
အာဒါလွတ်ဥသည် အပူပိုင်းဒေသများမှထွက်ရှိသော သစ်ဥသစ်ဖုဖြစ်သည်။ အာဒါလွတ်ဥ သည် အစာကြေလွယ်သဖြင့် ၎င်းကိုကလေးများနှင့် နာမကျန်းဖြစ်နေသောသူများအတွက် အစား အစာအဖြစ် အသုံးပြုလေ့ရှိကြသည်။ သို့သော် စီးပွားရေးသမားများက အာဒါလွတ်မှုန့်များတွင် အာလူးမှုန့်၊ ဆန်မှုန့်၊ သို့မဟုတ် ရိုးရိုးဂျုံမှုန့်များဖြင့်ရော၍ အာဒါလွတ်မှုန့်အဖြစ် ရောင်းချ လေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင်အာဒါလွတ်ဥကို ကလားဥ၊ သင်ဥ၊ ဝါးဥ ဟူ၍အမျိုးမျိုးခေါ်ဝေါ်ကြသည်။ အာဒါလွတ်ဥကိုပြုတ်ပြီး ဆီ၊ဆား၊ နှမ်းတို့ဖြင့် စားကြပြီး အရသာစိမ့်စိမ့်လေးနှင့် မြန်မာ့အစားအစာများတွင် နေရာတစ်ခုယူထားသည့် အာဒါလွတ်ဥက ဆေးဖက်ဝင်သည်။ အာဒါလွတ်ဥကို ပါးပါးလှီးကြော်ခြင်း၊ ပြုတ်ထောင်း၍ မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော်စားလေ့ရှိကြောင်းနှင့် သက်သက်လွတ်သမားများပိုမိုဝယ်ယူစားသုံးကြပြီး မုန့်ပဲ သရေစာအဖြစ်လည်း စားသုံးကြသည်။ အာဒါလွတ်ဥတွင် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်နှင့်ဖောလစ်အက်ဆစ်တို့ပါဝင်သည့်အပြင် ဖော့စဖရပ်စ်ကဲ့သို့သော သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်။ ထို့ကဲ့သို့သော အာဟာရဓာတ်များပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ အရိုးကိုသန်မာစေခြင်း၊ သွေးလှည့်ပတ်မှုနှင့် နှလုံးကျန်းမာရေးရောဂါကို ကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။
အာဒါလွတ်ဥသည် မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားသောကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင် သည်။ ခန္ဓာကိုယ်၏ အစာခြေစနစ်တွင် အမျှင်ဓာတ်သည် အရေးပါဆုံးဖြစ်ပြီး အာဒါလွတ်ဥ အမျှင်သည် အူလမ်းကြောင်းအတွင်း၌ အစားအစာရွေ့လျားမှု ကောင်းမွန်စေပြီး အာဟာရဓာတ်များ စုပ်ယူနိုင်အောင် နှိုးဆွပေးကာ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ကို သက်သာပျောက်ကင်းစေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါသည်။ အဆိုပါ အမျှင်ဓာတ်ကြောင့် ပိုလျှံနေသော ကိုလက်စထရောများကို ရှင်းလင်းပေးပြီး နှလုံးသွေးကြောကျမ်းမာရေးကို ကောင်းမွန်စေသည်။ အသားမှရသော ပရိုတင်းဓာတ်များထက် အသီးအနှံနှင့် သစ်ဥသစ်ဖုမှရရှိသော ပရိုတင်းကို ခန္ဓာကိုယ် ကစုပ်ယူမှု လုပ်ရတာပို၍လွယ်ကူသောကြောင့် ပရိုတင်းအသင့်အတင့်ပါဝင်သော အာဒါလွတ်ဥကို စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။ အာဒါလွတ်ဥသည် ချောကလပ်၊ နို့အေးချောင်းတို့နှင့်တွဲဖက်စားသုံးခြင်းကို ရှောင်ကြဥ်သင့်သည်။ ဂေါက်ရောဂါရှိသူများ စားသုံးပါက ခြေဆစ်လက်ဆစ်များနာတတ်ပါသည်။
DOCA(ပဲခူး)
