
ပဲစင်းငုံကို အင်္ဂလိပ်လို Pigeon Pea ဟုခေါ်ပါတယ်။ ရုက္ခဗေဒ သိပ္ပံအမည်မှာ Cajaum Cajan Millsp ဖြစ်ပါတယ်။ ပဲစင်းငုံပင် ပေါက်ရောက်ရာ ဇာစ်မြစ်သည် အိန္ဒိယ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ပူပိုင်းခြောက်သွေ့ဒေသများဖြစ်သော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသော မျိုးများမှာ သက်ကြီးမျိုးများ ဖြစ်ပြီး ပဲနောက်၊ မြေပဲ၊ နှမ်း သီးနှံတို့နှင့် သီးညှပ် စိုက်ပျိုးကြပါသည်။ ပဲစင်းငုံသီးနှံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပတင်ပို့ရန် အဓိက အားထားစိုက်ပျိုးသော သီးနှံဖြစ်ပါသည်။
စိုက်ပျိုးနည်းစနစ်
မြန်မာနိုင်ငံတွင် ပဲစင်းငုံကို မိုးသီးနှံအဖြစ် ကဆုန်၊ နယုန်၊ ဝါဆိုလများတွင် စတင် စိုက်ပျိုးကြသည်။ အခင်းလိုက် သီးသန့်စိုက်ပျိုးသကဲ့သို့ အခြားသီးနှံများနှင့် အတန်းလိုက်သီးညှပ် စိုက်ပျိုးသည်များလည်းရှိသည်။ မြေအမျိုးစား ရွေးချယ်စရာမလိုဘဲ သမမြေ၊ မြေနီကျောက်စရစ်၊ မြေနီသဲဝန်းတို့တွင်လည်းစိုက်ပျိုး ဖြစ်ထွန်းပါသည်။ ပဲစင်းငုံပင်များကို တစ်နှစ်ခံ သီးနှံပင်အဖြစ် စိုက်ပျိုးလေ့ရှိပြီး ရေဝပ်ဒဏ်ကို ခံနိုင်ရည် မရှိသောကြောင့် တစ်နှစ်ရွာသွန်းသော မိုးရေချိန် (၂၄-၃၈) လက်မကြားတွင် ကောင်းစွာဖြစ်ထွန်းသည်။ မျိုးစေ့နှုန်းထားသည် စိုက်ပျိုးနည်း စနစ်ပေါ်မူတည်ပြီး သီးညှပ်စိုက် တစ်ဧကလျှင်(၂-၃)ပြည်နှုန်း အသုံးပြုပါသည်။ မျိုးစေ့ဘိုးမှာ တစ်ပြည်လျှင် ကျပ် (၅၀၀၀)ရှိပြီး ပင်ကြား တန်းကြား စိုက်ပျိုးသကဲ့သို့ တောင်သူများ၏ ဒေသအခေါ် လက်ပစ်လည်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှု၏ ပထမပိုင်း နှစ်လတွင် အစိုဓာတ်ရရှိရန် အရေးကြီး သည်။ ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အစိုဓာတ်နည်းခြင်း၊ အပူချိန် မြင့်ခြင်းကြုံတွေ့ရပါက အထွက် လျော့နိုင်ကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ်မှာ သီးသန့်စိုက်လျှင် ကျပ်(၈-၁၀)သိန်း ကုန်ကျပြီး သီးညှပ်မှာ ကျပ် (၄-၅)သိန်းခန့် ကုန်ကျကြောင်း သိရှိရပါသည်။
အပင်ပြုစုနည်းအဆင့်ဆင့်
ပဲစင်းငုံသီးနှံကို အထွက်တိုးအောင် ပေါင်းပင်များအား စိုက်ပြီးကာလ ပထမ(၂)လအတွင်း ပေါင်းမြက်များကို ကောင်းစွာ နှိမ်နှင်းထားရမည်။ ပေါင်းပင်များသည် သီးနှံအထွက်ကို များစွာ ထိခိုက်စေသည်။ ပန်းပွင့်သောအချိန်တွင် အပွင့်အသီးကောင်းစေရန် ရွက်ဖျန်းမြေဩဇာကို (၁၀)ရက် ခြား(၂)ကြိမ်ဖျန်းပြီး ပိုးကြိုက်သော အပင်မျိုးဖြစ်၍ စိုက်ပျိုးပြီး (၂)လတစ်ကြိမ် ပိုးသတ်ဆေး တစ်မျိုးမျိုးကို ဖျန်းရပါသည်။ ပဲစဉ်းငုံမျိုးသည် သက်ကြီးမျိုးဖြစ်၍ သက်တမ်းရက်ပေါင်း (၂၀၀)ကျော် ကြာပြီး ပိုးသတ်ဆေးကို (၄/၅)ကြိမ်ဖျန်းရပါသည်။ ရေသောက်မြစ်နက်စွာ ထိုးဝင်သည့် သီးနှံပင်ဖြစ် သောကြောင့် မိုးခေါင်ခံတာ ဖြစ်၍ ရေရယူမှုမှာ အခြားအပင်တွေကိုလည်း အနှောင့်အယှက် မပြု သောကြောင့် သီးညှပ်စိုက်ဖို့ အသင့်တော်ဆုံး သီးနှံဖြစ်ပါသည်။ ပဲစဉ်းငုံပင်မှာ စောစောပိုင်းတွင် မကြီးထွားဘဲ နောက်ပိုင်းမှ အပင်ကြီးဖြစ်သွားပြီး လူ့တစ်ရပ်မကတော့ပေ။ သက်တမ်းက ရှည်သောကြောင့် အခြားသီးနှံတစ်ခုခုကို သီးညှပ်စိုက်မှသာ အပိုဝင်ငွေ ရရှိစေမည် ဖြစ်ပါသည်။
