ဝင်ငွေတိုးဖို့ပုစွန်မွေးကြပါစို့

Powered by Drupal
Wed, 03/11/2026 - 15:26 -- consumer_admin

             ပုစွန်၏အရသာသည်ထူးကဲသဖြင့် ကျွန်မတို့နိုင်ငံ၌လူကြိုက်များရုံသာမက ကမ္ဘာနိုင်ငံ အသီးသီးမှလည်း လူကြိုက်များလှသည့်ရေထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။  ပြည်တွင်း၌ စားသုံးရန် ရောင်းချခြင်းအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ၍ရနိုင်သဖြင့်မြန်မာနိုင်ငံရှိ ပုစွန် မွေးမြူသူများ၊ ကမ္ဘာပေါ်ရှိပုစွန်မွေးမြူသူအားလုံးအတွက် စျေးကောင်းရသည့်ရေသတ္တဝါမျိုးစိတ် တစ်မျိုးဖြစ်ပါသည်။ ပုစွန်မှာအမျိုးအစားအားဖြင့် ရေချိုနှင့်ရေငန်ဟူ၍(၂)မျိုးရှိပါသည်။ ရေချိုပုစွန် မျိုးစိတ်ထဲတွင် အထင်ရှားဆုံးနှင့်လူကြိုက်များသည့် ရေချိုပုစွန်မျိုးများမှာ ရေချိုပုစွန် တုပ်ကြီး ဟုခေါ်သည့် (Macrobrachium rosenbergii)မျိုးဖြစ်၍ အထင်ရှားမွေးမြူကြသည့် ရေငန်ပုစွန်မျိုး များမှာ ကျားပုစွန်(Penaeus monodon)နှင့်ပုစွန်ဖြူ(Lito-penaeus vannamei)တို့ဖြစ်ကြ သည်။ ရေချိုပုစွန်တုပ်ကြီးမျိုးသည် အရွယ်အစားကြီးမား၍ အသားမှာနူးညံ့ပြီးအရသာရှိသော‌ရေချိုမျိုးစိတ် တစ်မျိုးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် Macrobrachiumမျိုးစိတ်ပေါင်း ၂၀၀ခန့်ရှိပြီး ၎င်းတို့အနက်မှ ၄၉မျိုးအား စီးပွားဖြစ်မွေးမြူကြပါသည်။ အာရှနှင့်ပစိဖိတ်ဒေသတွင် စီးပွားဖြစ်မွေးမြူသည့် မျိုးစိတ်၂၇မျိုးခန့်တွေ့ရှိရပါသည်။  ရေချိုပုစွန်တုပ်ကြီးကို အပူပိုင်းနှင့်သမပိုင်းရာသီဥတုရှိသည့် အင်ဒိုပစိဖိတ်ဒေသများဖြစ်သော မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သီရီလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့်ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိရပါသည်။ ၎င်းမျိုးစိတ်များအား ရေချိုရှိရာကန် များ၊ မြစ်များ၊ ချောင်းများ၊ မြောင်းများ၊ တူးမြောင်းများ၊ ချိုင့်ဝှမ်းများ၊ မြေနိမ့်ပိုင်းရေလွှမ်း လွင်ပြင်များနှင့် မြစ်ဝများတွင်တွေ့ရပြီး အာရှနှင့်အရှေ့တောင်အာရှ၏ ဒေသမျိုးရင်းဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာအနောက်ဘက်ကျွန်းစုများ၌လည်း တွေ့ရှိရပါသည်။ ရေချိုပုစွန်တုပ်ကြီးမျိုးဖြစ်သော ဥဆောင်အမများသည် မျိုးပွားချိန်တွင်ရေချိုမှရေချို‌ရေငန်စပ်ရှိရာ မြစ်အောက်ပိုင်း၊ မြစ်ဝများသို့ ၎င်းတို့၏ဥများဥချရန်အတွက် ရွေ့ပြောင်းသွားလာတတ်ပါသည်။  အမများမှဥချသော သားလောင်း များသည် ရေချိုရေငန်စပ်ထဲတွင် လွတ်လပ်စွာကူးခတ်နေပြီးရုပ်သွင်ပြောင်းလဲခြင်း ၁၁ဆင့်ကူး ပြောင်းပြီးနောက်သားပေါက်ကောင်အဆင့်တွင် ရေချိုရှိရာအထက်ပိုင်း အရပ်သို့ရွှေ့ပြောင်းသွားလာ လေ့ရှိပြီး ရေချိုတွင်သက်ကြီးကောင်အဆင့်အထိ နေထိုင်ကျက်စားလေ့ရှိပါသည်။  မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူနေသော ရေချိုမျိုးစိတ်မှာဖော်ပြပါ ‌ရေချိုပုစွန်တုပ်ကြီးမျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ရေချိုပုစွန်တုပ်ကြီးအား ရေချိုအရင်းအမြစ်ရှိသည့်ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အများဆုံးမွေးမြူကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ရေချို၊ ရေငန်ပုစွန် မွေးမြူဧရိယာ စုစုပေါင်း၁၃၈၃၀၀ဒဿမ၁၂ဧကရှိပါသည်။ မြန်မာနိုင်ငံရှိ ရေချိုပုစွန် မွေးမြူသူ အများစုမှာ ပုစွန်သီးသန့်မွေးမြူခြင်းထက် ငါးများနှင့်ရောနှောမွေးမြူသည့်စနစ်နည်းဖြင့် မွေးမြူ ကြသည်ကိုတွေ့ရှိရသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင် ရေချိုပုစွန်နှင့်ရောနှောမွေးမြူသည့်ငါး များမှာ ငါးခေါင်းပွ၊ ငါးမြစ်ချင်းနှင့် ငွေရောင်ငါးကြင်းတို့ဖြစ်ကြပါသည်။ ပုစွန်သည် ကန်၏အောက်ခြေတွင် နေထိုင်ကျက်စားသွားလာတတ်သောကြောင့် ပုစွန်နှင့်တွဲမွေးမည့်ငါးသည် ‌ရေပေါ်နှင့်ရေလယ်နေ ငါးမျိုးစိတ်များသည် ပို၍သင့်တော်ကြောင်းတွေ့ရှိရသည်။  ငါးနှင့်ရောနှော၍မွေးမြူမည့် ပုစွန်အရွယ်အစားမှာ သက်လတ်ကောင်ဟုခေါ်သော ၁လက်မမှ၂လက်မအရွယ်များ သာဖြစ်ကြ ပါသည်။ ငါးနှင့်ပုစွန်ရောနှောမွေးမြူသူအများစုသည် ငါးကန်ကျယ်ကြီးများတွင် ငါးအစာကိုသာ ကျွေး၍ ပုစွန်အစာမကျွေးဘဲမွေးမြူတတ်ကြသည်။ တစ်ဧကလျှင် ငါးဖျန်း၅လက်မ၊ ၆လက်မ အရွယ်အကောင်ရေ၁၅၀၀ခန့်နှင့်ပုစွန်အားတစ်ဧကလျှင် အကောင်ရေ၁၅၀၀မှ ၂၀၀၀ခန့်ထိ ထည့်သွင်း မွေးမြူကြောင်းတွေ့ရှိရသည်။ မွေးမြူကာလမှာ ၈လဖြစ်ပြီးရရှိသောပုစွန်အရွယ်မှာတစ် ကီလိုဂရမ်တွင် ၁၅ကောင် (တစ်ကောင်လေးကျပ်သားခန့်) ရှိတတ်ကြသည်။ ရေချိုပုစွန်တုပ်ကြီးအား သီးသန့်မွေးမြူနည်းစနစ်(Monoculture System)အား ကုမ္ပဏီအချို့နှင့်မွေးတောင်သူ အနည်းစုမှ မွေးမြူကြပါသည်။  သီးသန့်မွေးမြူနည်းစနစ်တွင် မွေးမြူသည့်ပုစွန်အရွယ္အစားမှာသားပေါက်ကောင် (Post Larvae-PL)၁စင်တီမီတာမှ ၁.၅စင်တီမီတာအရွယ်အားတစ်လခွဲမှ နှစ်လအထိပျိုးကန်တွင် ပြုစုထားတတ်ကြပြီး ၁လက်မမှ ၂လက်မအရွယ်အား မွေးကန်ထဲထည့်၍ မွေမြူကြကြောင်း တွေ့ရှိရပါသည်။  မြန်မာနိုင်ငံတွင်ရေချိုပုစွန်သီးသန့်မွေးမြူသူများသည် တစ်ဧကတွင်ပူစွန််ကောင် ရေ ၁၀၀၀၀ခန့်မှ ၁၅၀၀၀ခန့်အတွင်းထည့်သွင်း၍ ပုစွန်အစာသီးသန့်ကျွေး၍ ၈လခန့်အထိ မွေးမြူကြပြီး မွေးကာလ၄လခန့်အကြာတွင် တစ်စိတ်တစ်ပိုင်းဖမ်းဆီးကြပြီး နောက်ထပ်၄လအကြာ တွင် ကန်အကုန်လုံးဖော်၍ ဖမ်းဆီးကြပါသည်။ ပုစွန်တစ်ကီလိုဂရမ်တွင် ၁၀ကောင်(ပုစွန်တစ်ကောင် ၆ကျပ်သားအရွယ်)ရတတ်ကြပါသည်။ ကုမ္ပဏီအချို့မှာ လေပေးစနစ်၊ အစာကျွေးစနစ်များထပ်မံ ဖြည့်စွက်ပါက ထည့်သွင်းနှုန်းကိုဖော်ပြနှုန်းထက်ပို၍ ထည့်သွင်းတတ်ကြပါသည်။

