
လူသားတို့၏ သမိုင်းတစ်လျှောက် အစားအစာနှင့် အာဟာရအတွက် အထောက်အကူပြုခဲ့သည့် သဘာဝအလျောက် အဖိုးတန်ပစ္စည်းများစွာရှိသည့်အနက် မှိုသည် ထူးခြားထင်ရှားသော နေရာတစ်နေရာကို ပိုင်ဆိုင်ထားသည်။ ကျောက်ခေတ်ဦးကပင် လူတို့စတင်တွေ့ရှိစားသုံးခဲ့သည့်မှိုသည် ရှေးခေတ်ရောမနှင့် ဂရိတို့ထံတွင် ဘုရားသခင်ပေးအပ်သည့် အရသာရှိပြီး အာဟာရပြည့်ဝသော အစားအစာအဖြစ် အထွတ်အမြတ်ထားခံခဲ့ရသည်။ ယနေ့ခေတ်တွင် မှိုစိုက်ပျိုးခြင်းသည် ရှေးဟောင်းအစဉ်အလာတစ်ခုမျှသာ မဟုတ်တော့ဘဲ ခေတ်မီစီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်လာပြီဖြစ်သည်။ မှိုစိုက်ပျိုးခြင်းသည် အမှိုက်မှ ရွှေကို ထုတ်ယူခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အသုံးမလိုတော့သော စွန့်ပစ်ပစ္စည်းများကို တန်ဖိုးရှိသော ထွက်ကုန် အဖြစ်ပြောင်းလဲခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မှိုစိုက်ပျိုးခြင်းကို “တစ်ချက်ခုတ် သုံးချက်ပြတ်” ဟု ခေါ်ဆို ကြသည်။ အကြောင်းမှာ ဤလုပ်ငန်းသည် လယ်ယာစွန့်ပစ်ပစ္စည်းများမှ မှိုလည်းရ၊ မှိုဆွတ်ပြီးနောက် ကျန်ရှိသည့် အဆွေးမှ မြေဆွေးလည်းရ၊ လယ်ယာထွက်သီးနှံလည်းရရှိသောကြောင့်ဖြစ်သည်။ ထို့ပြင် မှိုစိုက်ပျိုးခြင်းကို “ငွေထုတ်စက်” ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့်ဆင်းရဲမှုလျှော့ချရေးတွင် မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အထူးပင်အထောက်အကူပြုသော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်။ ဗေဒါ၊ ငှက်ပျော၊ ကောက်ရိုး၊ ပြောင်းဖူးရိုး၊ ပြောင်းပင် စသည့် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ၊ ဆီထွက်သီးနှံများ၊ ဝါ၊ ပဲမျိုးစုံနှင့် ဆီအုန်းတို့ကို အသုံးပြု၍ မှိုစိုက်ပျိုးနိုင်သည်။ မှိုစိုက်ပျိုး ထုတ်လုပ်ပြီး ဆွတ်ခူးပြီးနောက် ကျန်ရှိသော အဆွေးများကို အဖိုးတန်မြေဆွေးအဖြစ် ဆက်လက် အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် စပါးစိုက်ပျိုးလျှင် စပါးတစ်သီးရရှိသည်။ ထို့နောက် ကျန်ရှိသော ကောက်ရိုးကိုအသုံးပြု၍ မှိုအမျိုးမျိုးစိုက်ပျိုးသဖြင့် မှိုလည်းရပြန်သည်။ မှိုများကိုနုတ်ယူပြီးနောက် ကျန်ရှိ သည့်မှိုစိုက်ခင်းပုံမှမြေဆွေးကိုလည်း ထပ်မံရရှိပြန်သည်။ ဤသည်ကို “တစ်ချက်ခုတ် သုံးချက်ပြတ်” ဟုခေါ်ဆိုခြင်းဖြစ်သည်။ သုတေသနပညာရှင်များ၏ အဆိုအရလယ်ယာစွန့်ပစ်အမှိုက်တန်ချိန် သုံးသန်းမှ မှိုတန်ချိန် တစ်သန်းမှ ၁ ဒသမ ၅ သန်းအထိ ထုတ်လုပ်နိုင်သည်ဟုသိရသည်။
မှိုသမိုင်း
