စပါးအထွက်နှုန်းနှင့် ဗက်တီးရီးယား ရွက်ခြောက်ရောဂါ

Powered by Drupal
Fri, 09/12/2025 - 20:04 -- consumer_admin

     မြန်မာနိုင်ငံသည် စပါးသီးနှံကိုအဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် စာရင်းအင်းများအရ နှစ်စဉ် စပါးစိုက်ဧက ၁၇ သန်းခန့်ရှိသည်။ နွေစပါးနှင့် မိုးစပါး နှစ်ကြိမ် စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်ပျမ်းမျှအထွက်နှုန်းမှာ တန်ချိန် ၂၇ သန်းကျော်ဖြစ်သည်။ အရည်အသွေး ကောင်း စပါးမျိုးများ၊ အထွက်တိုးစပါးမျိုးများ၊ ဒေသမျိုးများ အစရှိသဖြင့် စပါးမျိုးပေါင်းများစွာ စိုက်ပျိုးကြလျက်ရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး ရည်ရွယ်၍ ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် စိုက်ပျိုးသူတောင်သူများ၊ သုတေသနပညာရှင်များ၊ စိုက်ပျိုးရေး ဆိုင်ရာပညာပေးသူများနှင့် လုပ်ငန်းရှင်များသည်  အဘက်ဘက်က ကြိုးပမ်းဆောင် ရွက်လျက်ရှိ သည်။

အထွက်တိုးစပါးမျိုးများသည် ယေဘုယျအားဖြင့် သီးနှံအထွက်နှုန်း မြင့်မားသလို မြေဩဇာ သွင်းအားစု ပိုမိုထည့်သွင်းရသောကြောင့် အပင်ရောဂါအချို့ ကျရောက်ဖြစ်ပွားမှု အားပေး စေသည်။  အပင်ရောဂါများ ဖြစ်ပွားမှု၏ အကျိုးဆက်ကြောင့် စပါးအထွက်နှုန်း လျော့နည်းစေသည်သာမက ဆန်စေ့အရည်အသွေးများကို ကျဆင်းစေသည်။ စပါးရောဂါများအနက် မျိုးမရွေး၊ ရာသီမရွေး၊  နေရာမရွေးကျရောက်ဖြစ်ပွားလေ့ရှိပြီး စပါးအထွက်နှုန်းကိုပါ ဆိုးရွားစွာ ထိခိုက်စေ တတ်သည့်ရော ဂါမှာ  ဗက်တီးရီးယား ရွက်ခြောက်ရောဂါဖြစ်သည်။

     စိုက်ခင်းတွင် ရောဂါစောစောကျရောက်လျှင် အထွက်နှုန်း ထိခိုက်မှုသည်လည်း အမြင့်ဆုံး ဖြစ်သည်။ စိုက်ပျိုးသည့် စပါးမျိုးသည် ဤရောဂါအား ခံနိုင်ရည်မဲ့ပြီး စိုက်ပျိုးချိန် ရာသီဥတု အခြေအနေသည် ရောဂါကိုအားပေးသည့် အနေအထားရှိခဲ့လျှင် အထွက်ဆုံးရှုံးနိုင်မှုသည် ၇၅ ရာခိုင် နှုန်းအထိရှိကြောင်း  ပါကစ္စတန်နိုင်ငံမှ သုတေသနပြုတွေ့ရှိ ဖော်ထုတ်တင်ပြထားသည်။ အပင် ရောဂါများ ထိရောက်စွာနှိမ်နင်းရန် ရောဂါအမျိုးအမည်ကို မှန်ကန်စွာဖော်ထုတ်ခြင်းသည် အရေး ကြီးသဖြင့် ရွက်ခြောက်ရောဂါဖြစ်ပွားလျှင် သိသာထင်ရှားသည့် ပင်ပြလက္ခဏာများကို ပုံနှင့် တကွ ဆက်လက်ဖော်ပြထားသည်။ ရွက်ခြောက်ရောဂါအား ကာကွယ်နှိမ်နင်း နည်းလမ်းများအား သုတေ သနရလဒ်များနှင့်အတူ ဆွေးနွေးတင်ပြထား သည်။

