
မြန်မာလူမျိုးများသည် တန်ဆောင်မုန်းလပြည့်ညမှာ မဲဇလီဖူးသုပ် စားလေ့ရှိပါသည်။ ရှေးအခါက တန်ဆောင်မုန်း လပြည့်ညသည် ဆေးပေါင်းခတဲ့ညဟုဆိုပါသည်။ ဆေးပေါင်းခတဲ့ မဲဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ ပါး ရောဂါကင်းခြင်း၊ အသက်ရှည်ကြမည်ဟု ယုံကြည်ထား ကြပါသည်။ ဘယ်လိုပဲပြောပြော မဲဇလီဖူးသုပ်ကတော့ စားကောင်းတာ အမှန်ပင်ဖြစ်ပါသည်။
မဲဇလီပင်၏ အဖူးများများပါတဲ့ ကိုင်းကိုချိုးယူ၍ အဖူးတွေကိုပြုတ်၊ အာလူးပြုတ်နိုင်နိုင်၊ မြေပဲလှော် နိုင်နိုင်နဲ့ ကြက်သွန်နီ ဆီချက်မွှေးမွှေးလေး ထည့်သုပ်လိုက်ရင် အတိုင်းထက်အလွန်စားကောင်း ပါသည်။ ခါး၊ ဆိမ့်၊ ချို၊မွှေးဖြစ်ပါသည်။ အရွက်နုကလေးများကလဲ ချက်ပြုတ်စားသောက်နိုင်ပါသည်။
မဲဇလီပင်သည် ဆယ့်နှစ်ရာသီ စိမ်းလန်းနေသောအရိပ်ရ သစ်ပင်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံဒေသအနှံ့ အပြားပေါက်ရောင်ရှင်သန်ဖြစ်ထွန်းပါသည်။ ခိုင်ခံ့တဲ့သစ်ပင် ဖြစ်သောကြောင့် ကျေးလက်တောရွာများ၊ ဘုန်းကြီးကျောင်းဝင်းနှင့် လမ်းဘေးဝဲယာများတွင် မဲဇလီပင်တွေကို စိုက်ပျိုးထားတတ်ကြပါသည်။ မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး အရွက်၊ အဖူး စသည်ကို ဟင်းလျာအဖြစ် စားသုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်လို့ မဲဇလီပင်ကို မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားကြောင်းလေ့လာသိရှိရသည်။ မြန်မာ့ဆယ့်နှစ်လရာသီမှာ တန်ဆောင်မုန်း လသည် အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာယာဆုံး လတစ်လဟု ဆိုနိုင်ပါသည်။ ချို၊ ဆိမ့်၊ ဖန် အရသာသုံးမျိုးရောပြွန်း၍ ခါးသက်သက်အရသာလွှမ်းမိုးသော မဲဇလီပင်မှာ အာပေါ ဓာတ်ကြီးစိုးတာမို့ ဝါယောဓာတ်ပူးတွဲပါရှိတာကြောင့် ရှေးတိုင်းရင်းသမားတော်ကြီးတွေက မြန်မာ့ရိုးရာ ဆေးမြီးတိုအဖြစ် အိပ်မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှူပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း စတဲ့ရောဂါများအတွက် ကုသပေးခဲ့ကြောင်းလေ့လာသိရှိရသည်။
DOCA(မန္တလေး)