ရှင်းလင်းနိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ ထို့အပြင် နှစ်နိုင်ငံအကြား ရေးထိုးထားသည့် ပဲစင်းငုံကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံရှိ ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများအပေါ် ထားရှိသည့် ကတိကဝတ်ကို ဖော်ညွှန်းလျက်ရှိသဖြင့် ၎င်းနားလည်မှု စာချွန်လွှာကို လက်ကိုင်ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် အတွင်းဝန် Rohit Kumar Singh က အလေးပေး ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

    မိုဇမ်ဘစ် သံအမတ်ကြီး Ermindo A Pereira က ပဲစင်းငုံကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် လက်ရှိ ပြဿနာများကို ဖြေရှင်းရန်အတွက် လိုအပ်သော စီမံဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံများကို ချောမွေ့စွာ တင်ပို့မှု သေချာခိုင်မာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ မိုဇမ်ဘစ်နိုင်ငံမှ ပဲစင်းငုံများ တင်သွင်းမှု ချောမွေ့ခြင်းသည် ရှေ့လာမည့်လများအတွင်း ပဲစင်းငုံရရှိလွယ်မှုကို တိုးမြှင့်စေပြီး အိန္ဒိယ စားသုံးသူများအတွက် ဝယ်ယူရရှိရန် လွယ်ကူစေမည်ဖြစ်ရာ ယခုတွေ့ဆုံဆွေးနွေးမှုသည် အရေးပါမှုရှိကြောင်း  အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source: Economic Times, 27 Oct 2023

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မိုးသီးနှံများအထွက်လျော့ကျမည်ဟု အိန္ဒိယအစိုးရခန့်မှန်း

   အိန္ဒိယနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်တိုက် ခတ်မှု ပြောင်းလဲခြင်းသည် ၂၀၂၃-၂၄ ခုနှစ် စိုက်ပျိုးရေးရာသီအတွင်း မိုးသီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုရှိပြီး သီးနှံအများအပြားသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက အထွက်ကျဆင်း ဖွယ်ရှိကြောင်း ၂၇-၁၀-၂၀၂၃ နေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ယခုနှစ် မိုးသီးနှံများအတွက် ကနဦးအထွက်ပမာဏ ပထမအကြိမ် ခန့်မှန်းချက်များအရ သိရှိရသည်။

  အိန္ဒိယအစိုးရသည် ၂၀၂၃-၂၄ ခုနှစ် မိုးသီးနှံရာသီအတွင်း ဆန်တန်ချိန် ၁၁၁ သန်း အပါ အဝင် ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ၁၅၈.၀၆ သန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။ ယခု ပထမအကြိမ် ခန့်မှန်းချက်များအရ မိုးရာသီ ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ၁၄၈.၅၇ သန်းခန့်သာ ထွက်ရှိဖွယ်ရှိရာ ယခင်နှစ် စိုက်ပျိုးထုတ်လုပ်နိုင်မှု တန်ချိန် ၁၅၅.၇၁ သန်းအပေါ် ၄.၆% ကျဆင်းမည်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်၌ ဆန်တန်ချိန် ၁၁၀.၅၁ သန်းထွက်ရှိ မှုနှင့် နှိုင်းယှဉ်ပါက ၃.၈% လျော့နည်းလျက် ယခုနှစ်တွင် တန်ချိန် ၁၀၆.၃၁ သန်းခန့်သာ ထွက်ရှိနိုင် ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 အဓိကမိုးသီးနှံဖြစ်သော စပါးအား စိုက်ပျိုးမှုဧရိယာသည် ယခင်နှစ်ထက် ဟက်တာ ၂ သိန်း ခန့် ပိုမိုသော်လည်း ၂၀၂၃ ခုနှစ် ဩဂုတ်လသည် ၁၉၀၁ ခုနှစ်နောက်ပိုင်း၌ အခြောက်သွေ့ဆုံး ကာလဖြစ်ပေါ်ခဲ့ခြင်းက မိုးရေချိန်ရရှိမှုအပေါ် မှီခိုနေရသည့် နေရာဒေသများစွာတွင် စိုက်ပျိုးမှုကို ထိခိုက်စေပြီး အထွက်လျော့နည်းမှုသို့ ဦးတည်လျက်ရှိကြောင်း ဌာနဆိုင်ရာ အရာရှိများက ပြော ဆိုကြပါသည်။