ရွက်ခြောက်ရောဂါ ပင်ပြလက္ခဏာ

      ရောဂါသည် များသောအားဖြင့် ရွက်ပြားများတွင် ကျရောက်တတ်ပြီး ရံဖန်ရံခါ ရွက်ဖုံးများနှင့်  စပါးစေ့အခွံများတွင် ကျရောက်တတ်သည် (ပုံ-က)။ ရွက်ပြားများတွင် ရောဂါစတင်ချိန်တွင် အရွက် ထိပ်ပိုင်းရှိ အနားသတ်များတွင် သေးငယ်သောရေစိုနာကွက်များကိုတွေ့ရမည်။ ၎င်းအနာကွက်များ တဖြည်းဖြည်း ကျယ်ပြန့်လာခြင်းဖြင့် လှိုင်းတွန့်ပုံစံအနာကွက်များဖြစ်လာပြီး အဝါရောင်ပြောင်း လာမည်။

      နံနက်စောစောအချိန်၌ ၎င်းအနာကွက်များပေါ်တွင် ဗက်တီးရီးယားစိမ့်ဝင်နေသော နို့နှစ် ရောင်ရေပေါက်ရေစက်များကို တွေ့ရနိုင်သည် (ပုံ-ခ)။ အပင်ငယ်များတွင်လည်း ရောဂါကျရောက် နိုင်သည်။ ရွှေ့ပြောင်းစိုက်သည့်  ပျိုးပင်ငယ်များ တစ်ပတ်မှနှစ်ပတ်အတွင်း အရွက်များ မီးခိုးဖျော့ ရောင်ပြောင်းခြင်း၊ ပျိုးပင်ငယ်များ ရုတ်တရက်သေခြင်းတို့ကြောင့် အပင်ငယ်များ ရေပေါ်တွင်  ပေါ လောပေါ်နေသည့် လက္ခဏာများ တွေ့ရမည်။

စပါးမျိုးများအလိုက် ရောဂါခံနိုင်ရည်ရှိမှု

     ရောဂါကျရောက်မှု စစ်တမ်းများအရ မနောသုခစပါးမျိုးသည် ရွက်ခြောက်ရောဂါကို ခံနိုင် ရည်မဲ့ကြောင်း တွေ့ရှိထားသည်။ သို့ဖြစ်၍ ရွက်ခြောက်ရောဂါဆိုင်ရာ သုတေသနအမျိုးမျိုးတွင် မနောသုခစပါးမျိုးကို အမြဲထည့်သွင်းစမ်းသပ်လျက်ရှိသည်။၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း စိုက်ပျိုးသည့် ဒေသစပါးမျိုး ၄၀ ကို ရွက်ခြောက်ဗက်တီးရီးယား မျိုးကွဲများဖြင့် ရောဂါခံနိုင်ရည်ရှိ မှုအား စမ်းသပ်တွေ့ရှိမှုအရ ဗက်တီးရီးယားမျိုးကွဲအလိုက် စမ်းသပ်စပါးမျိုးများတွင် ရောဂါဖြစ်နှုန်း ကွာခြားမှုရှိသည်။ ဆင်းသုခစပါးမျိုးနှင့် ကယားပြည်နယ်မှ ဒေသမျိုး ငယားပေါက်တို့သည် ရောဂါခံ နိုင်ရည်ရှိမျိုးအဖြစ်တွေ့ရှိခဲ့ပြီး အခြားစမ်းသပ်မျိုးများသည် ရောဂါကိုခံနိုင်ရည်မရှိကြောင်း တွေ့ရှိခဲ့ ကြသည်။ ၂၀၁၉ ခုနှစ်တွင် အပင်ရောဂါအထူးပြု နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ကြိုသုတေသနစာတမ်းတွင် စပါးမျိုးလိုင်း (၄၃) အပါအဝင် စပါး ၇၀ မျိုးတို့မှ ရွက်ခြောက် ရောဂါခံနိုင်ရည်ရှိသည့် စပါးမျိုးများစမ်းသပ်ရွေးချယ်ခဲ့သည်။

