ပဲမျိုးစုံသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး အပင်အာဟာရဓာတ်ချို့တဲ့မှုကိုကုစားပေး

Powered by Drupal
Wed, 12/03/2025 - 14:31 -- consumer_admin

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် လိုအပ်သော အဓိကသီးနှံများ ဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးတို့ကို ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါပန်းတိုင်သီးနှံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ ပါဝင်သည့် ပဲမျိုးစုံသီးနှံအား ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲမျိုးစုံအမျိုးအစား ၄၀ ကျော်အား ၁၀၉၈၉၆၄၄ ဧကခန့်စိုက်ပျိုးနိုင်ခဲ့သည်။

ပဲမျိုးစုံ စိုက်ပျိုးဧရိယာ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိလာစေရန် စိုက်ပျိုး ရေးဆိုင်ရာ အကြောင်း အချက်များ ဖြစ်သည့် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ မြေဆီလွှာကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေနှင့် အစိုဓာတ်ကောင်းစွာရရှိနိုင်ရေးနှင့် အခြားသီးနှံ အထွက်တိုးရေးဆိုင်ရာ နည်းစနစ်များ ဖြစ်သည်။ ထို့ကြောင့် ပဲမျိုးစုံအထွက်တိုးရေးအတွက် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရှာဖွေသုံးစွဲခြင်း၊ စိုက်ပျိုးရာသီချိန်မှန်အောင် စိုက်ပျိုးနိုင်ခြင်းနှင့် အစိုဓာတ်မိအောင်စိုက်ပျိုးခြင်း၊ အပင်အာဟာရဓာတ်များအား လိုအပ်ချိန်တွင် ထည့်သွင်းပေးနိုင်အောင် ဆောင်ရွက်ခြင်း၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါများကို စနစ်တကျ နှိမ်နင်း ခြင်း၊  ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းအောင် စနစ်တကျ ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ဈေးကွက် ရရှိစေရန် ဆောင်ရွက်ရန် လိုအပ်သည်။

ပဲမျိုးစုံသီးနှံ(မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ)အား မြန်မာပြည်အထက်ပိုင်းဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးရေဖြင့် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းတို့တွင် သီးသန့်သော်လည်းကောင်း၊ သီးညှပ်အဖြစ်လည်းကောင်းစိုက်ပျိုးကြပြီး မြန်မာပြည်အောက်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း ဒေသကြီး ၊  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စပါးသီးနှံစိုက်ပျိုးပြီးနောက် သီးထပ် အဖြစ်  စိုက်ပျိုးလေ့ရှိသည်။

ပဲမျိုးစုံသီးနှံအား စိုက်ပျိုးမည်ဆိုပါက မစိုက်ပျိုးမီ အပင်ပေါက်ရာခိုင်နှုန်း ကောင်း/ မကောင်း စမ်းသပ်ပြီးမှသာ စိုက်ပျိုးသင့်သည်။

ပဲမျိုးစုံသီးနှံသည် ရေဝပ်ဒဏ်ခံနိုင်ရည် မရှိသော်လည်း ရေစီးရေလာကောင်းမွန်သည့် မြေအမျိုးအစားမျိုးစုံတွင် စိုက်ပျိုးနိုင်သည်။ ပဲမျိုးစုံဖြစ်ထွန်းနိုင်သည့် မြေများမှာ စနယ်မြေစေး၊ နုန်းသမမြေ၊ သဲမြေ၊ သဲနုန်းမြေ၊ မြေနက်စေးနှင့် မြေနီစေးတို့တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငန်ကိန်းမှာ pH ၅ ဒသမ ၅ - ၇ ဒသမ ၂ အတွင်းဖြစ်ပြီး မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ အောက် လျော့နည်းသွားပါက အပင်ကောင်းစွာ မဖြစ်ထွန်းပါ။

