ပြည်တွင်းစားသုံးဆီဖူလုံမှုသို့ရည်ရွယ်လျှင်

Powered by Drupal
Wed, 03/11/2026 - 13:56 -- consumer_admin

                    ကမ္ဘာ့ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင် သည်။ ကျွန်ုပ်တို့သည် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီသန့်ဆိုလျှင် နှစ်ခြိုက်စွာစားသုံးကြသည့်အတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့်ဆီအုန်းစသည်တို့ကား အဓိက အားထားရာပင်ဖြစ်သည်။ ထိုအထဲမှာမှ အဓိကဆီထွက်သီးနှံသုံးမျိုးဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို မကွေး၊ မန္တလေး၊စစ်ကိုင်း၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီး၊ ပဲပုပ်နှင့်ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်၊ ဆီမုန်ညင်းကိုစစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသနှင့်ရှမ်းပြည်နယ်၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိသည်။ ယင်းဒေသများအနက် မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မြေပဲ၊ နှမ်း၊ နေကြာကို အဓိကစိုက်ပျိုးရာ၊ အားထားရာဒေသများအဖြစ် အထူးဇုန်များသတ်မှတ်၍ အကောင်အထည် ဖော်လျက်ရှိပါသည်။ ဆီထွက်သီးနှံအထူးဇုန်များသတ်မှတ်လိုက်ခြင်းသည် ပြည်တွင်းစားသုံးဆီ ဖူလုံကာ နိုင်ငံခြားမှတင်သွင်းမှုလျော့ချနိုင်ပြီး နိုင်ငံခြားသို့ငွေကြေးစီးဆင်းမှုလျော့ကျရန်လည်း ရည်ရွယ်ပါသည်။ ဖော်ပြပါအထူးဇုန်များတွင် တာဝန်ခံများခန့်အပ်ထားရှိပြီး သီးနှံထုတ်လုပ်မှု လုပ်ငန်းအဆင့်တိုင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအလိုက်စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့များက စိုက်ပျိုးရေးသွင်းအားစုများ(မျိုးစေ့၊ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ အလုပ်သမား၊ ငွေကြေးအရင်းအနှီး) ၊ ဒေသနှင့် သင့်တော်သော စိုက်နည်းစနစ်နှင့်နည်းပညာများကိုအနီးကပ်ကြီးကြပ်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။