 ယခုနှစ် အနောက်တောင်မုတ်သုံလေဝင်ရောက်မှုမှာ နောက်ကျမှုရှိပြီး ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ၏ နေရာဒေသအချို့၌ မိုးသည်းထန်မှုဖြစ်ပေါ်လျက် ဩဂုတ်လတွင် မိုးရွာသွန်းမှုမှာ ၃၂% လျော့နည်းခဲ့သည်။ စက်တင်ဘာလ၌ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပြီး အောက်တိုဘာလ ၁၉ ရက်နေ့၌ ပြန်လည်ထွက်ခွာခဲ့သော ၂၀၂၃ ခုနှစ် မုတ်သုံရာသီကာလအတွင်း မိုးရွာ သွန်းမှုမှာ ပုံမှန်အောက် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၌ ကာလရှည် ခြောက်သွေ့မှု ရာသီသည် စက်တင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ပြီး အမေရိကန် မိုးလေဝသအေဂျင်စီဖြစ်သော NOAA က သမုဒ္ဒရာ ရေထု ပူနွေးမှုဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံဧရိယာ၏ ၂၁% ခန့်၌ ခြောက်သွေ့မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

  အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ရာသီဥတုပြောင်းလဲသည့် အခြေအနေများကြောင့် ယခုနှစ် မိုးသီးနှံရာသီအတွက် ပဲမျိုးစုံထွက်ရှိမှုမှာ ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၇.၆၂ သန်းအောက် ၆.၆% ကျဆင်းလျက် တန်ချိန် ၇.၁၂ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ ပဲတီစိမ်းထွက်ရှိနိုင်မှုကို ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁.၇၂ သန်းအောက် ၁၈% လျော့နည်းလျက် တန်ချိန် ၁.၄၁ သန်း၊ မတ်ပဲအထွက်ပမာဏအား ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁.၇၇ သန်းအောက် ၁၄.၇% လျှော့ချ လျက် တန်ချိန် ၁.၅၁ သန်း အသီးသီးထွက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ သို့သော် ယခင်နှစ်စိုက်ပျိုးမှုဧရိယာအောက် ၅% ခန့်လျော့ကျလျက် ယခုနှစ် မိုးရာသီတွင် ဟက်တာ ၄၃.၈၇ သိန်း ခန့်သာ စိုက်ပျိုးထားနိုင်ခဲ့သည့် ပဲစင်းငုံကိုမူ ယခင်နှစ်အထွက်ပမာဏ တန်ချိန် ၃.၃၁ သန်းထက် ၃.၃% ပိုမိုပြီး တန်ချိန် ၃.၄၂ သန်းထွက်ရှိနိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။

  စက်မှုကုန်ကြမ်း သီးနှံများတွင် ကြံစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်က တန်ချိန် ၄၉၀.၅၃ သန်းရှိရာမှ ယခုနှစ်၌ ၁၁.၄% ကျဆင်းလျက် တန်ချိန် ၄၃၄.၇၉ သန်း၊ ဝါသီးနှံသည် ၂၀၂၂ ခုနှစ်၌ ထုတ်လုပ်နိုင်ခဲ့သော ၁၇၀ ကီလိုဂရမ်ဝင် ဘေထုပ် ၃၃.၆၆ သန်းမှ ၅.၉% လျော့ကျပြီး ဘေထုပ် ၃၁.၆၆ သန်းခန့်နှင့် ဂုန်လျှော်သည် ၁၈၀ ကီလိုဂရမ်ဝင် ဘေထုပ် ၉.၃၉ သန်းမှ ၂.၁% လျော့ကျပြီး ဘေထုပ် ၉.၁၉ သန်းခန့် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။

  ပဲပုတ်အဓိကစိုက်ပျိုးသော မဒ္ဒရာပရာဒေ့ရှ်နှင့် မဟာရဋ္ဌ ပြည်နယ်များတွင် ဩဂုတ်လ၌ ကာလကြာရှည်စွာ ခြောက်သွေ့မှုနှင့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆီထွက်သီးနှံ ထုတ်လုပ်နိုင်မှုမှာ ယခင်နှစ်တွင် တန်ချိန် ၂၆.၁၅ ထွက်ရှိရာမှ ယခု ၁၇.၇% လျော့ကျလျက် တန်ချိန် ၂၁.၅၃ သန်းခန့်သာ ရရှိနိုင်ကြောင်း၊ ပဲပုတ်အထွက်ပမာဏသည် တန်ချိန် ၁၄.၉၉ သန်းမှ ၂၃.၁% ကျဆင်းပြီး တန်ချိန် ၁၁.၅၃ သန်းသို့ လည်းကောင်း၊ မြေပဲသည် တန်ချိန် ၈.၅၆ သန်းမှ ၈.၅% လျော့ကျပြီး တန်ချိန် ၇.၈၃ သန်းသို့လည်းကောင်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

  အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် ဂျိုဝါ၊ ဘာဂျရာ၊ ရာဂီအစရှိသော နှံစားပြောင်းမျိုးစုံ၏ အသေးစိတ် အထွက်ပမာဏခန့်မှန်းချက်ကို ထုတ်ပြန်ခြင်းမပြုသော်လည်း မိုးရာသီ နှံစားသီးနှံများ ထုတ်လုပ်မှုမှာ ယခင်နှစ်၌ တန်ချိန် ၃၇.၅၈ သန်းရှိရာမှ ၆.၅% ကျဆင်းလျက် ယခုနှစ်တွင် တန်ချိန် ၃၅.၁၄ သန်းခန့် ထွက်ရှိနိုင်ကြောင်း၊ ၎င်းတို့အနက် အစေ့ထုတ်ပြောင်းသည် တန်ချိန် ၂၃.၆၇ သန်း ထွက်ရှိခဲ့ရာမှ ၅% လျော့ကျပြီး တန်ချိန် ၂၂.၄၈ သန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

Source: The Hindu Business Line, 28 Oct 2023

 

အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်

၁။      အိန္ဒိယပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ ဈေးကွက်ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု အပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

၂။       အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၈-၁၀-၂၀၂၃ နေ့တွင် အမိန့်ကြော်ငြာ စာ ထုတ်ပြန်ရာ၌ ဘန်ဂလောနှင်းဆီနှင့် ခရစ်ရှနာပူရမ် ကြက်သွန်နီ အမျိုးအစားများမှအပ ပြုပြင် ထုတ်လုပ်ထားခြင်းမရှိသော HS Code 07031010 နှင့် HS Code 07122000 ခေါင်းစဉ်များ အောက်ရှိ ကြက်သွန်နီ အားလုံးအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို သင်္ဘောပေါ်အရောက် FOB ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ သတ်မှတ်ကြောင်း၊ အမိန့်ထုတ်ပြန်ချက်သည် ၂၉-၁၀-၂၀၂၃ နေ့မှ ၃၁-၁၂-၂၀၂၃ နေ့အထိ သက်ရောက်မည်ဖြစ်ကြောင်း၊ သို့သော် အမိန့်ထုတ်ပြန်မှု မတိုင်မီ အကောက်ခွန်ဦးစီးဌာန၌ ပြည်ပတင်ပို့ရန် မှတ်ပုံတင်ထားပြီး သက်ဆိုင်ရာအကောက်ခွန်စခန်းသို့ ရောက်ရှိဆောင်ရွက်ဆဲ ကြက်သွန်နီပို့ကုန်များမှာ ကင်းလွတ်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆိပ် ကမ်းရှင်းလင်းဆဲ ကြက်သွန်နီပို့ကုန်များကို ၃၀-၁၁-၂၀၂၃ နေ့အတွင်း အပြီးသတ် တင်ပို့ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

၃။      မဟာရဋ္ဌပြည်နယ်ရှိ အဓိကဈေးကွက်ဖြစ်သော လာဆယ်ဂွန် ကုန်စည်ဒိုင်တွင် ကြက်သွန်နီ ပျမ်းမျှ လက်ကားဈေးနှုန်းများသည် လွန်ခဲ့သော သီတင်းပတ်၌ ၁၈% မြင့်တက်ခဲ့ပြီး ရက်သတ္တ နှစ်ပတ်အတွင်း ဈေးနှုန်းမြင့်တက်မှုမှာ ၆၀% ရှိကြောင်း၊ ၂၅-၁၀-၂၀၂၃ နေ့၌ ဒေလီမြို့တွင် အရည် အသွေး အကောင်းဆုံး ကြက်သွန်နီ၏ အမြင့်ဆုံးဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ရူပီး ၅၀ နှုန်းရှိပြီး ‌လက်လီအရောင်းဆိုင်များ၌ ၁ ကီလိုဂရမ်လျှင် ၆၅ ရူပီးမှ ၈၀ ရူပီးအတွင်း ရောင်းချလျက်ရှိ ကြောင်း၊ မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းတင်ရောက်လာမည့် ဒီဇင်ဘာလတိုင်အောင် ကြက်သွန်နီ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်ဖွယ်ရှိသည်ဟု ခန့်မှန်းရကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