ပဲမျိုးစုံစိုက်ပျိုးရာတွင် အပင်ဖြစ်ထွန်းမှုကောင်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြေဆီလွှာကျန်းမာရေး ကောင်းမွန်သောမြေ ဖြစ်ရမည်။ ပဲသီးနှံစိုက်ပျိုးသော တောင်သူများ အနေဖြင့် ကျန်းမာသန်စွမ်းသော မြေဆီလွှာဆိုတာ  ဘာလဲသိရှိရန် လိုအပ်သည်။  ကျန်းမာသန်စွမ်း သော မြေဆီလွှာဆိုသည်မှာ ပြုပြင်ထွန်ယက်ရန် လွယ်ကူပြီး ရေသွင်းရေထုတ်ကောင်းမွန်ခြင်း၊ လုံလောက်သောမြေဆီလွှာအနက်ရှိ၍ အပင်အာဟာရဓာတ်များ လုံလောက်စွာ ရရှိစေခြင်း၊ အကျိုးပြုသက်ရှိများ များပြားစွာရှိနေပြီး သီးနှံပင်များကို ရောဂါဖြစ်စေတတ်သည့် ပိုးမွှားရောဂါများ နည်းပါးခြင်း၊ ပေါင်းမြက်ပြဿနာ နည်းပါးခြင်းနှင့် အဆိပ်အတောက်ဖြစ်စေသည့် ဒြပ်စင်များမရှိဘဲ မြေဆီလွှာပျက်စီးမှုနည်းပါးသောမြေကိုခေါ်ဆိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကျန်းမာသန်စွမ်း သော မြေဆီလွှာဆိုသည်မှာ မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာအားဖြင့် မြေသားဖွဲ့စည်း တည်ဆောက်ပုံ၊ လေဝင်လေထွက်ကောင်းမွန်မှု၊ မြေသားမွရွမှု၊ မြေဆီလွှာ၏ ရေထိန်းစွမ်းအား ကောင်းမွန်မှု၊ ဇီဝပိုင်း ဆိုင်ရာဖြင့် မြေဆီလွှာအတွင်း အကျိုးပြုသက်ရှိများ အဏုဇီဝပိုးများကြွယ်ဝနေမှုနှင့် ဓာတုပိုင်းဆိုင် ရာ အပင်ကြီးဖွံ့ဖြိုးမှု၊ သီးပွင့်မှုကောင်းမွန်စေရန်အတွက် အပင်အာဟာရများ ကြွယ်ဝနေသော အခြေအနေကို ခေါ်ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် ပဲမျိုးစုံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးနေသောမြေသည် ကျန်းမာရေး ကောင်းမွန်သော မြေဆီလွှာဖြစ်ရန်အတွက် ကနဦးလုပ်ငန်းသည် မိမိတို့စိုက်ပျိုး မြေအား မျက်မြင်အားဖြင့် မြေဆီလွှာ အခြေအနေကောင်းမွန်မှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေး ရန်ဖြစ်သည်။

ထို့နောက် မိမိတို့စိုက်ပျိုးမြေဆီလွှာ၏ အပင်အာဟာရဓာတ်များ ပါဝင်မှု အခြေအနေကို သိရှိပြီး လိုအပ်သလို ပြုပြင်မှုများ စီမံခန့်ခွဲမှုများ လုပ်ဆောင်ရန်အတွက် မြေနမူနာယူပြီး မြေအသုံး ချရေးဌာနခွဲ၏ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးသင့်သည်။ သို့မှသာ မိမိစိုက်ပျိုးမြေ၏ အခြေအနေ ကိုသိရှိပြီး ပြုပြင်ရမည့်နည်းလမ်းများ၊ အပင်အာဟာရများ ထည့်သွင်းခြင်းလုပ်ငန်းများကို သိရှိဆောင်ရွက်နိုင်မည်ဖြစ်သည်။