          ဆီနှင့်ပတ်သတ်လျှင် ပြည်တွင်းစားသုံးဆီလုံလောက်မှုရှိရန်သည် အဓိကပင်ဖြစ်သည်။ ပြည်တွင်းမှလုံလောက်သည့်ဆီပမာဏထွက်ရှိမည်၊ သက်သာသည့်စျေးနှုန်းဖြင့်လည်း ရောင်းချနိုင် မည်ဆိုလျှင် ပြည်ပမှဆီတင်သွင်းမှုအထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သည်။ ထိုမှတဆင့်နိုင်ငံ ခြားစီးဆင်းငွေလည်း လျော့ကျသွားနိုင်မည်ဖြစ်သည်။ သို့သော်ဆီထွက်သီးနှံစိုက်ပျိုးကြသည့် တောင်သူအချို့ကိုယ်တိုင်ပင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို လုံလုံလောက်လောက်စားသုံး နိုင်ခြင်းမရှိသည်မှာ ဝမ်းနည်းစရာပင်ဖြစ်သည်။ အကြောင်းမှာထွက်ရှိသောဆီထွက်သီးနှံများကို တောင်သူကဝယ်လက်ထံစျေးကောင်းကောင်းဖြင့်ရောင်းချ၊ ပြည်ပမှတင်သွင်းသည့် တန်ဖိုးနည်း စားအုန်းဆီကို ဝယ်ယူစားသောက်၍ မိသားစုကုန်ကျစရိတ်(Living Cost)သက်သာအောင် ဖြေရှင်း နေရသောကြောင့်ဖြစ်သည်။ ဝင်ငွေအလယ်အလတ်ရှိ ပြည်သူများ အနေဖြင့် စားသုံးဆီသန့် ကိုဝယ်ယူစားသုံးနိုင်သော်လည်း အခြေခံလူတန်းစားများ အတွက်မူ ပြည်တွင်းထွက်မြေပဲဆီ၊ နှမ်းဆီဆိုသည်မှာ အလှမ်းဝေးလွန်းလှသည်။ စျေးသက်သာသည့် ပြည်ပစားအုန်းဆီများအပေါ် များစွာမှီခိုနေရသည်က ရေရှည်ကျန်းမာရေးအတွက် စိတ်ချရပါ သလားဟု စဥ်စားရပါတော့မည်။ နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံစိုက်တောင်သူများကို မြေပဲတစ်ဧကလျှင် ငွေကျပ်သုံးသိန်း၊ နေကြာတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့် နှမ်းတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ နှင့်ညီမျှ သောသွင်းအားစုများကို နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။ ကုန်ကြမ်းထုတ်လုပ်နေသည့်တောင်သူများတွင် လက်တွေ့ရင်ဆိုင် ကြုံတွေ့နေရသည့် ပြဿနာမှာအချို့ဒေသများ၌ မိမိတို့စိုက်ပျိုးထွက်ရှိသည့်သီးနှံများသည် ရာသီဥတုကြောင့် လည်းကောင်း၊ စိုက်ပျိုးရေလိုအပ်ချက်ကြောင့်လည်းကောင်း၊ စိုက်ပျိုးသည့်နည်း စနစ်မမှန်ကန်ခြင်း ကြောင့်လည်းကောင်း သီးနှံအရည်အသွေးလျော့ကျမှုပင်ဖြစ်သည်။ အရည်အသွေးလျော့ကျခြင်း၏ နောက်ဆက်တွဲအဖြစ်လည်းကောင်း၊ မျိုးကောင်းမျိုးသန့်များ ရရှိရန် ခက်ခဲသွားသည်။ နောက်ဆုံး စျေးကွက်တွင်လည်း စျေးကောင်းမရဖြစ်လာသည်။ တိုးပွားလာသော လူဦးရေနှင့် လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်၏ ၅၈ရာခိုင် နှုန်းနီးပါးကို နိုင်ငံခြားငွေအမြောက်အများအကုန်အကျခံကာ ပြည်ပမှတင်သွင်းနေရခြင်းဖြစ်သည်။ထို့ကြောင့် ကုန်ကြမ်းရရှိရေးအတွက်စိုက်ပျိုးထုတ်လုပ်သူကိုယ်တိုင်မိမိစိုက်ပျိုးထားသော ဆီထွက်သီးနှံ၏ ပန်းတိုင်အထွက်နှုန်းရရှိစေရေး အလေးပေးဆောင်ရွက်လိုသည့်ခံယူချက်ရှိရန် လိုအပ်ပါသည်။ ဆီထွက်သီးနှံများကို ကုန်ကြမ်းမှတန်ဖိုးမြှင့်ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး၊ စျေးကွက်ပိုမို ရရှိရေးအတွက် တောင်သူများအနေဖြင့် ကုန်သည်ကြီးများအသင်း၊ လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ချိတ်ဆက်မှုအားကောင်းရန် အရေးကြီးပါသည်။ သို့မှသာစားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ ဆီစက်များအဆင့်မြှင့်တင်ခြင်းနှင့် ကြိတ်ခွဲထွက် ရှိခြင်းမှရရှိလာသော ဆီကြိတ်ဖက်များအား စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် ပြန်လည် အသုံးချခြင်းများကို ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါ သည်။

          အမှန်တကယ်တွင် စိုက်ပျိုးထုတ်လုပ်မှုဟူသည်မှာ နယ်မြေဒေသတည်ငြိမ်မှု အခြေအနေနှင့် လည်းသက်ဆိုင်သည်။ ရာသီဥတု၊ လုပ်သားအင်အား၊ နည်းပညာလိုအပ်ချက်များကား မည်သည့် စိုက်ပျိုးထုတ်လုပ်မှုတွင်မဆို  လွှမ်းမိုးသောအကြောင်းတရားများပင်ဖြစ်သည်။ နိုင်ငံတည်ငြိမ် အေးချမ်းမှုကို မျှော်လင့်ချက်ကြီးစွာထားပြီး မဝေးသောအနာဂတ်တွင် မြန်မာနိုင်ငံ၏ဆီထွက်ဒေသ၊ ဆီအိုးကြီးများတစ်ခုထက်မက နှစ်ခု၊သုံးခုရှိလာလိမ့်မည်ဟုထင်မြင်မိသည်။ အဓိကအကြောင်းအရင်း တစ်ခုဖြစ်သော လုပ်သားအင်အားရှားပါးမှုမှာ ကဏ္ဍတိုင်းတွင်တွေ့နေရသည့် အတွက်အစားထိုး နိုင်မည့်နည်းပညာအသစ်အဆန်းများ၊ နည်းစနစ်သစ်များကို တီထွင်ကြံဆပြီး စဥ်းစားအဖြေရှာနေ ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုကဲ့သို့ ဆီထွက်သီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးကို ရည်ရွယ်ရာတွင် အစိုးရ၊ လုပ်ငန်းရှင်များနှင့် ဆီထွက် သီးနှံစိုက်တောင်သူများစနစ်တကျ ဟန်ချက်ညီညီ လက်တွဲပူးပေါင်း၍ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရေး အားထည့်ကြိုးပမ်းကြပါစို့ဟု ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)