Source: Economic Times, 28 Oct 2023

ပြည်ပဆန်သတင်း (၉-၁၀-၂၀၂၃) ရက်နေ့မှ (၁၂-၁၀-၂၀၂၃) ရက်နေ့အထိ

   ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ကျဆင်းသွားပြီး  ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး  ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

    ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ဖြင့် စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။

  အိန္ဒိယဆန်စျေးနှုန်းများတွင် ၅မှတ် ဆန်နှင့် ၂၅မှတ် ဆန်ဈေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၇ဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်းသိရှိရပါသည်။

      ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂၊ ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၂ဖြင့် ဈေးနှုန်းကျဆင်းသွားပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၇၇ဖြင့် စျေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။

DOCA(ရန်ကုန်)

ပြည်ပဆန်သတင်း (၂-၁၀-၂၀၂၃)ရက်နေ့မှ (၆-၁၀-၂၀၂၃)ရက်နေ့အထိ

    ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ကျဆင်းသွားပြီး  ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး  ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

      ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂၊  ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ဖြင့် စျေးနှုန်း မြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်းမရှိပါ။

   အိန္ဒိယဆန်စျေးနှုန်းတို့တွင် ၅မှတ် ဆန်နှင့် ၂၅မှတ် ဆန်ဈေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၇ဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်းသိရှိရပါသည်။

       ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၂ဖြင့် ဈေးနှုန်းကျဆင်းသွားပြီး ပေါင်းဆန် စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၇၇ဖြင့် စျေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲစျေးနှုန်းဖော်ပြထားခြင်းမရှိပါ။

အာရှဆန်ဈေးနှုန်း (Price Indications) အခြေအနေ ။ အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

(USD/ MT, FAO)

 

၂၀-၉-၂၀၂၃

၂၇ -၉-၂၀၂၃

၄ -၁၀-၂၀၂၃

၁၁-၁၀-၂၀၂၃

Thai White Rice 100% Grade B

၆၅၄

၆၂၁

၆၁၁

၆၀၉

Thai White Rice 25%

၅၈၀

၅၇၆

၅၆၆

၅၆၆

Vietnam White Rice 5%

၆၂၂

၆၁၇

၆၁၇

၆၂၂

Vietnam White Rice 25%

၆၀၇

၆၀၂

၆၀၂

၆၀၇

India White Rice 5%

-

-

-

-

India White Rice 25%

-

-

-

-

Pakistan White Rice 5%

၆၁၂

၆၀၂

၅၉၂

၅၂၂

Pakistan White Rice 25%

၅၄၂

၅၄၂

၅၂၂

၄၇၂

Source: Thai Rice Exporters Association တစ်ပတ်တစ်ကြိမ်ဖော်ပြသောစျေးနှုန်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဆန်ဖြူ ၅% ၏ ကမ္ဘာ့ပေါက်ဈေးများအခြေအနေ၊

                                   ရက်သတ္တပတ်၊ ရက်စွဲအလိုက် နှိုင်းယှဉ်ဖော်ပြချက်

 

(USD/ MT, FAO)

 

၂၀-၉-၂၀၂၃

၂၇ -၉-၂၀၂၃

၄ -၁၀-၂၀၂၃

၁၁-၁၀-၂၀၂၃

Thai White Rice 100% Grade B

၆၅၄

၆၂၁

၆၁၁

၆၀၉

Thai White Rice 25%

၅၈၀

၅၇၆

၅၆၆

၅၆၆

Vietnam White Rice 5%

၆၂၂

၆၁၇

၆၁၇

၆၂၂

Vietnam White Rice 25%

၆၀၇

၆၀၂

၆၀၂

၆၀၇

India White Rice 5%

-

-

-

-

India White Rice 25%

-

-

-

-

Pakistan White Rice 5%

၆၁၂

၆၀၂

၅၉၂

၅၂၂

Pakistan White Rice 25%

၅၄၂

၅၄၂

၅၂၂

၄၇၂

Source: Thai Rice Exporters Association တစ်ပတ်တစ်ကြိမ်ဖော်ပြသောစျေးနှုန်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဆန်ဖြူ ၅% ၏ ကမ္ဘာ့ပေါက်ဈေးများအခြေအနေ၊

                                   ရက်သတ္တပတ်၊ ရက်စွဲအလိုက် နှိုင်းယှဉ်ဖော်ပြချက်

DOCA(ရန်ကုန်)

