ရှမ်းပြည်နယ်မြောက်ပိုင်းသည် ရာသီဥတုမျှတပြီး မြေဆီလွှာကောင်းမွန်သဖြင့် လက်ဖက်၊ ကော်ဖီနှင့် လိုင်ချီးသီး၊ နာနတ်သီး စသည့် သစ်သီးဝလံများ စိုက်ပျိုးဖြစ်ထွန်းရာ နာမည်ကျော် ဒေသတစ်ခုဖြစ်သည်။ ထိုသစ်သီးများအပြင် မကြာသေးမီနှစ်များအတွင်း ပြည်တွင်းဈေးကွက်၌ လူကြိုက်များပြီး စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည့် အသီးတစ်မျိုးမှာ " သကြားသီး" (Sapodilla) ခေါ် လေချူးသီး ဖြစ်သည်။ အေးမြသော တောင်ပေါ်ရာသီဥတုနှင့် သဘာဝမြေဆီလွှာ ကြောင့် ရှမ်းမြောက်ဒေသထွက်သကြားသီးများသည် အခြားဒေသထွက်အသီးများနှင့်မတူဘဲ ထူးခြားသည့် အရသာနှင့် အရည်အသွေးကို ပိုင်ဆိုင်ထားသည်။
သကြားသီးပင် (လေချူသီး) သည် ရေဆင်းကောင်းပြီး စိုထိုင်းဆရှိသော မြေမျိုးကို နှစ်သက်သလို၊ မိုးအသင့်အတင့်ရှိသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၏ တောင်ကုန်းတောင်တန်း မြေနုများနှင့် သင့်တော်သည့် အပူချိန်သည် သကြားသီး ပင်များ ရေရှည်ရှင်သန်ဖြစ်ထွန်းရန် အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်။ ရှမ်းမြောက်ဒေသထွက် သကြားသီးများ၏ အဓိကထူးခြားချက်မှာ ကုန်းမြင့်ဒေသ၏ နေ့နှင့်ည အပူချိန်ကွာဟမှုကြောင့် အသီးအတွင်း သဘာဝသကြားဓာတ် (Glucose) စုစည်းမှု အားကောင်းကာ ပျားရည်ကဲ့သို့ ဆိမ့်ချိုသော အရသာကို ရရှိစေသည်။ သဘာဝအတိုင်း အပင်ပေါ်၌ ရင့်မှည့်ချိန်အထိ ထားရှိပြီးမှ ခူးဆွတ်လေ့ရှိသဖြင့် အသီးအတွင်း အစေးဓာတ်နည်းကာ စားသုံးရသည်မှာ နူးညံမွှေးအိနေသည်။ သဘာဝမြေဩဇာကို အဓိကအားပြုစိုက်ပျိုးသဖြင့် အသီးများမှာ လုံးဝိုင်းပြီး အခွံပါးကာ အရွယ်အစား အသင့်အတင့်နှင့် ညီညာကြသည်။
ရှမ်းမြောက်သကြားသီးကို စားသုံးခြင်းဖြင့် အရသာရှိရုံသာမက များစွာသော ကျန်းမာရေး အကျိုးကျေးဇူးများကိုပါ ရရှိစေနိုင်ပါသည်။ ခန္ဓာကိုယ်ကို ချက်ချင်းအားအင်ပြည့်စေပြီး၊ သဘာဝ ဂလူးကို့စ်ဓာတ် မြင့်မားစွာပါဝင်သဖြင့် မောပန်းနွမ်းနယ်မှုကို ချက်ချင်းပြေပျောက်စေကာ အားကစားသမားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်လျော်သည်။ အစာခြေစနစ်ကို အထောက်အကူပြုပြီး၊ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလမ်းကြောင်းကို သန့်စင်ပေးသည်။ ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝစွာပါဝင်ပြီး၊ ဗီတာမင် A နှင့် C ပါဝင်သဖြင့် အမြင်အာရုံကို ကောင်းမွန်စေပြီး အရေပြားကို စိုပြေလှပစေသည့်အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်။ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများနှင့် ပြင်ပကူးစက်ပိုးမွှားများကို တိုက်ဖျက်ပေးနိုင်သည့် အာနိသင်ရှိသည်။
သကြားသီးကို အစေ့မှ စိုက်ပျိုးနိုင်သော်လည်း အသီးသီးရန် ၆ နှစ်မှ ၈ နှစ်အထိ ကြာမြင့်တတ်ပြီး မိခင်ပင်၏ အရည်အသွေးကို အပြည့်အဝ မရရှိနိုင်သောကြောင့် စီးပွားဖြစ် စိုက်ပျိုးရာတွင် ကိုင်းကူးပင် (သို့မဟုတ်) ကိုင်းဆက်ပင် (Grafted/Budded plants) များကိုသာ အသုံးပြုသင့်သည်။ ကိုင်းကူးပင်များသည် စိုက်ပျိုးပြီး ၂ နှစ်မှ ၃ နှစ်အတွင်း စတင်အသီးသီးနိုင်သည့် အားသာချက် ရှိသည်။ အပင်အကွာအဝေးကို တစ်ပင်နှင့်တစ်ပင် (၂၅) ပေမှ (၃၀) ပေ ပတ်လည် စနစ်ဖြင့် စိုက်ပျိုးသင့်သည်။ စိုက်ပျိုးရန် မြေကို အလျား၊ အနံ၊ အနက် (၃ ပေ x ၃ ပေ x ၃ ပေ) တူးရပြီး ကျင်းတူးရာမှ ထွက်လာသော အပေါ်ယံမြေကို နွားချေးဆွေး (သို့မဟုတ်) သဘာဝမြေဩဇာ၊ ဖွဲပြာတို့နှင့် သမအောင် ရောစပ်ပြီး ကျင်းထဲသို့ ပြန်လည် ဖို့ပေးရမည်။ မြေအနည်ထိုင်စေရန် မိုးမကျမီ ကြိုတင်ပြင်ဆင်ထားရပါမည်။
