အညာဒေသထန်းပင်အလှ
မြန်မာနိုင်ငံတွင် အညာဒေသ၏ အလှ၊ ပြယုဒ်တစ်ခု၊ သဘာဝ၏ လက်ဆောင်မွန် ထန်းပင် များမှာ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်ပေးလျှက်ရှိသည်။ (မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)က ဝန်ကြီးပဒေသရာဇာမှ အညာဒေသ ထန်းပင်အလှ နှင့် အညာဓလေ့ တောသူ တောင်သားတို၏ ဘဝအဖုံဖုံကို နွေဦးကာလ မြူထသောအခါ ကဗျာဖြင့် ဤကဲ့သို့ ရေးဖွဲ့ခဲ့သည် -
နွေဦးကာလ မြူထသောခါ၊
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊
ထားနှီးထက်စွာ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ် နုမျစ်ငယ်ထန်းဦးရေ၊
မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ၊
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ခြောက်သော့ခါ၊
ပုတက်ယုန်ခါ တောမှာရှိကြ၊
ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ၊
မနေထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ မယားကတစ်သွယ်၊
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတစ်သွယ် ယုန်ငယ်ကစ၊
တောသတ္တဝါ တွေ့တိုင်းကိုသာ၊
အိမ်မှာသာယူ၍ချသည်နှင့်လေး။
သို့နှင့်ရောက်က ခဏဆောင်လျှင်၊
တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊
အိုးကင်းနှင့်လှော် ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး ခူးပြီးသော့ခါ၊
သမီးနှင့်သား များလို့မဝင်သာ၊
ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ စားတော့မည်စေ၊
၀ပေသာလှ အုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။
ထန်းပင်ပေါက်ရောက်ရာဒေသများ
ထန်းပင်သည် ဓါတ်မြေဩဇာမလို၊ ပိုးသတ်ဆေးမလို၊ ရေသွင်းပေးရန်မလိုဘဲ သဘာ၀ အလျောက် ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့သော ပူပြင်းသည့် နိုင်ငံများတွင် ထန်းပင်အများ အပြားတွေ့နိုင်သည်။ မြန်မာနိုင်ငံတွင်မူ မြေလတ်ဒေသနှင့် အထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံးတွေ့ရလေ့ရှိသည်။ အောက်ပိုင်းဒေသများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် လည်း အနည်းငယ်ပေါက်ရောက်လျှက်ရှိသည်။
ထန်းပင်ပေါက်ရောက်ပုံ
ထန်းပင်သည် ရေဝပ်သောမြေမှလွဲ၍ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး အထူးသဖြင့် သဲရောသော “အင်တိုင်းမြေ” အမျိုးအစားကို ပိုမိုနှစ်သက်သည်။ ထန်းပင်သည် မိုးရေချိန်လက်မ ၂၀ မှ ၄၀ အတွင်း ရွာသွန်းသည့် ပူပြင်းခြောက်သွေ့သောရာသီဥတုကို ကြိုက်နှစ်သက်တတ်ကြသည်။ ကျောက်စရစ် မြေဝါနှင့် ကျောက်စရစ်မြေနီသည် ထန်းလျက် နှင့် ထန်းရည်အရည်အသွေးကို ကောင်းမွန် စေသော မြေဖြစ်သည်။ ထန်းပင်ကို ဝါဆိုလတွင်စိုက်ပျိုးပါက ထန်းသီးနုပြီး တော်သလင်းလတွင် စိုက်ပျိုးပါက အညှောက်ရှည်၍ တီကောင်ကိုက်တတ်သော်လည်း ထန်းပင်အမြစ်ကို