      ထိုမျိုးများမှ ဘုတစ်သီး (Bu Ta Thee)၊ YAU-1211-20-1-1 နှင့် ခေါက်မဲဖောင် (Khao Mae Paung)တို့သည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး မွှေးလုံ (Hmaw Lon)၊ အနာဝါဘို (Anawar Bo)၊ မစန္ဒာ (Ma Sandar)၊ ငေါင်(Ngaung)နှင့် သီရီဒုံ (ရခိုင်) Thiridon (Rakhine)တို့သည် ရောဂါအား ခံနိုင်ရည်မဲ့ကြောင်း တွေ့ရှိမှတ်တမ်းတင်ထားသည်။

     စပါးအပင်သက်တမ်းအလိုက် ရောဂါခံနိုင်ရည်ရှိမှုစပါးပင် ဖုံးတုန်းလုံးတုန်းအချိန်တွင် ရောဂါ ကျရောက်ပါက စပါးစေ့အရည်အသွေး လျော့စေပြီး ဆန်စေ့ကျိုးကြေနှုန်း မြင့်မားစေနိုင်သည်။

ရောဂါဖြစ်ပွားစေရန် အားပေးသည့်အခြေအနေများ

      စိုက်ခင်းအတွင်း ရောဂါလက်ခံပေါင်းပင်များရှိခြင်း၊ ရောဂါကျစပါးရိုးပြတ်များနှင့် စပါးလမိုင်း ခင်းများရှိခြင်း၊ စိုက်ခင်းနှင့် ရေသွင်းရေထုတ်မြောင်းများတွင် ရွက်ခြောက် ဗက်တီးရီးယားများရှိ ခြင်း၊ ရာသီဥတုပူနွေးခြင်း(အပူချိန် ၂၅-၃၀ ဒီဂရီစင်တီဂရိတ်)၊  မိုးရွာသွန်းခြင်း၊ လေထုစိုထိုင်း ဆမြင့်မားခြင်း၊ လေပြင်းထန်စွာ တိုက်ခတ်ခြင်းကြောင့် အပင်များဒဏ်ရာရစေခြင်း၊ မြေဩဇာ အလွန်အကျွံသုံးစွဲခြင်း အစရှိသည်တို့သည် ရောဂါဖြစ်ပေါ်မှုကို အားပေးသည်။ ပျိုးပင်များ ပြောင်း ရွှေ့စိုက်ပျိုးချိန်ကိုင်တွယ်ခြင်းနှင့် အသုံးပြုသည့်ပစ္စည်းများမှတစ်ဆင့် ရောဂါဆက်လက်ပြန့်ပွား ခြင်း ကိုဖြစ်စေသည်။