အီဂျစ်နိုင်ငံ၏ မှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့် (ဘီစီ ၄၀၀၀) ကပင် လူတို့သည် မှိုကို စတင်စားသုံးခဲ့ကြသည်။ အချို့က ကျောက်ခေတ်ကပင် မှိုစိုက်ပျိုးခဲ့သည်ဟုဆိုသည်။ ထို့နောက် ရုရှား၊ တရုတ်၊ ဂရိ၊ မက္ကဆီကိုနှင့်လက်တင်အမေရိကနိုင်ငံတို့တွင် စိုက်ပျိုးလာကြသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် မှိုစိုက်ပျိုးခဲ့သည်။ ကြွက်နားရွက်မှိုကို အေဒီ ၆၀၀၊ ရွှေအပ်မှိုကို အေဒီ ၈၀၀၊ ရှီတာကီမှိုကို အေဒီ ၁၀၀၀ တွင် စတင်စိုက်ပျိုးခဲ့ကြသည်။စီးပွားဖြစ် မှိုစိုက်ပျိုးခြင်းကိုမူ ဥရောပတွင် ၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များတွင်မှ စတင်ခဲ့သည်။ ၁၉ ရာစုနှစ်နှောင်းပိုင်းတွင်မှ အမေရိကန်သို့ ပျံ့နှံ့ရောက် ရှိခဲ့သည်။ ပထမဆုံးမှိုမျိုးစပွန်းကို ပြင်သစ်မှိုပညာရှင် Louis F. Lambert မှ ၁၉ ရာစုအစောပိုင်းတွင် ထုတ်လုပ် ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် မှိုဈေးကွက် စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က ကြယ်သီးမှိုသည် ဈေးကွက်ကို လွှမ်းမိုးထားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ကြယ်သီးမှိုသည် ကမ္ဘာ့မှိုဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို လွှမ်းမိုးထားနိုင်ခဲ့သည်။ သို့သော် ၁၉၉၇ ခုနှစ်သို့ရောက်သောအခါ ရှီတာကီမှို၊ ငွေနှင်းမှို (အွိုက်စတာမှို)၊ ကောက်ရိုးမှို၊ ကြွက်နားရွက်မှို စသည့်အခြားမှိုများ ဈေးကွက်ထဲသို့ ဝင်ရောက်လာသဖြင့် ကြယ်သီးမှို၏ဈေးကွက်ဝေစုမှာ ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရသည်။ ယခုအခါတွင် နိုင်ငံပေါင်း ၁၀၉ နိုင်ငံကျော်၌ မှိုစိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ကြသော အမေရိကန်နှင့် ဥရောပနိုင်ငံတို့သည် မှိုစိုက်ပျိုးရေးကို စက်မှုထုတ်ကုန်အဖြစ် စက်ကြီးများဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြသည်။ ကမ္ဘာ့မှိုဈေးကွက်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ အချက်အလက်အရ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၁ ဘီလီယံရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၁၃ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၃ ဘီလီယံအထိရှိလာသည်။ ၂၀၂၅ ခုနှစ်၊ ၂၀၂၆ ခုနှစ်တို့တွင် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံအထိရောက်ရှိနိုင်မည်ဟု ခန့်မှန်းကြသည်။ ထိုငွေပမာဏမှာ အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ပမာဏနှင့်တူညီနေသည်။ ဤအချက်က မှိုစိုက်ပျိုးရေးလုပ်ငန်း၏ အနာဂတ်အရေးပါမှုကို