မြန့်မာရိုးရာပန်းယွန်း(ယွန်းထည်) လက်မှုပညာအကြောင်း

Powered by Drupal
Tue, 02/10/2026 - 15:33 -- consumer_admin

   ယွန်းထည်လက်မှုပညာသည် မြန်မာ့ရိုးရာယဉ်ကျေးမှုလက်မှုပညာများဖြစ်သည့် ပန်းဆယ် မျိုးတွင်တစ်ခုအပါအဝင်ဖြစ်ပြီး ပုဂံခေတ်ရှေးဟောင်းစာပေအထောက်အထားတို့အရ ပန်းယွန်း (ယွန်းထည်)အနုပညာအပါအဝင် ပန်းဆယ်မျိုးအတတ်ပညာကို ပုဂံခေတ်ကတည်းက တွင်တွင် ကျယ်ကျယ်အသုံးပြုထားကြောင်း လေ့လာမှတ်သားရပါသည်။ ပုဂံ၏သမိုင်းကြောင်းနှင့်ယွန်းထည် ပညာရပ်သည် ခွဲခြား၍မရအောင် ဆက်နွယ်နေပြီး မြန်မာနိုင်ငံတွင် ယွန်းထည်ပညာရပ်သည် အေဒီ (၁၁) ရာစု အနော်ရထာမင်းတရားကြီးလက်ထက်တွင်စတင်ခဲ့ကာ သထုံကိုအောင်နိုင်ပြီးနောက် ယဉ်ကျေးမှုနှင့်အနုပညာသည်များကို ပုဂံသို့ခေါ်ဆောင်လာရာမှ ယွန်းအတတ်ပညာ ထွန်းကားလာခဲ့ သည်။ ပုဂံခေတ်မှယနေ့ခေတ်အထိ ပုဂံမြို့ဟောင်း (ပုဂံမြို့သစ်)နှင့်မြင်းကပါရွာတို့သည် ယွန်း လုပ်ငန်း၏အဓိကအချက်အချာနေရာတွင်ဖြစ်ပါသည်။ ပုဂံမြို့သို့ ရှေးနန်းတော်ရာ၊ စေတီပုထိုး များနှင့်မြန်မာ့ရိုးရာလက်မှုပညာများဖြစ်သည့် ပန်းဆယ်မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု UNESCO မှ ၂၀၁၉ ခုနှစ်တွင် စာရင်းသွင်းခဲ့ပြီး နိုင်ငံခြားလူမျိုးများအများအပြားလာရောက်ကြသောကြောင့် နိုင်ငံခြား ဝင်ငွေများစွာဝင်သောနေရာလည်းဖြစ်ပါသည်။

          ယွန်းပညာသည် အလွန်အနုပညာဆန်လွန်းလှပြီး ပန်းဆယ်မျိုးလုံး၏ဖန်တီးမှုတွင် စိတ်ဖြင့် ခံစား၍ လက်ဖြင့်အနုစိတ်တစ်ဆင့်ချင်းဖန်တီးပြုလုပ်ရသောပစ္စည်းများပါဝင်ပါသည်။ ယွန်းထည် တစ်ခုလုံးကိုလက်များဖြင့်သာ ဖန်တီးပြုလုပ်ရသည့်အတွက် ပစ္စည်းတစ်မျိုးပြုလုပ်ရာတွင် အနည်းဆုံးနှစ်လ၊ သုံးလမှတစ်နှစ်ခန့်အချိန်ယူရသည်။ အရည်အသွေးကောင်းမွန်သော ယွန်းထည် တစ်ခုရစေရန် အဆင့်(၁၆)ဆင့်ဖြတ်ပြီးမှ ယွန်းထည်များကိုခြယ်သသော ပန်းချီ၊ ကနုတ်နှင့် နည်းပညာအပေါ်မူတည်ပြီး အဓိကအားဖြင့်(၄)မျိုးခွဲခြားနိုင်ပါသည်။ ကနုတ်ယွန်း -အနက်ရောင် သို့မဟုတ် အနီရောင်အောက်ခံပေါ်တွင် ကနုတ်ပန်းများ၊ ရုပ်ပုံများကို ရောင်စုံခြယ်သထားတာမျိုး ဖြစ်သည်။ ယွန်းအတိုက် (သစ်စေးအတိုက်)-သစ်စေးကို အထပ်ထပ်သုတ်ပြီး ချောမွတ်နေအောင် တိုက်စားထားသောအသွင်အပြင်မျိုးဖြစ်ပါသည်။ အနက်ရောင် သို့မဟုတ် အနီရောင်သန့်သန့် တွေကို နှစ်သက်သူတွေသုံးစွဲကြပြီး ရွှေဇဝါယွန်း-အနက်ရောင်ယွန်းထည်ပေါ်တွင် ရွှေစစ်စစ် (ရွှေပုပြား)များကို အသုံးပြုပြီး နူးညံ့သော ကနုတ်ပန်း၊ ဇာတ်တော်များကိုဖော်ပြလေ့ရှိပါသည်။ အနုပညာလက်ရာအမြောက်ဆုံးနှင့်တန်ဖိုးအရှိဆုံးအမျိုးအစားဖြစ်ပြီး သားရိုးပန်းကြွယွန်း-သစ်စေး အနုအစပ်တွေကိုရောစပ်ပြီး အဖုအကြွဖြစ်အောင်ပြုလုပ်သောနည်းပညာဖြစ်သည်။ ရုပ်ပုံတွေကို ပြန့််ပြန့်လေးမဟုတ်ဘဲကြွတက်နေအောင် ဖော်ဆောင်ထားသောကြောင့် ထိတွေ့ကြည့်သည့်အခါ အဖုအထစ်ကလေးတွေကိုခံစားရမှာဖြစ်ပါသည်။