ရောဂါကာကွယ်နှိမ်နင်းခြင်းအစီအမံများ၊ စိုက်ပျိုးသည့်နည်းစနစ်များ

     ရောဂါခံနိုင်ရည်ရှိသည့် စပါးမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ပင်ကြားတန်းကြား (၈ လက်မ x ၈ လက်မ) ထား၍ စပါးရုံများ လေဝင်လေထွက်ကောင်းစေရန် စိုက်ပျိုးခြင်း၊ ရာသီစော၍စိုက်ပျိုး ခြင်း (ပထမရက်သတ္တပတ် ဇွန်- ဇူလိုင်)၊ နိုက်ထရိုဂျင်မြေဩဇာနှုန်းထားမှန်ကန်စွာသုံးစွဲခြင်း (တစ်ဧက ယူရီးယား ၁၁၂ ပေါင်နှုန်း)၊ မြေပြင်ချိန်ပိုတက်မြေဩဇာ(တစ်ဧက ၂၈ ပေါင်နှုန်း) သုံးစွဲခြင်း၊ ရောဂါလက်ခံထားနိုင်သည့် စပါးပင်များ၊ ပေါင်းပင်များ၊ ပင်ကြွင်းပင်ကျန်များအား ဖယ်ရှားခြင်း၊ ရောဂါကျအပင်များ၊ ကောက်ရိုးများအား စနစ်တကျဖယ်ရှား ဖျက်ဆီးခြင်းများ ပြု လုပ်၍ ရောဂါဖြစ်စေနိုင်သည့်အရင်းအမြစ်များနှင့် စိုက်ပျိုးချိန်ရောဂါဖြစ်ပွားနိုင်မှုနှင့် စိုက်ပျိုးရာသီ နှောင်းပိုင်းတွင် ရောဂါဆက်လက် ပြန့်ပွားနိုင်မှုတို့ကို  ထိန်းချုပ်ကာကွယ်ပေးနိုင်သည်။

      ပိုတက်မြေဩဇာသည် စပါးပင်ကြီးထွားမှုကို အားပေးစေနိုင်ရုံမက အပင်ရောဂါဒဏ် ကို လည်း ခံနိုင်ရည်ရှိကြောင်း တွေ့ရှိထားကြသည်။ ဤတွေ့ရှိချက်ကို ပိုမိုခိုင်မာစေရန် အပင်ရောဂါ ဗေဒဌာန၌ ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မနောသုခစပါးမျိုးကို ရောဂါထိုးသွင်းပြီး ပိုတက်မြေဩဇာ (တစ်ဧက ၂၈ ပေါင်နှုန်း)ဖြင့် ပင်ပွားအများဆုံးအဆင့်နှင့် မှိုကပ်သည့်အဆင့်တို့တွင် နှစ်ကြိမ်ထည့် သွင်း စမ်းသပ်ခဲ့သည်။ ပိုတက်ထည့်သွင်းထားသည့် စပါးပင်များသည် ရောဂါဖြစ်ပွားမှု ၇၀ ရာခိုင် နှုန်းဖြစ်၍ ပိုတက်မြေဩဇာ ထည့်သွင်းခြင်းမရှိသည့် အပင်များသည် ရောဂါကျရောက်မှု ၁၀၀ ရာခိုင်နှုန်းဖြစ်သည်။

       ထို့ကြောင့် ပိုတက်မြေဩဇာထည့်သွင်းခြင်းသည် စပါးပင်၏ ရောဂါဖြစ်ပွားမှုကို ၃၀ ရာခိုင် နှုန်းလျော့ကျစေသည်။ ပိုတက်မြေဩဇာထည့်သွင်းခြင်း မရှိသည့် ဗလာစမ်းသပ်ကွက်တွင်  ရွက် ခြောက်ရောဂါကြောင့် မနောသုခစပါးမျိုး၏ အထွက်နှုန်းဆုံးရှုံးမှုသည် ၅၁ ရာခိုင်နှုန်းဖြစ်သည်။ ပိုတက်ထည့်သွင်းသည့်အခါ အထွက်ဆုံးရှုံးမှုသည် ၁၈ ရာခိုင်နှုန်းခန့်သာရှိသည်။ ပိုတက်မြေဩဇာ နှစ်ကြိမ်ထည့်သွင်းခြင်းသည် ရောဂါကြောင့် စပါးအထွက်ဆုံးရှုံးနိုင်မှုကို ၃၃ ရာခိုင်နှုန်းခန့်အထိ လျော့ကျစေကြောင်းတွေ့ရှိရသည်။ ပိုတက်မြေဩဇာကို သင့်လျော်သောနှုန်းထားဖြင့် အသုံးပြုခြင်း သည် ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရည်ကောင်းစေရုံသာမက တစ်ရုံပါ ပင်ပွား၊ အရွက်၊ စပါးနှံ၊ အစေ့အဆန် အောင်မြင်မှုနှုန်းများစေနိုင်ကြောင်း သက်သေဖြစ်သည်။