သီးနှံပင်များကြီးထွားရန်အတွက် လိုအပ်သော အပင်အာဟာရဓာတ် ၁၈ မျိုးရှိသည်။ ၎င်းတို့မှာ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ၊ အိုင်းယွန်း၊ ဇင့်၊ ဆိုဒီယမ်၊ ကလိုရင်း၊ ကော့ပါး၊ ဘိုရွန်၊ မန်းဂနိ၊ မိုလစ်ဒီနမ်နှင့် စီလီကွန်တို့ ဖြစ်သည်။ ထို့ကြောင့် ပဲစိုက်တောင်သူများအနေဖြင့် ပဲသီးနှံစိုက်ပျိုး ရာတွင် တွေ့ရှိနိုင်သော အပင်အာဟာရဓာတ်ချို့တဲ့မှု လက္ခဏာ များကိုလည်း သိရှိရန် အရေးကြီး သည်။ သို့မှသာ ပဲသီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် အပင်အာဟာရ ဖြည့်တင်းရေးကို လုပ်ဆောင်နိုင်မှာဖြစ်သည်။ ပဲသီးနှံအတွက် လိုအပ်သော အပင်အာဟာရဓာတ်များထဲမှ အရေးကြီး သော အပင်အာဟာရဓာတ်ချို့တဲ့မှုလက္ခဏာများကို ဦးစားပေးဖော်ပြသွားပါမည်။

နိုက်ထရိုဂျင်(N)ဓာတ်ချို့တဲ့ခြင်း

ပဲမျိုးစုံတွင် နိုက်ထရိုဂျင်ချို့တဲ့ပါက အရွက်ရင့်များ အစိမ်းဖျော့ အဝါရောင်ပြောင်းသွားပြီး အပင်ကြီးထွားမှု ရပ်တန့်ပြီး ပင်စည်သေးသွယ်၍ ရှည်လျားသည်။ ပန်းပွင့်နှင့် ကိုင်းအရေအတွက် လျော့နည်းပြီး သီးတောင့်နှင့် အစေ့အဆန်ဖြစ်ပေါ်မှုနည်းပါးသည်။  နိုက်ထရိုဂျင်ချို့တဲ့ပါက ရွက်ဖျန်းမြေဩဇာအဖြစ် ရေတစ်လီတာလျှင် ဒိုင်အမိုနီယမ်ဖော့စဖိတ် ၂၀ ဂရမ် ၂ ရာခိုင်နှုန်းဖြင့် တစ်ပတ်တစ်ကြိမ်ဖျန်းပေးသင့်သည်။

ဖော့စဖရပ် (P) ဓာတ်ချို့တဲ့ခြင်း

 ပဲမျိုးစုံတွင် ဖော့စဖရပ်ချို့တဲ့ပါက တစ်ပင်လုံးအစိမ်းရင့်ရောင်ရှိနေပြီး အရွက်များခွက်၍ ပင်စည်မှာ ခရမ်းရောင်သန်းနေသည်။ ခရမ်းရောင်ပြောင်းခြင်းကို အောက်အရွက်များမှ အပေါ် အရွက်များအထိ တွေ့ရနိုင်သည်။ အပင်ပု၍ ပင်စည်သေးသွယ်ပြီး ဆစ်ကြားတိုတတ်သည်။

သီးတောင့်အရွယ်အစားနှင့် အရေအတွက်လျော့နည်းပြီး သီးတောင့်ပါ အစေ့အရေအတွက် လည်း  လျော့နည်းနိုင်သည်။  ဖော့စဖရပ်ဓာတ်ချို့တဲ့ပါက  ရွက်ဖျန်းအနေဖြင့် ရေတစ်လီတာ တွင်  ဒိုင်အမိုနီယမ် ဖော့စဖိတ် ၂၀ ဂရမ် ၂ ရာခိုင်နှုန်းဖြင့်ဖျန်းပေးနိုင်သည်။

ပိုတက်စီယမ်(K) ဓာတ်ချို့တဲ့ခြင်း

ပိုတက်စီယမ်ချို့တဲ့ပါက အရွက်ရင့်များ၏ အရွက်ထိပ်နှင့် ရွက်နားများမှစ၍ အဝါရောင် ပြောင်းပြီး ရွက်ကြောများကြားအထိ ပျံ့နှံ့သွားသည်။ ချို့တဲ့မှုပြင်းထန်ပါက အရွက်နားများခြောက်၍ မီးလောင်ထားသကဲ့သို့