ကောင်းစွာခန့်မှန်းနိုင်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်၊ ဆင်းရဲမှုလျော့ကျစေရန်၊ အလုပ်အကိုင်အသစ်များ ဖန်တီးနိုင်ရန်၊ အစားအစာဖူလုံမှုရရှိရန်၊ ကျေးလက်ဒေသပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် နိုင်ငံတော်၏ GDP တိုးတက်စေရန်အတွက် မှိုကို တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်အထိ စိုက်ပျိုးရန်လိုအပ်သည်။
မြန်မာ့မှိုစိုက်ပျိုးရေး
မြန်မာနိုင်ငံတွင် ကောက်ရိုးမှိုစိုက်ပျိုးခြင်း လုပ်ငန်းကို ၁၉၃၂ ခုနှစ်ခန့်က ထိုင်းနိုင်ငံမှ ပညာရှင်နှစ်ဦး၏ အကူအညီဖြင့် စတင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှစ၍ အထွက်နှုန်းကောင်းသော မှိုမျိုးများကို တင်သွင်းခြင်း၊ မှိုမျိုးများထုတ်လုပ် ဖြန့်ဖြူးခြင်းတို့ကြောင့် လူအများစိတ်ဝင်စားလာ ကြပြီး စီးပွားဖြစ်စတင်ထုတ်လုပ် လာကြသည်။ နောက်ပိုင်းတွင် ကောက်ရိုးမှိုတစ်မျိုးတည်းသာမဟုတ်ဘဲ ငွေနှင်းမှို၊ ငွေမိုးမှို၊ ကြွက်နားရွက်မှို၊ ထပ်တရာမှို စသည့် မှိုမျိုးများကိုပါ ၁၉၈၀ ပြည့်နှစ်တွင် တိုးချဲ့စိုက်ပျိုးလာကြပြီး မှိုသင်တန်းများကိုလည်း ပို့ချပေးခဲ့ကြသည်။ရန်ကုန်မြို့ ၉ မိုင်ရှိ မှိုခြံ၊ မှော်ဘီမြို့ရှိ ညောင်နှစ်ပင် မှိုခြံ၊ ပဲခူးမြို့ ၁၀ မိုင်ကုန်းရှိ မှိုခြံ၊ တောင်ငူမြို့ရှိ ကျောက်တိုင်မှိုခြံတို့တွင် အဓိကမှိုငါးမျိုးဖြစ်သည့် ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ နို့စိမ်းမှို၊ ကောက်ရိုးမှိုနှင့် လင်ဇီးမှိုတို့ကို စိုက်ပျိုးလျက်ရှိသည်။ ပြင်ဦးလွင်ရှိ မှိုခြံတွင် အအေးပိုင်းဒေသ၌ ဖြစ်ထွန်းသော ရှီတာကီမှို၊ ကမ္ဘာပေါ်တွင် အစိုက်ပျိုးဆုံးနှင့် စားသုံးမှု အများဆုံးဖြစ်သည့် ကြယ်သီးမှို၊ မျောက်ခေါင်းမှို၊ ပဲပင်ပေါက်မှို၊ ရွှေအပ်မှိုတို့အပြင် ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုတို့ကိုပါ စိုက်ပျိုးကြသည်။ ထို့ပြင် တိုးတက်သောနည်းပညာများကြောင့် ယခုအခါ ရာသီမရွေး တစ်နှစ်ပတ်လုံး မှိုကို စက်မှုထွက်ကုန်သီးနှံအဖြစ် စိုက်ပျိုးနိုင်ပြီဖြစ်သည်။
ကမ္ဘာ့နှစ်စဉ်တိုးပွားနေသောလူဦးရေ၏ လိုအပ်သော အာဟာရအတွက် ဖြည့်ဆည်းပေးမည့်မှို
ကမ္ဘာ့လူဦးရေသည် နှစ်စဉ်တိုးပွားလျက်ရှိရာ လိုအပ်သောအာဟာရကို မှိုက ဖြည့်ဆည်းပေးနိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကပင် မှိုစိုက်ပျိုးရေးသည် တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး ထုတ်လုပ်မှုမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မှိုထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်။ ယခုအခါ မှိုလုပ်ငန်းသည် ခေတ်မီဆန်းသစ်လာပြီး ဖွံ့ဖြိုးပြီး ဥရောပနှင့်အမေရိကန်နိုင်ငံတို့တွင် အဆင့်မြင့်နည်းပညာများနှင့် စက်ကိရိယာများဖြင့် အမြောက်အမြား ထုတ်လုပ်စားသုံးလျက်ရှိသည်။ ထိုနိုင်ငံများသည် နည်းပညာများ၊ စက်ကိရိယာများ၊ အထွက်ကောင်း မှိုမျိုးများနှင့် မှိုများကိုပင် ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိသည်။ မှိုမှ လူတို့အတွက် အသားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပေါကြွယ်ဝစွာရရှိစေသည်။ ကမ္ဘာ့စားနပ်ရိက္ခာ ဖွံ့ဖြိုးရေးအဖွဲ့ (FAO) ကလည်း မှိုကို အစားအသောက်ထွက်ကုန်တစ်ခုအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများ (ကျေးလက်ဒေသများအပါအဝင်) တွင် နှစ်စဉ်တိုးချဲ့စိုက်ပျိုးကြရန် ထောက်ခံအားပေးထားသည်။
ကမ္ဘာ့စီးပွားဖြစ် အများဆုံးစိုက်ပျိုးထုတ်လုပ်သော မှိုစိုက်ပျိုးနည်းပညာ
ကမ္ဘာပေါ်တွင် မှိုမျိုးစိတ်ပေါင်း ၁၄၀၀၀ ရှိပြီး ယင်းတို့အနက် စားသုံးရန်သင့်လျော်သော မျိုးစိတ်ပေါင်း ၇၀၀၀ ရှိသည်။ ထိုမျိုးစိတ်များအနက် ၂၀၀ ကျော်ကို ဓာတ်ခွဲခန်းများတွင် စမ်းသပ်စိုက်ပျိုးအောင်မြင်ပြီးဖြစ်သည်။ စီးပွားဖြစ် မျိုးစိတ်ပေါင်း ၉၀ ကို ကမ္ဘာအနှံ့ စိုက်ပျိုးလျက်ရှိသည်။ အချို့မှိုမျိုးစိတ် ၇၃ မျိုးကိုမူ ဆေးဝါးထုတ်လုပ်ရေးအတွက် စိုက်ပျိုးကြသည်။ ယခုအခါ ပြည်တွင်းသုံးရန်နှင့် ပြည်ပသို့တင်ပို့ရန်အတွက် စက်မှုထုတ်ကုန်အနေဖြင့် အမြောက်အမြားစိုက်ပျိုးထုတ်လုပ်နေသော မှိုမျိုးစိတ် ၂၀ ကျော်ခန့်ရှိသည်။ မှိုကို ရှေးနှစ်ပေါင်းများစွာကပင် တောထဲမှသဘာဝအတိုင်းပေါက်သော မှိုများကို နုတ်ယူစားသုံးခဲ့ကြသော်လည်း ဥရောပတွင် ၁၆၀၀ ပြည့်နှစ်များနှင့် ပြင်သစ်တွင် ၁၈ ရာစုနှစ်များရောက်မှ နည်းပညာသစ်များဖြင့် စတင်စိုက်ပျိုးထုတ်လုပ်ခဲ့ကြသည်။ ၁၉ ရာစုနှစ်တွင် ဥရောပနှင့် အမေရိကန်တို့၌ မှိုစိုက်ပျိုးစားသုံးမှုမှာ ထင်ရှားကျော်ကြားလာခဲ့သည်။ ၁၉ ရာစုနှစ်နောက်ပိုင်းတွင် နယ်သာလန်၊ အီတလီနှင့် အခြားဥရောပနိုင်ငံတို့မှ တစ်ဆင့်မှိုစိုက်ပျိုးရေး နည်းပညာများသည် အမေရိကန်သို့ ရောက်ရှိလာသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်၌ မှိုစိုက်ပျိုးလာကြသည်။ မြန်မာနိုင်ငံသည် မှိုမျိုးစုံစိုက်ပျိုးရန် အခြေအနေကောင်းသောနိုင်ငံဖြစ်သည်။ ပူအိုက်စွတ်စိုသောဒေသ၊ ခြောက်သွေ့သောဒေသ၊ အေးသောဒေသ၊ သစ်တောထူထပ်သော တောင်ပေါ်ဒေသ များရှိသည်။ ထို့ကြောင့် ပူအိုက်စွတ်စိုသော ရာသီကိုကြိုက်သော မှို၊ အေးသောအရပ်ကို နှစ်သက်သောမှို၊ သစ်တောအတွင်းဖြစ်ထွန်းသော မှိုများအားလုံးကို စိုက်ပျိုးနိုင်သော ရာသီဥတုမျိုးစုံမှုရှိသည့် တိုင်းပြည်ဖြစ်သည်။ ထို့ကြောင့် မှိုစိုက်ပျိုးရေးကို အထူးအလေးပေး စိုက်ပျိုးသင့်ပြီး ၎င်းသည် နိုင်ငံခြားငွေရှာဖွေပေးနိုင်သော လုပ်ငန်းကြီးတစ်ခုဖြစ်လာနိုင်သည်။