ဓာတုဆေးများ အသုံးပြုခြင်း

      စပါးဗက်တီးရီးယားရွက်ခြောက်ရောဂါကို ကော့ပါးပါဝင်ဖော်စပ်ထားသော ဆေးများ အသုံး ပြု၍ ဆေးနှုန်းထားမှန်ကန်ပြီး အသုံးပြုချိန်မှန်ကန်လျှင် ထိရောက်စွာကာကွယ်နိုင်‌ကြောင်း တွေ့ရှိ ထားသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အပင်ရောဂါဗေဒဌာန၌ ဗက်တီးရီးယားရောဂါကြောင့် စပါးအထွက်နှုန်းအပေါ် သက်ရောက်မှုအား မနောသုခစပါးမျိုးကို နွေစပါးနှင့် မိုးစပါး နှစ်ကြိမ်စိုက်ပျိုး၍စမ်းသပ်ခဲ့သည်။ ဤသုတေသနတွင် စပါးပင်များအား ရောဂါမထိုးသွင်းခင်ကြိုတင်၍   ဗက်တီးရီးယားသတ်ဆေး (Kasugamycin၊ 2.5 ccL-1)ကို ဖျန်း ခြင်းကို ဆေးမဖျန်းခြင်း စမ်းသပ်ကွက်များဖြင့် နှိုင်းယှဉ်လေ့လာခဲ့သည်။ ရောဂါထိုးသွင်းပြီး ၁၄ ရက်အကြာ၊ အပင်သက်တမ်း ၁၀၈ ရက်တွင် ဆေးမဖျန်းသည့် စိုက်ကွက်တွင် ရောဂါကျရောက်မှု ၁၀၀ ရာခိုင်နှုန်းရှိပြီး စပါးအထွက်နှုန်းအား ၅၁ ရာခိုင်နှုန်းလျော့ကျစေသည်။ တစ်ကြိမ်ဆေးကြို ဖျန်းပေးထားခြင်းသည် ရောဂါကျရောက်မှု   သိသာစွာလျော့နည်းစေပြီး အထွက်နှုန်းဆုံးရှုံးမှုသည် ၂၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။

     သုတေသနရလဒ်အရ မနောသုခစပါးမျိုးတွင် ပင်ပွားအများဆုံးထွက်ချိန်၌ ဆေးတစ်ကြိမ ်ဖျန်းပေးခြင်းသည် ရွက်ခြောက်ရောဂါကြောင့် အထွက်နှုန်းဆုံးရှုံးမှုကို တစ်ဝက်ခန့် လျော့ကျစေနိုင ်ကြောင်း တွေ့ရှိရသည်။ နိဂုံးချုပ်အားဖြင့် စပါးမျိုးသစ်များ အစဉ်အမြဲ ပြောင်းလဲစိုက်ပျိုး လာ ခြင်းဖြင့် ရောဂါဖြစ်စေသည့် ဗက်တီးရီးယားသည်လည်း ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ် အောင် သဘာဝအလျောက်ခံနိုင်ရည်ရှိ မျိုးရိုးဗီဇများအဖြစ်  ပြောင်းလဲလာကြသည်။ သို့ဖြစ်၍ စဉ်ဆက် မပြတ် သုတေသနများပြုလုပ်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် စပါး မျိုးများနှင့် ရောဂါဒဏ်ခံနိုင်ရည်ဆိုင်ရာ သတင်းအချက်အလက်များ မျှဝေပေးနိုင်ရေး သုတေသန ပညာရှင်များနှင့် စပါးမျိုးများ ဖြန့်ဝေထုတ်လုပ်သူ လုပ်ငန်းရှင်များသည် ပူးပေါင်း၍ ဆက်လက်ကြိုး စား ကြရမည်ဖြစ်သည်။ 

Source: https://myawady.net.mm/node/74733                   

DOCA(ပြည်ထောင်စုနယ်မြေ)