            ရေငန်တွင်မွေးမြူသည့် ပုစွန်များအနက်အထင်ရှားဆုံးမွေးမြူကြသည့် ရေငန်ပုစွန်မျိုးစိတ် များမှာ ကျားပုစွန်နှင့် ပုစွန်ဖြူတို့ဖြစ်ကြပါသည်။ ကမ္ဘာပေါ်တွင်ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း၏ ၇၀ရာခိုင်နှုန်းသည် အာရှတိုက်တွင်မွေးမြူနေကြပါသည်။ ကမ္ဘာပေါ်တွင်ရေငန်ပုစွန်မျိုး စိတ်ပေါင်း ၃၀၀ကျော်ရှိသည့်အနက်မျိုးပေါင်း၁၀၀ခန့်အား ဖမ်းဆီးခြင်း၊ မွေးမြူခြင်းများဆောင်ရွက်လျက် ရှိပါသည်။ ကျားပုစွန်ကို အင်ဒိုပစိဖိတ်ဒေသ၏မြောက်ဖက်ပိုင်းရှိဂျပန်နှင့်ထိုင်ဝမ်အထိ၊ တောင်ဘက် တွင် သြစတေးလျ၊ အနောက်ဘက်တွင်အာဖရိကတိုက်အထိ ပျံ့နှံ့လျက်ရှိပါသည်။  အ‌ရှေ့ပစိဖိတ် ကျွန်းစုများဖြစ်သည့် ဖီဂျီ၊ သြစတေးလျ၊ ပါပူဝါနယူးဂီရီ၊ ထိုင်ဝမ်-တရုတ်၊အရှေ့တောင် အာရှဒေသများ၊ အိန္ဒိယနှင့်မာဒါဂတ်စကားကျွန်းအထိတွေ့ရပါသည်။  ကျားပုစွန်မျိုးများအား ကမ်းဝေးမှရေမိုင် ၂၀အကွာပင်လယ်ပြင်အနက်မီတာ(၆၀မှ၈၀)အတွင်းမိတ်လိုက်ခြင်း၊ မျိုးပွား ခြင်းများဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။ ရေငန်ကျားပုစွန်မျိုးဖြစ်သော ဥဆောင်အမများသည် ရေငန်နှုန်းမြင့်သည့်ပင်လယ်ထဲတွင် ဥအုချ၍ရုပ်သွင်ပြောင်းလဲခြင်းအနေဖြင့် သားလောင်းအဆင့် ၃ဆင့်ကူးပြောင်းပြီးနောက် သားပေါက်ကောင်ဟုခေါ်သောအဆင့်ထိ ရှင်သန်ကြီးထွားနိုင်ပါသည်။ သားပေါက်ကောင်နှင့်သက်လတ်ကောင်များသည် ရေချိုရေငန်စပ်ဒေသ၊ ဒီရေတောများတွင် ၄လမှ ၆လအထိနေထိုင်ကျက်စားနိုင်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူနေသော ရေငန် ပုစွန်မျိုးစိတ်မှာ ကျားပုစွန်နှင့်ပုစွန်ဖြူတို့ဖြစ်ကြပါသည်။ ကျားပုစွန်မွေးမြူခြင်းအား ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီးတို့တွင်တွေ့ရပြီး ပုစွန်ဖြူမွေးမြူခြင်းအား တနင်္သာရီ တိုင်းဒေသကြီးတွင် အများအပြားမွေးမြူကြပြီး ရန်ကုန်တိုင်း‌ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အနည်းငယ်သာမွေးမြူကြကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကျားပုစွန် မွေးမြူသူအများစုသည် သမရိုးကြမွေးမြူနည်းစနစ်ကို အများဆုံးမွေးမြူကြပါသည်။ ကျားပုစွန်ကန်အများစုအားဒီရေရောက်‌တောဒေသများတွင်အများဆုံးတွေ့ရပါသည်။မွေးကန်များသည်ကန်ကျယ်များဖြစ်ပြီး ဧက(၂၀မှ၁၀၀) အထိရှိတတ်ကြပါသည်။ လပြည့်/လကွယ်ဒီရေအတက်တွင် ရေသွင်း၍ သဘာဝမှပါလာသော ကျားပုစွန်သားပေါက်များအား ရေတံခါးပိတ်၍မွေးမြူခြင်းဖြစ်ပြီး သားပေါက်နှင့်အစာထည့်သွင်းမွေးမြူခြင်းမရှိဘဲ သဘာဝအစာကိုသာအားကိုးပြီး မွေးမြူသည့်နည်း ဖြစ်ပါသည်။ ယခုနောက်ပိုင်းကာလများတွင် သဘာဝမှသားပေါက်အရေအတွက် နည်းသည့်အခါ များတွင် ပုစွန်မွေးမြူသူအချို့သည် ကျားပုစွန်သားဖောက်ရုံများမှ သားပေါက်များ(သို့) သဘာဝမှ သားပေါက်များအား