ရိတ်သိမ်းနည်းစနစ်
ပဲစင်းငုံသီးနှံကို ပြာသို၊ တပိုတွဲ၊ တပေါင်း လများတွင် ခုတ်လှဲရိတ်သိမ်းကြပါသည်။ တစ်ဧကကို တစ်ရက်နှင့်ပြီးအောင် လုပ်သားဦးရေ အများအပြားသုံး၍ ရိတ်ကြ၊ ပုတ်ကြ ရပါသည်။ တောင်သူများမှာ ခုတ်လှဲပြီးသော ပဲစဉ်းငုံများကို မြေပြန့်တလင်းပြင်တွင် ခြောက်သွေ့အောင် (၄/၅)ရက်ခန့် ဖြန့်၍ နေလှန်းကြပါသည်။ ခြောက်သွေ့လျှင် စက်ရှိသူများက စက်ဖြင့်ထိုးကြပြီး စက်မရှိသူများမှ အလုပ် သမားများခေါ်ယူ၍ လက်ဖြင့် ပုတ်ကြပါသည်။ တစ်ဧကကို တစ်ရက်တည်းနှင့်ပြီးအောင် လုပ်သား ဦးရေ(၁၅-၂၀)ယောက်ခန့်သုံးရပြီး အမျိုးသားတစ်ဦး ကျပ်(၁၅၀၀၀)၊ အမျိုးသမီးတစ်ဦး ကျပ်(၁၀၀၀၀)ပေးရပါသည်။ အမျိုးသားများက လက်ဖြင့်ပုတ်၍ အမျိုးသမီးများက ဖုန်၊ သဲ၊ ခဲများကို ပြာတီးသန့်စင်ကြပါသည်။ ပြီးလျှင် တစ်တင်းခွဲအိတ်များဖြင့် ထည့်၍ နွားလှည်းဖြင့် အိမ်သို့ အရောက်သယ်ယူကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင်(၁၅-၂၀)တင်း ထွက်ရှိပြီး ယခုနှစ်သည် ငလျှင်လှုပ်ခတ်မှုကြောင့် မြေသားများပျက်စီးနိုင်၍ ပဲစဉ်းငုံ အထွက်နှုန်း နည်းမည်ဟု ထင်မြင်သုံးသပ်မိကြောင်း စိုက်တောင်သူများထံမှ သိရပါသည်။
ဈေးနှုန်း/ဈေးကွက်
မြန်မာနိုင်ငံသည် ပြည်ပဝင်ငွေ ပိုမိုရရှိရေးအတွက် နှစ်စဉ် ပဲစဉ်းငုံ သီးနှံကို အိန္ဒိယ သို့ အဓိက အားထားတင်ပို့နေသည်ဟု သိရှိရပါသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူကုန်စည်ဒိုင်၌ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ်(၇၈၀၀၀) ဈေးနှုန်း ပေါက်နေပါသည်။ တောင်သူများအတွက် သီးနှံပေါ်ချိန်တွင် ဈေးကောင်းရရှိရန်အတွက်သာ မျှော်လင့် မိပါသည်။ ပိုးကြိုက်သော သီးနှံမျိုးဖြစ်၍ တောင်သူ၏အိမ်တွင် (၂/၃)ရက်ထက်ပို၍ ထားမရဘဲ လက်ရှိပေါက်ဈေးနှင့်သာ ရောင်းရကြောင်း သိရှိရပါသည်။
အကြံပြုချက်
တောင်သူလယ်သမားအကျိုးစီးပွားနှင့် ပြည်ပဝင်ငွေရရှိရေးအတွက် ပဲစဉ်းငုံသီးနှံကို တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း၊ မြေအမျိုးအစားမရွေးချယ်ခြင်း၊ ရိတ်သိမ်းရလွယ်ကူခြင်း၊ အပူပိုင်းဒေသဖြစ်၍ မိုးခေါင်ဒဏ်ခံနိုင်ခြင်း၊ အခြားသီးနှံများနှင့် သီးညှပ်စိုက်ရလွယ်ကူခြင်း၊လေကာပင်အဖြစ် စိုက်ပျိုး နိုင်ခြင်း၊ သန်မာသော အမြစ်ရှိ၍ မြေဆီလွှာ တိုက်စားခြင်းကိုကာကွယ်ခြင်း၊ အကိုင်းအခက်များကို ထင်း/ခြံစည်းရိုးအဖြစ်ကာရံနိုင်ခြင်း၊ အရွက်ခြောက်များကို တိရစ္ဆာန်အစာအဖြစ် အသုံးဝင်ခြင်း တို့ကြောင့် နှစ်စဉ်မပြတ် ပဲစဉ်းငုံသီးနှံကို သီးသန့်(သို့)သီးညှပ်အဖြစ် တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ/ဖေဖေါ်ဝါရီလများတွင် ပဲစဉ်းငုံသီးနှံများ လှိုင်လှိုင်ပေါ်တော့မည်ဖြစ်၍ စိုက်တောင်သူများအတွက် ဝင်ငွေရရှိပြီး၊ နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေ ပိုမို ရရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏စီးပွားရေး တွက်ခြေကိုက်တော့မည့် အချိန် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုအလားအလာကောင်းပြီး ကုန်ကျစရိတ် နည်းပါးသော ပဲစဉ်းငုံသီးနှံကို တိုးချဲ့စိုက်ပျိုးသင့် ပါကြောင်း အကြံပြု တိုက်တွန်းရေးသားတင်ပြလိုက်ပါသည်။
DOCA(မကွေး)
