
ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ ရေးသားလာခြင်းဖြစ်သည်။ ကု၊ က ၏ အနက် အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏ အနက် အဓိပ္ပာယ်သည် သွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်း လဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။ ကဆုန်ညောင်ရေသွန်းပွဲသည် မြန်မာသက္ကရာဇ်၏ ဒုတိယ မြောက်လဖြစ်သော ကဆုန်လသည် နွေအကုန် မိုးအကူးကာလဖြစ်ပြီး “တန်ခူးရေကုန် ကဆုန်ရေရှား” “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဟု ဆိုရိုးရှိသည့်အတိုင်း အပူရှိန်အပြင်းဆုံးလ တစ်လလည်း ဖြစ်ပါသည်။ ထိုလ၏ လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားမွန်မြတ်လှသော “ဗုဒ္ဓနေ့”ပင်ဖြစ်သည်။ ကဆုန်လတွင် ကျင်းပသော ကဆုန်ညောင်ရေသွန်းပွဲတော်သည် အလွန်မွန်မြတ် သည့် ဘာသာရေးပွဲတော်တစ်ခု ဖြစ်ပါသည်။ ကဆုန်လပြည်နေ့သည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် ပတ်သက်၍ ထူးခြားသော ဖြစ်စဉ်(၄)ရပ် ဖြစ်ပေါ်ခဲ့သည့်နေ့ (ဗုဒ္ဓနေ့)ဖြစ်သောကြောင့် ထိုနေ့တွင် ကုသိုလ်ယူ ပူဇော်ကြခြင်း ဖြစ်သည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်(၄)ရပ်
ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝဖြစ်စဉ်တော်တွင် အရေးကြီးသောဖြစ်ရပ်ကြီး (၄)ခုသည် ကဆုန် လပြည့်နေ့တွင် တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သောကြောင့် ယင်းနေ့ကို “ ဝိသာခါနေ့” ဟုလည်း ခေါ်ဆိုကြ ပါသည်။ ဗျာဒိတ်ခံယူခြင်း-ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝဖြင့် ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ ဗျာဒိတ်တော်ခံယူသောနေ့၊ ဖွားမြင်ခြင်း-သိဒ္ဓတ္ထမင်းသားကို လုမိ္ဗနီအင်ကြင်း တော၌ ဖွားမြင်သောနေ့၊ ဘုရားဖြစ်ခြင်း- အလောင်းတော်မင်းသား သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားစင်စစ် ဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံခြင်း -ကုသိနာရုံပြည်၌ မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ် တွင် ပရိနိဗ္ဗာန်စံတော်မူသောနေ့ ဖြစ်ပေါ်ခဲ့သော ကဆုန်လပြည့်နေ့ကို ရည်စူး၍ ကုသိုလ်ယူကြသည်။
ညောင်ရေသွန်းပွဲတော် ကျင်းပပုံ
ဗုဒ္ဓပွင့်တော်မူရာ ဗောဓိပင်ကို ကျေးဇူးဆပ်ပူဇော်သည့်အနေဖြင့် ညောင်ရေသွန်းကြခြင်း ဖြစ်သည်။ အပူရှိန်ပြင်းထန်သော ကဆုန်လတွင် မြစ်ချောင်းအင်းအိုင် များ ရေခန်းခြောက်ချိန် ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက်ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသော မြေပြင် သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာ များက ကဆုန် အတွင်း “ မြေသင်းပျံ့ပျံ့မိုးနှံ့နှံ့” ဟု ဆိုရိုး ပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန် အပြင်းထန်ဆုံး အချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်ခန်း ခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှန်းကာ ဗောဓိပင်အပွားတော်များကို ညှိုးနွမ်း ပျက်စီးခြင်း မရှိဘဲ လန်းဆန်းစိုပြေစေရန် ရည်ရွယ်၍ သဒ္ဓါတရား ထက်သန်စွာ ရေစင် သွန်းလောင်းလေ့ ရှိကြသည်။ ပူပြင်းလှသော ကဆုန်လတွင် အေးမြ သော နံ့သာရေများ လောင်းလှူခြင်းဖြင့် မိမိတို့၏ စိတ်နှလုံးလည်း အေးချမ်းစေရန် ရည်ရွယ်ပါသည်။
မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိညောင်ပင်အား ခြောက်သွေ့ခြင်း မှ ကင်းဝေးစေရန် ရည်မှန်း၍ ညောင်ရေသွန်းလောင်းသည့် ဓလေ့သည့် ရှေးမြန်မာမင်းများ လက်ထက်ကတည်း ကယနေ့တိုင် တည်ရှိနေသော ယဉ်ကျေးမှု ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့တွင် ဘုရားစေတီ ပရဝုဏ် အတွင်းရှိ စေတီတော်ရင်ပြင်နှင့်ပတ်ဝန်းကျင် ဗောဓိညောင်ပင်များတွင် ဘုရားဖူးပြည်သူများ၊ ဝတ်အသင်းအဖွဲ့ များက စုပေါင်း၍ နံသာရေများလောင်းလှူပူဇော်ကြသည်။
ညောင်ရေသွန်းပွဲသည် တစ်ဦးတည်းပြုလုပ်ခြင်းထက် ရပ်ကွက်၊ ကျေးရွာမြို့နယ်အလိုက် စုပေါင်း၍စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသဖြင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သော ပွဲတော် တစ်ခုလည်း ဖြစ်ပြီး ဘာသာရေးအရ ကြည်ညိုသပ္ပာယ်ဖို့ ကောင်းရုံသာမက မြန်မာတို့၏ စည်းလုံး ညီညွှတ်မှုကိုပြသသော ယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်ပါသည်။ အပူရှိန်ပြင်းသည့် ကာလတွင် စိတ်နှလုံး အေးချမ်းမှုနှင့် ကုသိုလ်တရားများကို ရှာမှီးကြသည့် မြန်မာ့ရိုးရာ အစဉ်အလာ ကောင်းတစ်ရပ်ပင် ဖြစ်ပါတော့သည်။
DOCA(ပဲခူး)