ကန်ထဲသို့ထည့်သွင်းခြင်း၊ အစာအနည်းငယ်ကျွေးမွေးသည့် ကန်ကျယ်မွေးမြူ နည်းစနစ်ကို မွေးမြူနေကြပါသည်။ သိပ္ပံနည်းကျမွေးမြူသည့်နည်းစနစ်နှင့် သိပ္ပံနည်းကျ ကန်ကြပ် မွေးမြူနည်းစနစ်တို့အား ပုစွန်မွေးမြူရေးတိုးချဲ့လုပ်ငန်းစတင်သည့် ၂၀၀၀ခုနှစ်ပတ်ဝန်းကျင်တွင် ကုမ္ပဏီအများစုမှမွေးမြူကြသော်လည်း ၂၀၀၂ခုနှစ်တွင် White Spot Syndrome Virus ရောဂါကျရောက်ခဲ့ပြီးနောက် ကျားပုစွန်အားသိပ္ပံနည်းကျမွေးမြူသူနည်းပါးသွားခဲ့ပါသည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပြန်လည်မွေးမြူလာကြသော်လည်း ကန်ကျယ်မွေးမြူနည်းစနစ်သာ အများဆုံး မွေးမြူကြပါသည်။

          နိုင်ငံတော်မှလည်းမြေလွတ်၊ မြေရိုင်းများစိုက်ပျိုး၍မရသည့် ဆားငန်ရေဝင်ရောက်သည့် မြေများတွင် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို ပုစွန်မွေးမြူရေး လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် မွေးမြူရေးဇုန်များအားရှာဖွေဖော်ထုတ်၍ အကောင်အထည်‌ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ပုစွန်မွေးမြူထုတ်လုပ်မှုတိုးတက်လာစေရန် ပုစွန်မွေးမြူကန်များတူးဖော်ရေးအတွက် မြေအသုံးချခွင့်များရရှိရေး ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါသည်။ စီးပွားဖြစ်ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ဆောင်သူများအ‌နေဖြင့် သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေသည့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဥ်နှင့်အညီ မွေးမြူကြရမည် ဖြစ်ပါသည်။ စီးပွားဖြစ်ပုစွန်မွေးမြူထုတ်လုပ်သူများအနေဖြင့် ရောဂါကျရောက်ပျံ့နှံ့မှုမရှိရေးအတွက် ဇီဝလုံခြုံရေးကို ကောင်းစွာလိုက်နာကျင့်သုံးပြီးဆောင်ရွက်ပါက ပုစွန်မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့စေနိုင်ပြီး ထုတ်လုပ်မှုလည်းတိုးတက်လာမည်ဖြစ်ပါသည်။  ကမ္ဘာ့ရေငန်ပုစွန်ဖြူ မွေးမြူထုတ်လုပ်မှုသည် ၂၀၂၄ခုနှစ်၌တန်ချိန် ၅ဒဿမ ၇သန်းအထိရှိခဲ့ပြီး ၂၀၂၅ခုနှစ် ၌ထုတ်လုပ်မှုတန်ချိန် ၆ဒဿမ၁သန်းအထိရှိလာမည်ဟု ခန့်မှန်းထားကြပါသည်။  ၂၀၂၄ခုနှစ် ကိန်းဂဏန်းအရ ကမ္ဘာ့ရေငန်ပုစွန်ဖြူစျေးကွက်ရှယ်ယာအား အဓိကမွေးမြူထုတ်လုပ်သော နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံမှ ၂၉ဒဿမ ၄၇ရာခိုင်နှုန်း၊ အီကွေဒေါနိုင်ငံမှ ၁၆ဒဿမ ၁၉ရာခိုင်နှုန်း စသည်ဖြင့်အသီးသီးရှိကြပါသည်။ လက်ရှိပုစွန်မျိုးစိတ်များသည် အခြားသောရေ သတ္တဝါမျိုး စိတ်များထက်မွေးကာလ တိုတောင်းခြင်း၊ စျေးကောင်းရရှိခြင်း၊ ဝယ်လိုအားအမြဲရှိနေခြင်း၊ မြောက် များစွာထွက်ရှိနိုင်ခြင်းတို့ကြောင့် မွေးမြူရေးသမားများအတွက် ဝင်ငွေရလွယ်သည့် မွေးမြူရေး ရေထွက်ကုန်တစ်မျိုးဖြစ်ကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)