အပေါ်ဘက်သို့လိပ်တက်ကာ အချိန်မတိုင်မီ အရွက်ရင့်များခြောက်၍သေသွားနိုင်သည်။ အပင်ပု၍ဆစ်ကြား တိုတတ်သည်။ ကိုင်းအရေအတွက်နည်းပြီး အပင်ကြီးထွားမှုအားနည်းသွား သည်။ ပိုတက်စီယမ်ချို့တဲ့ပါက ရွက်ဖျန်းအနေဖြင့် ရေတစ်လီတာတွင် ပိုတက်မြေဩဇာ ၁၀ ဂရမ် ၁ ရာခိုင်နှုန်းဖြင့် ဖျန်းပေးနိုင်သည်။

ကယ်စီယမ် (Ca) ဓာတ်ချို့တဲ့ခြင်း

ပဲမျိုးစုံတွင် ကယ်စီယမ်ချို့တဲ့ပါက အရွက်နုများ အစိမ်းဖျော့ရောင်ပြောင်းပြီး အရွက်မြွှာများ ၏ ရွက်ကြောကြားတွင် နီညိုရောင်ဆဲလ်သေနာကွက်များဖြစ်လာသည်။ ရွက်ကြောကြားများတွင် အဖုအထစ်ပုံစံများ တွေ့ရနိုင်သည်။ ထိပ်ဖူးများညှိုး၍ သေသွားနိုင်သည်။  ကယ်စီယမ်ချို့တဲ့ပါက ရွက်ဖျန်းမြေဩဇာအဖြစ် ရေတစ်လီတာလျှင် ကယ်စီယမ်ဆာလဖိတ် ၁၀ ဂရမ် ၁ ရာခိုင်နှုန်းအား နှစ်ပတ်တစ်ကြိမ်ဖျန်းပေးသင့်သည်။

ဆာလဖာ (S) ဓာတ်ချို့တဲ့မှုလက္ခဏာ

ဆာလဖာချို့တဲ့ပါက အရွက်နုများအစိမ်းဖျော့ရောင်မှ အဝါဖျော့ရောင်သို့ ပြောင်းနေပြီး အရောင်မညီ ကွက်ကျားများ တွေ့ရသည်။ အပေါ်ပိုင်းအရွက်များတွင် ချို့တဲ့မှုလက္ခဏာ စတင်ပြပြီး တဖြည်းဖြည်းတစ်ပင်လုံးအဝါရောင်သို့ ပြောင်းသွားသည်။

ဘိုရွန် (B) ဓာတ်ချို့တဲ့မှုလက္ခဏာ

ပဲမျိုးစုံတွင် ဘိုရွန်(B)ချို့တဲ့သည့်ပဲပင်များသည် ပုံမှန်အပင်များထက် အစိမ်းရောင်ရင့်နေပြီး ရွက်မြွှာများထူ၍ အောက်သို့ငိုက်ကျနေပြီး အလွယ်တကူကြွေကျတတ်သည်။ ချို့တဲ့မှု အဓိက လက္ခဏာမှာ ထိပ်ပိုင်းကြီးထွားမှု အစိတ်အပိုင်းများ ညှိုး၍ အနက်ရောင်ပြောင်းကာ သေဆုံးသွား ခြင်းကြောင့် အပင်ပုသွားတတ်သည်။ ထိပ်ဖျားပိုင်း သေဆုံးမှုကြောင့် ထွက်ရှိလာသော ဘေးအညွန့် များ၏ ရိုးတံများ ကြွပ်ဆတ်နေတတ်သည်။

ချို့တဲ့မှုဆက်၍ဖြစ်နေပါက အရွက်နုများ၏ အနားများ အတွင်းဘက်သို့ လိပ်သွားတတ် သည်။ ဘိုရွန်ချို့တဲ့ပါက  အပင်၏ ထိပ်ပိုင်းဆဲလ်ပွားများမှု နည်းခြင်း၊ ပရိုတင်းတည်ဆောက်မှု နှေးကွေးစေခြင်း၊ အပွင့်အသီးကြွေခြင်းနှင့် ပန်းပွင့်၏ဝတ်မှုန်များ ရှင်သန်မှုကာလတိုလာခြင်းတို့ ဖြစ်ပေါ်သည်။ ဘိုရွန်ဓာတ်ချို့တဲ့ပါက ရွက်ဖျန်းအဖြစ် ရေတစ်လီတာတွင် ဘိုရက်စ် ၂-၅ ဂရမ် သုည ဒသမ ၂ -  သုည ဒသမ ၅ ရာခိုင်နှုန်းထည့်ဖျော်၍ဖျန်းပေးနိုင်သည်။

