
လက်ဖက်သည်အနံ့ပါသောအရွက်တစ်မျိုးဖြစ်ပြီး အာရှတိုက်မှစတင်၍ လက်ဖက်ယဉ်ကျေးမှုထွန်းကားခဲ့သည်။ တရုတ်နိုင်ငံတွင် လက်ဖက်ခြောက်(အခါးခြောက်) ယဉ်ကျေးမှုထွန်းကားပြီး၊ အိန္ဒိယတွင်လက်ဖက်ခြောက်(အချိုခြောက်)ယဉ်ကျေးမှုထွန်းကားသည်။ ကမ္ဘာပေါ်ရှိလက်ဖက်ယဉ်ကျေးမှုများတွင် မြန်မာနိုင်ငံရှိလက်ဖက်ယဉ်ကျေးမှုမှာ ပို၍ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စိုနှင့်လက်ဖက်ခြောက်ဟူ၍အသုံးပြုလေ့ရှိသည်။လက်ဖက်ခြောက်တွင်အချိုခြောက်နှင့်အခါးခြောက်ဟူ၍နှစ်မျိုးရှိပြီး လက်ဖက်ခြောက်ကို ရေနွေး ပူထဲတွင်ထည့်ကာ လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်း၊ အခါးရည်အဖြစ် သောက်သုံးကြသည်။ လက်ဖက်ရည်သည်ကမ္ဘာပေါ်တွင် သောက်သုံးမှုအများဆုံးဖြစ်ပြီး လက်ဖက် ရွက်ကိုအချဉ်ဖောက်၍နှပ်ကာ ရရှိလာသောလက်ဖက်စိုကို အစာပလာမျိုးစုံရောပြီးလက်ဖက်သုပ် အဖြစ်စားသုံးကြသည်။ လက်ဖက်(သို့မဟုတ်)လက်ဖက်သုပ်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် အရေးပါသော အစားအစာတစ်ခုဖြစ်သည်။ လက်ဖက်စိုသည် ရိုးရာအလိုက်ပွဲဝင်သော ခဲဖွယ် တစ်ခုဖြစ်သည်သာမက လွှတ်ရုံးများ၏အဆုံးအဖြတ်များတွင် လက်ဖက်စား၍အမှုပြေငြိမ်းခြင်း၊ လက်ဖက်စား၍ အမှုပြတ်ကင်းခြင်းတို့ကိုပြုလုပ်ဆောင်ရွက်လေ့ရှိသည်။ ရပ်ရွာအတွင်း၌လည်း ဘာသာရေးပူဇော်ပွဲ၊ နတ်ပူဇော်ပွဲများတွင်လက်ဖက်မပါလျှင်မပြီးသကဲ့သို့ဖြစ်သည်။ မြန်မာ့ရိုးရာ အလိုက် ထိမ်းမြားမင်္ဂလာပွဲများအတွက်ဖိတ်ကြားရာတွင် လက်ဖက်ထုပ်များဖြင့် ဖိတ်ကြားလေ့ ရှိသည်။မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ မိုးမိတ်နှင့် မိုင်းလုံနယ်များတွင်လက်ဖက်ပင်များကို အများဆုံးစိုက်ပျိုးသည်။ နမ့်ဆန့်နှင့် မိုင်းငေါ့တို့ဘက်မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့မှာကောင်း၍ လူသုံးလည်းများသည်။ လက်ဖက်အများဆုံးထွက်၍ နယ်လည်းအကျယ်ဆုံးဖြစ်သည်။ လက်ဖက်ရွက်သစ်နု ချိန်မှာနှစ်စဉ်တန်ခူးလဆန်းစအခါ၌ဖြစ်စေ၊ သင်္ကြန်ရက်မတိုင်မီ၌ဖြစ်စေအနည်းအကျဉ်းသာနု၍ သင်္ကြန်ရက်အတွင်း သင်္ကြန်မိုးရွာချပြီးချိန်တွင် အပင်တိုင်း၌ ဝေဆာအောင်အရွက်များနုလာကြောင်း သိရှိရသည်။
DOCA(မန္တလေး)