          ယွန်းထည်ပြုလုပ်ရာတွင် အထည်ကြမ်း(ကိုယ်ထည်) ဝါး သို့မဟုတ် သစ်သားနှင့်စတင် ပြုလုပ်ပြီး သစ်စေးအလွှာပေါင်းများစွာကို တစ်လွှာချင်းသုတ်ပြီးအမှောင်ခန်းထဲတွင် အခြောက်ခံရ ပါသည်။ ကျောက်စဉ်းနှင့်တိုက်ချွတ်ပြီး ချောမွတ်အောင်လုပ်ပြီး အရောင်တင်ခြင်း၊ ‌ဆူးသွားလေး တွေနှင့်ကုတ်ခြစ်ပြီး ဆေးရောင်သွင်းကာပန်းချီနှင့်ပုံဖော်ကာအလှဆင်ပါသည်။ ယွန်းထည်ပေါ်တွင် ရုပ်ပုံများ၊ ဇာတ်နိပါတ်တော်များ၊ မင်းခမ်းမင်းနားများ၊ ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားများ၊ ခြူးပန်းခြူးနွယ်များ၊ နဂါး၊ ဂဠုန်၊ ဆင်၊ မြင်း၊ ကိန္နရီ၊ ကိန္နရာ စသည့်ပုံများ၊ ပုဂံဘုရားရှုခင်းများ စသည်တို့ကိုရေးဆွဲပုံဖော်လေ့ရှိကြသည်။ ယွန်းထည်များကို ကွမ်းအစ်၊ ဆွမ်းအုပ်၊ လင်ဗန်း၊ လက်ဖက်အစ်၊ ယွန်းဘူး၊ ယွန်းသေတ္တာ၊ ယွန်းကန်တော့ပွဲအုပ်၊ ယွန်းဂျုပ်များကိုပြုလုပ်ခဲ့ရာမှ ယခု တိုးတက်လာသောခေတ်နှင့်အညီလူများအသုံးများကြသည့် ယွန်းလက်ကောက်၊ ယွန်းနားကပ်၊ ယွန်းဆွဲကြိုး၊ ယွန်းကလစ်၊ ယွန်းဆံထိုး၊ ယွန်းဖြင့်ပြုလုပ်ထားသည့်ပုဝါများစသည်ဖြင့် တီထွင် ဆန်းသစ်လာကြသည်။ ဖက်ရှင်အသုံးအဆောင်တွေအဖြစ် လူငယ်များကိုဆွဲဆောင်ပြီး မြန်မာ့ ယဉ်ကျေးမှုလက်မှုပညာကို ပြန်ထွန်းကားလာအောင် လုပ်ဆောင်နေကြပါသည်။

          ယွန်းထည်များသည် သဘာဝပစ္စည်းများဖြင့်ပြုလုပ်ထားသောကြောင့် နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့သင့်ပါ။ ယွန်းထည်များကိုသန့်ရှင်းရေးပြုလုပ်ရာတွင် ရေစိုဝတ်၊ နူးညံ့သည့် ပိုးသားဝတ်များဖြင့် အသာအယာဖုန်သုတ်ပေးရုံဖြင့်ရပါသည်။ အညစ်ကြေးများစွဲနေပါကရေအေး ဖြင့်အသာအယာဆေးကြောနိုင်ပြီး အားပြင်းသောဆပ်ပြာများဖြင့် ရေဆေးကြောပြီးနောက်ခြောက် အောင်သုတ်၍သိမ်းစည်းရပါမည်။ သံ သို့မဟုတ် ကြမ်းတမ်းသောအဝတ်များဖြင့်ပွတ်တိုက်ပါက အစင်းကြောင်းများဖြစ်ပေါ်စေပါသည်။ ယွန်းအစ်ထဲသို့အရမ်းပူလွန်းသောအစားစာများ တိုက်ရိုက် ထည့်ခြင်းကိုရှောင်ကြဉ်သင့်ပြီး သစ်စေးသားများကြွတက်သောကြောင့်ဖြစ်သည်။ အရမ်းခြောက် သွေ့သောပတ်ဝန်းကျင်တွင် အကြာကြီးထားပါကအက်ကွဲတတ်ပါသည်။ ယွန်းထည်များ ဟောင်းနွမ်းပြီးအရောင်မှိန်လာပါကနှမ်းဆီကိုဂွမ်းဖတ်လေးဖြင့်အနည်းငယ်ဆွတ်ပြီး အပေါ်ယံက နေအသာအယာပွတ်သတ်ပြီး ခြောက်သွေ့သောအဝတ်နုဖြင့်ပြန်သုတ်၍ အသစ်အတိုင်းပြန်လည် တောက်ပလာပါသည်။

DOCA(ပဲခူး)