
ငှက်ပျောအမျိုးအစားပေါင်း သုံးရာခန့်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဖီးကြမ်း၊ ရခိုင်၊ ထောပတ်၊ သီးမွှေး၊ ဝတ်မလွတ်၊ နံ့သာပု၊ ငှက်ပျောချဉ်၊ ရွှေနီ၊ ရွှေစိမ်းတို့သည် ထင်ရှားကြကြောင်းသိရပါသည်။ ငှက်ပျောပင်ကို ရေစီးရေလာကောင်းသော မြေမျိုးတွင်စိုက်ပျိုးနိုင်ကြောင်း၊ သဲနှုန်းမြေတွင် အကောင်းဆုံး ဖြစ်ထွန်းပြီး ရေကြိုက်ပြီး၊ ရေဝပ်ဒဏ်ကို အတော်ခံနိုင်ကြောင်း၊ မိုးခေါင်ခြင်းကိုမူ မကြိုက်ကြောင်း ဖော်ပြထားပါသည်။
ငှက်ပျောကို အစေ့မှမစိုက်ပျိုးကြဘဲ ပင်တက်များကို တူးဖော်၍ စိုက်ပျိုးကြသည်။ ပင်တက်အစို့ များသည် ရွက်ပြားသေးရန်လိုသည်။ ပင်စည်ကို တစ်တောင်ခန့်ဖြစ်၍လည်း စိုက်ပျိုးနိုင်သည်။ ရိုးရိုး အပင်လတ်များသာရရှိနိုင်ပါက အညွန့်လိပ်နှင့် အရွက်တစ်ရွက် နှစ်ရွက်သာချန်ကာ ကျန်အရွက် အားလုံးကို အရင်းပိုင်းတစ်ထွာလောက်သာထား၍ ဖြတ်ပစ်ပြီး စိုက်ပျိုးနိုင်သည်။ ငှက်ပျောပင်ကို တစ်သီးစာသာ စိုက်ပျိုးလိုပါက တစ်ကျင်းနှင့်တစ်ကျင်း ရှစ်ပေခွာ၍လည်းကောင်း၊ နှစ်နှစ် သုံးနှစ် ဆက်၍ စားလိုပါက ဆယ်ပေခွာ၍လည်းကောင်း၊ နှစ်ရှည်ခံထားလိုပါက ဆယ့်ခြောက်ပေခန့်ခွာ၍ လည်းကောင်း ကျင်းတူးသင့်သည်။ ကျင်းများကို သုံးနားညီတြိဂံပုံ စိုက်စနစ်အရ နေရာသတ်မှတ်ပြီး စိုက်ပျိုးနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)