                                        

အိန္ဒိယ၏ ဆန်ဖြူတင်ပို့မှု တားမြစ်ချက်မှ ကင်းလွတ်ခွင့်ရရန် စင်ကာပူ ကြိုးပမ်း

စင်္ကာပူစားနပ်ရိက္ခာအဖွဲ့အစည်း (SFA) သည် (ဘာစမာတီမဟုတ်သော) ဆန်ဖြူ တင်ပို့မှုအပေါ် တားမြစ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရေးအတွက် အိန္ဒိယအာဏာပိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ SFA မှ မီဒီယာများသို့ ပြောကြားရာတွင် အဖွဲ့ အစည်းအနေဖြင့် ဆန်စပါးသိုလှောင်မှုအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိကာလတွင် ဆန်အရောင်း တည်ငြိမ်လျက်ရှိကာ ပြည်တွင်းစားသုံးသူများအားလုံး လိုအပ်သမျှ ဝယ်ယူနိုင်မည့် လုံလောက်သော ပမာဏရှိကြောင်းနှင့် ဆန်စပါးသိုလှောင်မှုအစီအစဉ်အရ ဆန်တင်သွင်းသူများသည် ၄င်းတို့လစဉ်တင်သွင်းမှု ဆန်ပမာဏ၏ နှစ်ဆရှိသော ကုန်လက်ကျန်များကို လက်ဝယ်ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် စင်္ကာပူနိုင်ငံ၏ ဆန်တင်သွင်းမှု၏ ၄ဝ ရာခိုင်နှုန်းကို ရရှိထားပြီး ဘာစမာတီမဟုတ်သော (ဆန်) တင်သွင်းမှုကိုသာ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဘာစမာတီမဟုတ်သောဆန်များ၏ တင်ပို့မှုမှာ စုစုပေါင်းဆန်တင်သွင်းမှု၏ ၁၇ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံတွင် ဆန်ရောင်းလိုအား ထိခိုက်မှုဖြစ်ပေါ်လာနိုင်ပြီး စင်ကာပူနိုင်ငံအစိုးရ သည် အကျိုးသက်ရောက်မှုအနည်းဆုံးဖြစ်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် အခြားဆန်အမျိုးအစားများနှင့် ကာဗိုဟိုက်ဒရိတ်များမှရရှိသည့်အမျိုးအစားများကို စားသုံးခြင်းဖြင့် ဆန်စပါးဈေးကွက်ရောင်းလိုအား မတည်မငြိမ်ဖြစ်မှုကို လိုက်လျောညီထွေဖြစ်စွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း SFA က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် နိုင်ငံပေါင်း (၃ဝ) ကျော်မှ ဆန်တင်သွင်းလျက်ရှိပြီး နိုင်ငံ၏ဆန် ရောင်းလိုအား တည်ငြိမ်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်တစ်တန်လျှင် ဒေါ်လာ ၆ဝဝ ကျော်မြင့်တက်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ပြုတ်ဆန်နှင့် ထိုင်းနိုင်ငံ၏ ဆန်ကွဲ (၂၅%) တို့မှာ တစ်တန်လျှင် ဒေါ်လာ ၆ဝဝ အောက် ရောက်ရှိခဲ့ပါသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ပါလီမန်ရွေးကောက်ပွဲကာလ ၂ဝ၂၄ ခုနှစ်မတိုင်မီ အရေးကြီးသည့် ၂ဝ၂၃ ခုနှစ်အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ တားမြစ်ပိတ်ပင်ခဲ့မှုမှာ အိန္ဒိယနိုင်ငံအတွင်းရှိ Karnataka ၊ West Bengal ၊ Chhattisgarh ၊ Tamil Nadu နှင့် Andhra Pradesh ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းခဲ့သဖြင့် စပါးရိတ်သိမ်းမှုအပေါ် ထိခိုက်စေခဲ့မှုအပြင် Punjab နှင့် Haryana ဒေသများတွင် မိုးရွာသွန်းမှုကြောင့် စပါးသီးနှံများ ပျက်စီးခဲ့ခြင်းကြောင့် စပါးရောင်းလိုအား ပြတ်လပ်မှုအရေးကိစ္စကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 21 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

စျေးနှုန်းတိုးမြှင့်မည့်အစီအစဉ်အား ရွှေ့ဆိုင်းရန် ထိုင်းဆန်ထုပ်ပိုးသူများက သဘောတူ

ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန (ITD) သည် စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ထုပ်ပိုးထားသောဆန်များ၏ ဈေးနှုန်းများ တိုးမြှင့်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းပေးရန် ထိုင်းဆန်ထုပ်ပိုးသူများအသင်းနှင့် ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းများအား တိုက်တွန်းပြောကြားခဲ့သည်။

ITD ၏ ညွန်ကြားရေးမှူးချုပ် Wattanasak Sur-iam နှင့် ထိုင်းဆန်ထုပ်ပိုးသူများအသင်းတို့၏ ၁၇-၈-၂၀၂၃ ရက်နေ့(ကြာသပတေးနေ့)တွင် တွေ့ဆုံဆွေးနွေးခဲ့မှုအရ ဆန်စက်လုပ်ငန်းရှင်များထံမှ ဝယ်ယူသည့်ဆန်ဈေးနှုန်းများ  မြင့်တက်နေသည့်အတွက် ထိုင်းဆန်ထုပ်ပိုးသူများ အသင်းသည် ဆန်တစ်ကီလိုဂရမ်လျှင် ထိုင်းဘတ် ၃ ဘတ် ထပ်မံတိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ညွန်ကြားရေးမှူးချုပ် Wattanasak Sur-iam က ITD နှင့် ထိုင်းဆန်ထုပ်ပိုးသူများ အသင်း နှင့် ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းများအကြား လက်ရှိကာလတွင် ထုပ်ပိုးသောဆန်များ၏ ဈေးနှုန်းကို တည်ငြိမ်မှုရှိစေရန် ထိန်းသိမ်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းသည် ထိုင်းဆန်ထုပ်ပိုးသူများအသင်းသို့ ဈေးကွက်အတွင်း ဆန်ရောင်းလိုအား ပြည့်မီစေရန် ဆန်ကိုပုံမှန်ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အကယ်၍ ထုပ်ပိုးထားသောဆန်များ၏ ဈေးနှုန်းများကို မဖြစ်မနေ မြှင့်တင် ရောင်းချရမည်ဆိုပါက ဌာနအနေဖြင့် အသင်းအဖွဲ့ (၂) ခုနှင့်ပူးပေါင်း၍ ကိုယ်ပိုင်အမှတ်တံဆိပ် “Blue Flag” ဖြင့် ထုပ်ပိုးထားသောဆန်များကို လျော့နည်းသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။ လက်ရှိကာလတွင် Hom Mali ထုပ်ပိုးထားသော ဆန်များ၏ ပျှမ်းမျှဈေးနှုန်းမှာ ၅ ကီလိုဂရမ်လျှင် ထိုင်းဘတ် ၂၁ဝ ရှိပြီး ၁ဝဝ ရာခိုင်နှုန်း ထုပ်ပိုးထားသော ဆန်ဖြူဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၁၇.၉၄ ဘတ်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Thai PBS World, 18 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ ဆန်တင်သွင်းရန် အင်ဒိုနီးရှား Bulog အဖွဲ့က စီစဉ်လျက်ရှိ

အယ်လ်နီညိုရာသီဥတုကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထွက်ရှိမှုကို အဟန့်အတားဖြစ်လာစေနိုင်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင်စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog သည် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းသွားမည်ဖြစ်ပါသည်။ Bulog သည် ၂ဝ၂၃ ခုနှစ်အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဆန်တန်ချိန် ၁.၆ သန်း တင်သွင်း ခဲ့ပြီး ပြည်တွင်းစားသုံးရန်အတွက် ဆန်တန်ချိန် ၇၈၆,၆၉၇ တန် ဝယ်ယူပြီးဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ အယ်လ်နီညို၏ ဆိုးရွားသောအကျိုးသက်ရောက်မှုကြောင့် ကုမ္ပဏီအနေဖြင့် အရေးပေါ်အစီအစဉ်အရ ကမ္ဘောဒီးယားနှင့်မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားသည် ခြောက်သွေ့သောရာသီဥတုပုံစံကြောင့် အချို့သောကျွန်းစုနေရာများတွင် မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ၂၀၂၂ ခုနှစ်မှ လက်ကျန်ဆန်တန်ချိန် ခွဲတမ်း ၃ဝဝ,ဝဝဝ တန်နှင့်အတူ ၂၀၂၃ ခုနှစ်အတွက် ဆန်တန်ချိန် ၂ သန်း ကိုတင်သွင်းရန် ခွဲတမ်းအဖြစ် ထုတ်ပြန်ခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်တွင်းစားသုံးမှုလိုအပ်ချက်များ ပြည့်မီစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