ပဲမျိုးစုံစိုက်ပျိုးရေးတွင် နိုက်ထရိုဂျင်နှင့် ဘိုရွန်တို့၏အရေးပါမှု ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် စသည့် ပဲမျိုးစုံသီးနှံတို့သည် ပန်းပွင့်ချိန်၌အစေ့များ ပြည့်ဖြိုးစေရန်နှင့် အစေ့တွင် ပရိုတင်းဓာတ်ဖြည့် တင်းပေးရန်အတွက် နိုက်ထရိုဂျင်ဓာတ် အလိုအပ်ဆုံးအချိန် ဖြစ်သည်။ ဘိုရွန်ဓာတ်သည်လည်း ပန်းပွင့်များကြွေကျခြင်းအား ကာကွယ်ရန်၊ ပန်းပွင့်၏ ဝတ်မှုန်ပြွန်ကောင်းစွာ ရှည်ထွက်ပြီး မျိုး အောင်မှု အားကောင်းစေရန်နှင့် အပင်အတွင်း နိုက်ထရိုဂျင်ဓာတ်၏ ဇီဝကမ္မဆိုင်ရာလုပ်ငန်းများကို အထောက်အကူပေးနိုင်ရန်အတွက် ပန်းပွင့်ချိန်၌ အထူးလိုအပ်သည်။

ထို့ကြောင့် ယူရီးယားနှင့် ဘိုရွန်(လက်ချား)အား ပဲသီးနှံတွင် ပန်းစပွင့်ချိန်နှင့် သီးကင်းဝင်ချိန် တွင် ရေတစ်ဂါလန်လျှင် ယူရီးယားဟင်းစားဇွန်းလေးဇွန်းနှင့် လက်ချားမှုန့်ဟင်းစား ဇွန်းတစ်ဇွန်း ပျော်အောင်ဖျော်၍ တစ်ဧကလျှင် ရေလေးဂါလန်ဝင် ဆေးဖျန်းပုံး ငါးပုံး၊ ခြောက်ပုံးစီဖျော်၍ နံနက်စော၊ ညနေစောင်းနှင့် နေအေးသော အချိန်တွင်ဖျန်းပက်ရမည်။ တစ်ဧကလျှင် တစ်ကြိမ်ဖျန်း ရန်အတွက် ယူရီးယားတစ်ပြည် (၄ ပေါင်)ခန့်နှင့်လက်ချား ၂၀ ကျပ်သား (သုည ဒသမ ၅ ပေါင်)လိုသည်။ ပဲမျိုးစုံသီးနှံများတွင် ယူရီးယားနှင့် ဘိုရွန်အသုံးပြုခြင်းအားဖြင့် ကုလားပဲသီးနှံ တွင်  ၂၀  ရာခိုင်နှုန်း၊ ပဲတီစိမ်းသီးနှံတွင် ၂၅ ရာခိုင်နှုန်း၊ မတ်ပဲသီးနှံတွင်  ၃၀  ရာခိုင်နှုန်းနှင့် ပဲပုပ်သီး နှံတို့တွင် ၄၀ ရာခိုင်နှုန်းပိုမိုထွက်ရှိနိုင်သည်။ ထို့ကြောင့် ပဲမျိုးစုံသီးနှံများ ပန်းတိုင်အထွက် နှုန်း ရရှိရေးအတွက် အပင်အာဟာရဓာတ်များလိုအပ်မှု အခြေအနေကိုသုံးသပ်၍ ထည့်သွင်းနိုင်ခြင်းဖြင့် မျှော်မှန်းအထွက်နှုန်းများကို ထွက်ရှိနိုင်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။ 

Source: မြင့်မြင့်ထွန်း                                                

DOCA(ပြည်ထောင်စုနယ်မြေ)