
သနပ်ခါးသည် ကလေးမှအစဘိုးဘွားများအထိ လိမ်းခြယ်အသုံးပြုကြသော ပစ္စည်းတစ်မျိုး ဖြစ်သည်။ အထူးသဖြင့် မြန်မာအမျိုးသမီးများသည် သနပ်ခါးကိုမခုံမင်မနှစ်သက်သူ ရှားပေလိမ့်မည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ယခုခေတ်ပေါ် အလှကုန်ပစ္စည်းများ အဆန်းအပြားများစွာ မည်မျှပင် ဝင်ရောက်လာစေကာမူ မြန်မာ့သနပ်ခါးကိုမူ ကွယ်ပျောက်သွားအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ မြန်မာ့သနပ်ခါးသည် သင်းပျံ့သော ရနံ့နှင့်ပြည့်စုံသည့်အပြင် လိမ်းကျံထားသောသူ၏ အသားအရေကို စိုပြည်ဝင်းလဲ့၍ လှပစေခြင်း၊ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကိုကြည်လင် လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှကာကွယ်ပေးခြင်း စသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံ သောကြောင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမားများအဆုံး လိမ်းခြယ်ခဲ့ကြသည့် အရာဖြစ်ပါသည်။ မြန်မာမိန်းကလေးအများစုသည် ရေချိုးပြီးတိုင်းသနပ်ခါးကို ခုံခုံမင်မင်နှစ်နှစ် သက်သက်လိမ်းခြယ်ကြသည်။
သနပ်ခါးသည် အပူကြောင့်ဖြစ်သောဝေဒနာ၊ အအေးကြောင့်ဖြစ်သောဝေဒနာ နှစ်မျိုးစလုံး အတွက် သွေး၍လိမ်းပေးခြင်းအားဖြင့် ကိုယ်တွင်းရှိအခိုးအငွေ့များထွက်ကာ ရောဂါ ပျောက်ကင်း စေသည်။ အပူဒဏ်ကိုကာကွယ်ပေးသောကြောင့် နေပူထဲတွင်အလုပ်လုပ်သူများလည်း သနပ်ခါးကို လိမ်းထားခြင်းဖြင့် အပူဒဏ်မှ သက်သာစေနိုင်သည်။ သနပ်ခါးသားသည် မာကျော၍ အဝါရောင် ရှိသည်။ ကျစ်လစ်သိပ်သည်းသောကြောင့် အခြောက်ခံထားသော သနပ်ခါး ၁ကုဗပေလျှင် ၆၁ပေါင်အလေးချိန်စီးသည်။ သနပ်ခါးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သော အလယ်ပိုင်းအညာဒေသတွင် ပို၍ဖြစ်ထွန်းသည်။ အများဆုံးစိုက်ပျိုး သောမြို့မှာ အရာတော်မြို့ဖြစ်ပြီး ဧကတစ်သိန်းကျော်စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါး စိုက်ဧက၏ ၇၅ရာခိုင်နှုန်းခန့် စိုက်ပျိုးထားကြောင်းသိရသည်။ ထို့ကြောင့် ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ ယနေ့အချိန်ထိ ရိုးရာယဥ်ကျေးမှုအမွေအနှစ် အဖြစ်ထိန်းသိမ်းလာခဲ့သော မြန်မာ့သနပ်ခါးကို မြန်မာတို့အတွက် လက်ဆောင်တစ်ခုအဖြစ်လည်းကောင်း၊ မြန်မာ့ယဥ်ကျေးမှု ပြယုဂ်တစ်ခုအဖြစ်လည်းကောင်း တည်ရှိပြီး မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်အောင် ပူပေါင်းပါဝင်ဆောင်ရွက်ကြသင့်ပါသည်။
DOCA(ပဲခူး)