စားသုံးရန် အသုံးပြုမည်ဆိုပါက တော်သလင်းလတွင်သာ စိုက်ပျိုးရမည်။ ထန်းသီးတစ်လုံးတွင် အစေ့အဆန် သုံးခုပါဝင်ပြီး တစ်စိတ် ချင်းခွဲပြီး မြေတွင်တစ်စေ့ချင်း မလုံတလုံချ၍စိုက်ပျိုးရသည်။ ထန်းပင်အနည်းငယ်လောက်သာ စိုက်ပျိုးမည်ဆိုပါက မြေကြီးအနက် ခြောက်လက်မ ရှိအောင်တူး၍ တစ်စေ့ချင်း ချပြီး ခြောက်ပေ၊ ခုနစ်ပေခွဲ၍ စိုက်ပျိုးလေ့ရှိသည်။ ထန်းပင်စိုက်ပျိုးရာတွင် ဒေသခံများ၏အယူအဆအရ မှောက်ပြီးစိုက်ပါက “ထန်းဖိုပင်”ဖြစ်ပြီး လှန်ပြီး စိုက်ပါက “ထန်းမပင်” ဟု ဒေသခံများက ပြောဆိုလေ့ရှိသည်။ ပထမဦးစွာအဖိုပွင့် သို့မဟုတ် အမပွင့်ပွင့်သော ထန်းနို့ကို ထုခြေပစ်ရ၏။ ထို့နောက် ထိပ်ဖျားကို ဓားဖြင့် လှီးဖြတ်ရ၏။ ဤကဲ့သို့ နေ့စဉ်လှီးပေးခြင်းဖြင့် ထန်းနို့မှ ထန်းရည်များလိုက်လာသည်။ ထန်းရည်ကို မြေအိုး သို့မဟုတ် ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းဖိုပင်နှင့် ထန်းအမပင်နှစ်မျိုးစလုံးမှ ထန်းရည်ရရှိနိုင်ပြီး ဆောင်းတွင်းရာသီနှင့် နွေဦးပေါက်ရာသီ တို့တွင် ထန်းရည်လှိုင်လှိုင်ရနိုင်သည်။ ထန်းအမပင်များမှ မိုးတွင်း၌ပင်လျှင် ထန်းရည်ကို ရရှိနိုင်ပြီး အမပင်သည် အဖိုပင်ထက် ထန်းရည် တစ်ဆခွဲမျှ ပိုထွက်သည်။
ထန်းပင်၏ အသုံးဝင်ပုံ
ထန်းအဖိုပင်မှ ထန်းရည်အချိုကို ပထမဦးဆုံး ထုတ်လုပ်ပြီး ကျိုချက်ရရှိသည့်ထန်းလျက်ကို “ထန်းဖိုဦးထန်းလျက်” ဟုခေါ်ပြီး ဆေးဖက်အလွန်ဝင်သော ထန်းလျက်ဖြစ်သည်။ အဆိုပါ ထန်းဖိုဦးရာသီသည် အချိန်ကာလအားဖြင့် အလွန်တိုတောင်းသဖြင့် “ထန်းဖိုနုအသက်ခုနစ်ရက်” ဟုပင်ဆိုကြသည်။ ထန်းဖိုပင်သည် ထန်းရည်ကို တပို့တွဲနှင့် တပေါင်းလတို့တွင် လှိုင်လှိုင်ထွက်ပြီး ထန်းအမပင်သည် ကဆုန်လမှဝါခေါင်လအထိ ထွက်ရှိသည်။ အရည်သည် ထန်းနို့ လေးခိုင်၊ ငါးခိုင်၊ ခြောက်ခိုင်ထွက်ပြီး ထန်းမပင်သည် မိုးရာသီနှင့် ထန်းဖိုပင်သည် နွေရာသီတွင် ထန်းရည်ထွက်ရှိသည်။ ထန်းပင်တစ်ပင်သည် ပျမ်းမျှတစ်နေ့လျှင် တစ်မြူလျှင်သုံးပုလင်းမှ လေးပုလင်းခန့်အထိရှိသော ထန်းရည်ချိုနှစ်မြူထွက်ရှိသည်။ အချို့အပင်များသည် တစ်နေ့လျှင် အနည်းဆုံးတစ်မြူ၊ နှစ်မြူနှင့် အချို့အပင်များသည် အများဆုံး လေးမြူမှငါးမြူခန့်အထိထွက်ရှိပြီး ထန်းပင်သက်ရင့်လေ အရည် အထွက်ကောင်းလေဖြစ်သည်။ ထန်းဖိုပင်သည် တစ်နှစ်လျှင် ထန်းရည်ထွက်သည့်ရက်ပေါင်း ၆၀ ရှိရာ တစ်ရက်လျှင်နှစ်မြူနှုန်း ထွက်ရှိနိုင်သည်။ ထန်းလျက်အနေဖြင့်မူ တစ်ရက်လျှင် တစ်ပင် မှ ၅၀ ကျပ်သားနှုန်း နှင့်ထန်းရည်မြူ ၂၀ မှ ၅၀ ကျပ်သားနှုန်းထွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း၌ ထန်းတောများကို အများအပြားတွေ့ရှိရပြီး ထန်းပင်များမှာ မြန်မာ့ စီးပွားရေး၌ အရေးပါသော အပင်တစ်မျိုးဖြစ်ပေသည်။ ထန်းပင်သည် အကိုင်းအခက်အလက်မှ စ၍ ပင်စည်၊ အမြစ်ထိ အသုံးဝင်သည်။ ကျေးလက်ဒေသများ၌ ထန်းရွက်ကို အမိုး၊ အကာအဖြစ် အသုံးပြုကြသည်။ ထန်းလက်များကို နှီးဖြာ၍ ထန်း ကြောဖျာ၊ ထန်းခေါက်ဖာများ ရက်လုပ်နိုင်သည်။ ထန်းသားသည် အတွင်းသား ပျော့သော်လည်း အပြင်သားမှာ မာကျောသဖြင့် ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေ စသည်များ ပြုလုပ်ရာ၌ အသုံးပြုကြသည်။ ထန်းရွက်များဖြင့် ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များကိုပြုလုပ် တတ်ကြသည့်အပြင် အိမ်မိုးရာ၌လည်း အသုံးပြုတတ်ကြသည်။ ရွက်လယ်ကြောများနှင့် ထန်းပင်မှ ရရှိသောအမျှင်များကို ဝက်မှင်ဘီးနှင့် ကြိုးပြုလုပ်ကြသည့်အပြင် ရွက်လယ်ကြောများကို တံမြက်စည်း အဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။ ထန်းပင်၏အလက်များကို ကုလားထိုင်များ၊ ထိုင်ခုံများ၊ စားပွဲများအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။ ထန်းသီးနုများအား လူစားခြင်း၊ နွားများအားကျွေးခြင်း၊ ထန်းစေ့မှ ထန်းမြစ်အား လူစားခြင်း၊ ထန်းပင်မှထွက်သော ထန်းရည်အား ထန်းဦးရေ၊ ထန်းရည်အဖြစ်သောက်သုံးရနိုင်သလို ထန်းရည်ကိုကျိချက်၍ ထန်းလျက်ပြုလုပ်ခြင်း၊ ထန်းလျက်အမှုန့်အဖြစ်ပြုလုပ်၍ ပြည်ပသို့တင်ပို့ခြင်း၊ မြန်မာ့ရိုးရာ မုန့်များဖြစ်သည့် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာကူ၊ ဂျုံယို၊ မုန့်ကျွဲသဲ၊ မြေပဲယို၊ နှမ်းယို၊ ပဲလိပ် အစရှိသဖြင့် မြန့်မာ့ရိုးရာမုန့်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ထန်းရွက်ပုတီးများ ပြုလုပ်ကာ အညာဒေသ ဘုရားပွဲတော်များတွင် ရောင်းချကြရာ နိုင်ငံခြားသားများ အလွန်ကြိုက်နှစ်သက်ကြသည်။
ဆေးဖက်ဝင်ပုံ
ထန်းပင်သည် မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်သည့် အပင်မျိုးဖြစ်သည်ဟု စိုက်ပျိုးရေး ပညာရှင်များက အဆိုပြုထားကြသည်။ ထန်းရည်တွင် ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အမိုင်နိုအက်ဆစ်များ အပါအဝင် အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ထန်းရည်တွင် ဖီနိုလစ် ဒြပ်ပေါင်းများကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓာကိုယ်အား ဓာတ်တိုးဆန့်ကျင်ဖိစီးမှုမှ ကာကွယ်ပေးပြီး နှလုံးရောဂါနှင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါသည်။ ထို့အပြင် အစာချေဖျက်မှုကို တိုးတက်စေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ စိတ်ဖိစီးမှုကို လျော့ပါးစေခြင်း၊ အရေးပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထန်းရည်ကိုချက်လုပ်ခြင်းအားဖြင့် ရရှိလာသော ထန်းလျက်ခဲကို စားသုံးခြင်းအားဖြင့်လည်း ကိုယ်တွင်းရေဓါတ်ကို ဖြည့်ပေးခြင်း၊ ခွန်အားကို ပြည့်စေခြင်း၊ ကြွက်သားများကို ကျန်းမာစေခြင်း၊ အကျိုးပြုအမျှင်ဓါတ်များပါဝင်သဖြင့် အူတွင်းမှ အကျိုးပြုဘတ်တီးရီးယားများကို အထောက်အပံ့ ပေးခြင်းဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း၊ ကင်ဆာဖြစ်စေနိုင်သည့် အရာများကို တိုက်ထုတ်ပေးခြင်း၊ အစာကြေလွယ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိစေပါသည်။