မှိုသည် အာဟာရပြည့်ဝသော အစားအစာဖြစ်ရုံသာမက ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို မပျက်စီးစေဘဲ ကောင်းမွန်စေရန်အတွက် ကမ္ဘာ့နိုင်ငံများစွာတွင် လိုအပ်လျက်ရှိသည်။ ထိုလိုအပ်ချက်များကို မှိုစိုက်ပျိုးရေးက ဖြည့်ဆည်းပေးနိုင်သည်။ လယ်ယာစွန့်ပစ်အမှိုက်များကို စားသောက်ကုန်အဖြစ် ပြန်လည်ထုတ်လုပ်ပေးသည်မှာလည်း မှိုစိုက်ပျိုးရေးပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှိုစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်တိုးတက်စေရန် ကျေးလက်ဒေသများသို့ မှိုစိုက်ပျိုးရေးအခြေခံနှင့် အဆင့်မြင့်သင်တန်းများကို အခမဲ့ သို့မဟုတ် ကုန်ကျစရိတ် သက်သာစွာ ဖွင့်လှစ်ပေးခြင်း၊ နိုင်ငံခြားမှ အထွက်နှုန်းကောင်း မှိုမျိုး ကောင်းများကိုတင်သွင်းပြီး တောင်သူများသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးခြင်း၊ ခေတ်မီစက်ကိရိယာများ၊ ရာသီမရွေးစိုက်ပျိုးနိုင်သော နည်းပညာများကို အသေးစား၊ အငယ်စား၊ အလတ်စားတောင်သူများသို့ ကူညီပံ့ပိုးပေးခြင်း၊ ပြည်တွင်း/ ပြည်ပမှိုဈေးကွက်များနှင့် တောင်သူများကို တိုက်ရိုက်ချိတ်ဆက်ပေးသည့် စနစ်တစ်ရပ် ဖော်ဆောင်ခြင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီသော မှိုမျိုးသစ်များ သုတေသနပြု ထုတ်လုပ်ခြင်းနှင့် မှို၏အာဟာရတန်ဖိုး၊ စီးပွားရေးအလားအလာနှင့် စိုက်ပျိုးနည်းစနစ်များကို ရုပ်သံ၊ ရေဒီယို၊ လူမှုကွန်ရက်များမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းသည် ခေတ်မီစိုက်ပျိုးရေးလောကတွင် အကျိုးကျေးဇူးများစွာရရှိနိုင်ပြီး စီးပွားရေးအရ မဟာဗျူဟာမြောက် တန်ဖိုးကြီးထွက်ကုန်တစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်သည်။ မှိုစိုက်ပျိုးခြင်းသည် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်မျှဖြင့် လျင်မြန်စွာအကျိုးအမြတ်ရရှိနိုင်ပြီး ရေရှည်တည်တံ့သော လုပ်ငန်း တစ်ခုလည်း ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ဤအခွင့်အလမ်းကို လက်လွတ်မခံဘဲ မှိုစိုက်ပျိုးရေး လုပ်ငန်းကို တစ်နိုင်တစ်ပိုင်အဆင့်မှသည် စီးပွားဖြစ်အဆင့်အထိ အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်သင့်ပါကြောင်း အလေးအနက် တိုက်တွန်း ရေးသားလိုက်ပါသည်။
DOCA(ပဲခူး)