မိုးဦးကျကာလ (မေလနှင့် ဇွန်လ) သည် ပျိုးပင်များ ချစိုက်ရန် အကောင်းဆုံး အချိန် ဖြစ်သည်။ ပျိုးထုပ်ကို ဂရုတစိုက် ခွာပြီး မြေမြစ်ဆုံအထိ ကျင်းလယ်တွင် စိုက်ပျိုးကာ မြေသိပ်ပေး ရမည်။ အပင်ငယ်စဉ်တွင် လေဒဏ်ကြောင့် လဲမသွားစေရန် တိုင်ထိုး၍ ချည်နှောင်ပေးရပါမည်။ သကြားသီးပင်သည် ရေဝပ်သည်ကို မနှစ်သက်သဖြင့် ရေစစ်ကောင်းသော မြေဖြစ်ရပါမည်။ အပင်ငယ်စဉ်တွင် ပုံမှန်ရေလောင်းပေးရန် လိုအပ်ပြီး အပင်ကြီးလာပါက မိုးရေဖြင့်တင် လုံလောက် သော်လည်း နွေရာသီ ပန်းပွင့်အသီးတင်ချိန်တွင် ရေအစိုဓာတ် မပြတ်စေရန် ဂရုစိုက်ရမည်။ မြေဩဇာအဖြစ် တစ်နှစ်လျှင် နှစ်ကြိမ် (မိုးဦးနှင့် မိုးနှောင်း) သဘာဝမြေဩဇာနှင့် ကွန်ပေါင်း မြေဩဇာများကို အပင်အဝန်းအလိုက် ကျွေးပေးရပါမည်။
အပင်ကို အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစေရန်အတွက် မြေပြင်မှ ၃ ပေခွဲခန့် အထိ ပင်မပင်စည်တွင် ထွက်လာသော ဘေးကိုင်းများကို ဖယ်ရှားပေးရပြီး အသီးခူးဆွတ်ပြီးတိုင်း ခြောက်သွေ့နေသောကိုင်းများ၊ ရောဂါရနေသောကိုင်းများကို ဖြတ်တောက်ပေးခြင်းဖြင့် နောက်ရာသီတွင် အသီးအထွက်နှုန်းကို ပိုမိုကောင်းမွန်စေသည်။
သကြားသီးသည် ပန်းပွင့်ပြီးနောက် (၄) လမှ (၆) လအတွင်း ရင့်မှည့်သည်။ အသီးရင့်မှည့် ကြောင်းကို အခွံပေါ်ရှိ အညိုရောင်အမှုန်များကို ပွတ်ကြည့်ပါက အစိမ်းရောင်မတွေ့ဘဲ အဝါရောင် သန်းနေခြင်း၊ အသီးညှာကို ဆိတ်ကြည့်လျှင် အစေးထွက်နည်းခြင်းတို့ဖြင့် ခန့်မှန်း နိုင်သည်။ ခူးဆွတ်ပြီးနောက် အခန်းအပူချိန်တွင် (၃) ရက်မှ (၅) ရက်ခန့် ထားရှိပါက သဘာဝ အတိုင်း မှည့်ဝင်းလာမည် ဖြစ်သည်။
ယခင်က သကြားသီးကို အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ ရှမ်းမြောက်ဒေသရှိ တောင်သူများသည် သစ်သီးဝလံစိုက်ပျိုးရေး ဥယျာဉ်ခြံများအဖြစ် စီးပွားဖြစ် ပြောင်းလဲစိုက်ပျိုးလာကြသည်။ ရှမ်းမြောက်ဒေသသည် ကုန်သွယ်ရေးလမ်းကြောင်းနှင့် နီးစပ်သဖြင့် လတ်ဆတ်သော သကြားသီးများကို ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသို့ သာမက ပြည်ပဈေးကွက်များသို့ပါ အချိန်တိုအတွင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးနိုင်သည့် အားသာချက်ရှိသည်။ အသီးကို လတ်လတ်ဆတ်ဆတ် စားသုံးကြရုံသာမက သကြားသီးဖျော်ရည်၊ အသီးခြောက်နှင့် ရေခဲမုန့်လုပ်ငန်းများတွင်ပါ ကုန်ကြမ်းအဖြစ် အသုံးချနိုင်ခြင်းကြောင့် တောင်သူများအတွက် ရေရှည်ဝင်ငွေရရှိစေမည့် အလားအလာရှိသော သီးနှံတစ်ခု ဖြစ်လာသည်။
ခြုံငုံ၍ဆိုရသော် ရှမ်းမြောက်ဒေသထွက် သကြားသီး သည် ချိုအေးဆိမ့်မွှေးသော အရသာ၊ မြင့်မားသောအာဟာရတန်ဖိုးတို့ကြောင့် သစ်သီးချစ်သူတို့ အကြိုက်တွေ့စေမည့် ဒေသထွက် လက်ဆောင်မွန်တစ်ခု ဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ ပိုမိုတိုးတက် လာသည်နှင့်အမျှ ရှမ်းမြောက်မြေမှ သကြားသီးများသည် မြန်မာ့သစ်သီးဝလံဈေးကွက်တွင် အောင်မြင်ကျော်ကြားသော အမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်နေရာယူထားဦးမည် ဖြစ်ပါ တော့သည်။
DOCA(ရှမ်း)