ထန်းပင်မှထွက်ရှိသည့် ဒေသတွင်းထွက်ကုန်များ
ယခုအခါ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)တစ်ခုအနေဖြင့် ထန်းရည်ဝိုင်ပုလင်းနှင့် ထန်းရည်ဘီယာသံဘူးများဖြင့် Value Added Product အဖြစ် ပြုပြင်ဖန်တီးထုတ်လုပ်ဖြန့်ဖြူးရောင်းချ၍ အရောင်းသွက်နေကြောင်းသိရှိရသည်။ ထန်းလျက်ကို အသုံးပြု၍ ဒေသတွင်းထွက်ကုန်များဖြစ်သည့် ပေါက်ပေါက်ဆုပ်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ မုန့်ပဲသွားရေစာအမျိုးမျိုးတွင် အချိုအဖြစ်ထည့်သွင်း၍လည်းကောင်း၊ ဒိန်ချဉ်တွင် ထည့်သွင်း၍ လည်းကောင်းထုတ်လုပ်ရောင်းချသည့်အပြင် ထန်းပင်ကို ခုတ်လဲ၍ အချောသတ်ကာ ရွှေပေါ်ထိုးပြီး ပေါလစ်ဆီအရာင်တင်ခြင်းဖြင့် မြန်မာ့ရိုးရာအလှကုန်အဖြစ် ဟိုတယ်ကြီးများနှင့်အိမ်ခြံဝင်း၊ မြက်ခင်းပြင်များပေါ်တွင် အလှပန်းအိုး များအဖြစ် တခမ်းတနားအသုံး ပြုလျက်ရှိ သည်ကိုလည်း တွေ့ရှိရသည်။ ထို့အပြင်ထန်းလျက် မလေးရှားနိုင်ငံနှင့် ထန်းသီးဆံများကို တရုတ်နိုင်ငံများသို့ ပင်လယ်ရေ ကြောင်းလမ်းဖြင့် အများဆုံး တင်ပို့လျက်ရှိသည်ကိုလည်း သိရှိ ရပါသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုရလျှင် ထန်းပင်သည် သဘာဝရေအရင်းအမြစ်ကို ထိန်းသိမ်းပေးသဖြင့် ရှေးမိဘဘိုးဘွားတို့သည် ရေကန်၊ အင်းအိုင်၊ မြစ်ချောင်းတို့ဝန်းကျင်၌ ထန်းပင်ကို စိုက်ပျိုး လေ့ရှိကြသည်။ ထန်းပင်သည် မုန်တိုင်း၏ အရှိန်အဟုန်ကို တွန်းလှန်ပေးခြင်း၊ သဲမြေတိုက်စားပြုန်းတီး မှုကိုလည်းကာကွယ်ပေးသဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုးသင့်သည့် နှစ်ရှည်ပင်လည်းဖြစ်သည်။ ထို့အပြင် ငွေကုန်ကြေးကျသက်သာသော အညာဒေသ၏ ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ် တင်ပို့ရောင်းချနိုင်သည့်အတွက် ဒေသတွင်းလုပ်ငန်းရှင်များက အရည်သွေးမီ၊ ခေတ်မီထုတ်ကုန်များထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုပါသည်။ ထန်းပင်သည် ရာသီဥတု ဒဏ်အတွက် အလွန်အရေးပါသည့်အပြင် စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ရေရှည်တည်တံ့စေရေးကိုလည်း တစ်ဖက်တလမ်းမှ အထောက်အပံ့ကောင်းတစ်ခုဖြစ်စေပါသည်။ ထန်းပင်ကို ဧကဖွဲ့စိုက်ပျိုးနိုင်ခြင်း၊ လယ်၊ ယာ၊ အိမ်ခြံများတွင် ခြံစည်းရိုးတစ်လျောက် မြေနေရာ သီးသန့်မယူဘဲ စိုက်ပျိုးနိုင်သဖြင့် ခြံစည်းရိုးမှ ဝင်ငွေရအောင် စိုက်ပျိုးနိုင်သော နှစ်ရှည် သီးနှံပင် တစ်မျိုးလည်းဖြစ်ပါသဖြင့် ဒေသတွင်း စီးပွားရေး၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် အလွန် အရေးပါသောကြောင့် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)