Bulog သည် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းသည့် စာချုပ်များကို အပြီး သတ်ချုပ်ဆိုခြင်း မပြုလုပ်ရသေးသော်လည်း မကြာမီအချိန်ကာလတွင် ချုပ်ဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ အင်ဒိုနီးရှား နိုင်ငံ၏ နှစ်စဉ်ဆန်ထွက်ရှိမှုသည် တန်ချိန် ၃၁.၅၆ သန်းရှိပြီး စားသုံးမှုမှာ တန်ချိန် ၃၀.၈၄ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဆန်တင်သွင်းမှုတိုးမြင့်လာရခြင်းသည် ဈေးနှုန်းအပေါ် ကျရောက်နေသည့် ဖိအားအချို့လျော့ပါးစေရန် မျှော်လင့်ကြောင်းနှင့် လက်ရှိကာလတွင် အင်ဒိုနီးရှားနိုင်ငံရှိ အလယ်အလတ်တန်းဆန် တစ်ကီလိုလျှင် ပျမ်းမျှ ၁၃, ၆ဝဝ ရူပီး (ဒေါ်လာ ဝ.၈၈၇၁) ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၄.၇၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဆန်ဈေးနှုန်းများ မြင့်တက်လာရ ခြင်း၏ အဓိကအကြောင်းရင်းမှာ လက်ရှိဖြစ်ပေါ်နေသော အယ်လ်နီညိုဖြစ်စဉ်အတွင်း စပါးအထွက်နှုန်း ကျဆင်းလာသဖြင့် ဆန်ထုတ်လုပ်မှုများ လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားဆန်စက်များအသင်း၏ဥက္ကဋ္ဌဖြစ်သူ Nellys Soekidi က စပါးအထွက်နှုန်း လျော့နည်းကျဆင်းမှုကြောင့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လတွင် ဒေသခံတောင်သူများမှ နိုင်ငံ၏အဓိက အချက်အချာကျသောဆန်ဈေးကွက်သို့ နေ့စဉ်ပျှမ်းမျှဆန်ရောင်းချမှုမှာ ၂ဝ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်းနှင့် ယင်းကဲ့သို့ ဆန်ထုတ်လုပ်မှုလျော့နည်းကျဆင်းမှုကြောင့် စပါးခွံမပါသော ဆန်များအတွက် ဈေးကွက်တွင် ယှဉ်ပြိုင်မှုများ များပြားလာစေခဲ့ပြီး ဈေးကွက်မတည်ငြိမ်မှုများ ကို ဖြစ်ပေါ်စေခဲ့ပါသည်။

ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် နိုင်ငံတကာဆန်ဈေးနှုန်းများမှာ သိသာစွာ အတက်အကျများပြားလာမှုနှင့်အတူ ကမ္ဘာ့ဆန်ရောင်းလိုအားအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြပါသည်။ ထိုကဲ့သို့ တားမြစ်ပိတ်ပင်မှုများကြောင့် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သူများသည် ဆန်ရောင်းချရန်အတွက် မသေချာမရေရာမှုများဖြစ်ပေါ်နေသဖြင့် ဆန်တန်ချိန် ၅ဝဝ,ဝဝဝ ကို မြင့်မားသော ဈေးနှုန်းများဖြင့် ပြန်လည်ညှိနှိုင်းဆွေးနွေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြပါသည်။ ကမ္ဘာ့နိုင်ငံများသည် နိုင်ငံတကာဆန်ရောင်းလိုအားကို စောင့်ကြည့်လျက်ရှိကြပြီး အင်ဒိုနီးရှားနိုင်ငံသည် အစားအသောက်ဖူလုံမှုအတွက် ရာသီဥတုနှင့်ဆက်နွယ်သည့် စိန်ခေါ်မှုများ လျော့နည်းသက်သာစေရန် ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါသည်။

Source: Khmer Times, 22 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

စားအုန်းဆီများ ဝယ်ယူနိုင်ရေး အိန္ဒိယကုန်သည်အဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်မည်

မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယဆီစက်လုပ်ငန်းရှင်းများအသင်း (SEA) ၏ ဥက္ကဋ္ဌဖြစ်သူ Ajay Jhunjhunwala ဦးဆောင်သော အဖွဲ့ဝင် ၁၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းစားအုန်းဆီ ကဏ္ဍရှိ စီးပွားရေးအခွင့်အလမ်းသစ်များကို လေ့လာရန်အတွက် ၂၃-၈-၂၀၂၃ နေ့တွင် ထိုင်းနိုင်ငံ၏ ဆီအုန်း စိုက်ပျိုးရာ Surat Thani ဒေသ သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် ၎င်းခရီးစဉ်မှတစ်ဆင့် ထိုင်းအစိုးရ အရာရှိများ၊ စားအုန်းဆီ ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများနှင့်လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်း အဆိုပါ အသင်းက ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်သည် စားအုန်းဆီကုန်သွယ်မှုပြုနိုင်ရေးဟူသည့် ရည်မှန်းချက်ကို အောင်မြင် စွာ အကောင်အထည်ဖော်နိုင်မည့် ဆုံးဖြတ်ချက်အားလုံးအတွက်  အပြုသဘောဆောင်သော တည် ဆောက်မှု ခရီးစဉ်တစ်ခုဖြစ်ကြောင်းဖြင့် YTL Cement ၏ မဟာဗျူဟာမြောက်ဖော်ဆောင်ရေး အကြီးအကဲဖြစ်သူ Clarisse Loh က ပြောကြားခဲ့သည်။

SEA ၏ ထုတ်ပြန်ချက်တွင် အိန္ဒိယ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်လာစေရေးအတွက် အဓိပ္ပါယ်ရှိသည့်မိတ်ဆက်ဆက်ဆံရေးကို ထူထောင်နိုင်ရန် ရည်မှန်းလျက် အိန္ဒိယ၏ စားအုန်းဆီ လုပ်ငန်းကို အမြင့်ဆုံးအထိ ရောက်ရှိစေရေးအလို့ငှာ မောင်းနှင်သွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြ ထားသည်။

အဆိုပါခရီးစဉ်အတွင်း တင်သွင်းသူများနှင့်သန့်စင်သည့်လုပ်ငန်းရှင်များသည် ထိုင်းနိုင်ငံ၏ စားအုန်းဆီလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာထောက်ပံ့မှုကွန်ရက်များကို လေ့လာချဉ်းကပ် လျက် ဆီအုန်းနယ်ပယ်တွင် အဓိကပါဝင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်မှုများကို ဖွံ့ဖြိုးတိုးတက် စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မွန်ဘိုင်းတွင် ရှေ့လာမည့်လ၌ ကျင်းပမည့် Globoil India-2023 အခမ်းအနားသို့ ထိုင်းကုမ္ပဏီများကို ဖိတ်ကြားနိုင်မည့် အခွင့်အရေးအဖြစ် ယခုခရီးစဉ်တွင် အသုံးချသွားမည်ဖြစ်ကြောင်းဖြင့် သိရသည်။

ကမ္ဘာ့စားအုန်းဆီ ကုန်သွယ်မှု၏ ၈၅% ခန့်ရှိသည့် ထိပ်တန်းစားအုန်းဆီ ထုတ်လုပ်သူ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့နောက်တွင် ထိုင်းနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုမှာ တတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် စားအုန်းဆီတန်ချိန် တစ်သန်းခန့် အိန္ဒိယသို့ တင်ပို့လျက်ရှိရာ အိန္ဒိယစားအုန်းဆီတင်သွင်းမှု စုစုပေါင်း၏ ၁၅% ကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ၂၀၂၂ခုနှစ် နိုဝင်ဘာလမှ ၉ လတာ ကာလအတွင်း ထိုင်းနိုင်ငံမှ အိန္ဒိယသို့ စားအုန်းဆီကြမ်း တန်ချိန် ၆၇၁၃၄၅ နှင့် သန့်စင်အရောင်ချွတ်ပြီး အနံ့ချွတ်ထားသည့် စားအုန်းဆီချော တန်ချိန် ၁၁၄၉၉ တန် တင်ပို့ခဲ့ကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် စားအုန်းဆီကြမ်း တန်ချိန် ၂.၆၂ သန်းနှင့်  စားအုန်းဆီချော တန်ချိန် ၁.၃၃သန်း တင်ပို့ခဲ့ကြောင်း၊ မလေးရှား အနေဖြင့် စားအုန်းဆီကြမ်း တန်ချိန် ၁.၈၆ သန်းနှင့်  စားအုန်းဆီချော ၂၇၃၅၁၉ တန် တင်ပို့ခဲ့ကြောင်း SEA က ဖော်ပြထားသည်။

Source: The Edge Malaysia, 22 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