
ကြီးမားသောကမ္ဘာလုံးဆိုင်ရာဟာလာဈေးကွက် အထူးသဖြင့် လူဦးရေသန်း ၂၈၀ ကျော်သော အင်ဒိုနီးရှားသို့ ဗီယက်နမ်၏တင်ပို့မှုအရှိန်မြှင့်တင်ရန် ရည်ရွယ်၍ဆွေးနွေးပွဲကို ဧပြီလ ၂၈ ရက်နေ့က ဟိုချီမင်းမြို့တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားကို ဗီယက်နမ်နိုင်ငံ မြူနီစပယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးစင်တာ (ITPC) နှင့်တောင်ပိုင်းစီးပွားရေးအခြေစိုက် အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ်တို့က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရပါသည်။ ထိုဆွေးနွေးပွဲတွင် ITPC ညွှန်ကြားရေးမှူး Tran Phu Lu က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရချိန်တွင် စီးပွားရေးလုပ်ငန်းများ သည် ဆန်းသစ်တီထွင်ရမည်ဖြစ်ပြီး ဟာလာကဏ္ဍ ကဲ့သို့သောထွန်းသစ်စဈေးကွက်များသို့ ဦးတည်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ Lu က အင်ဒိုနီးရှားနှင့် ဗီယက်နမ်သည် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုရည်ရွယ်၍ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန်နှင့် အားကောင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ အကောက်ခွန်ထံမှ အချက်အလက်များ အရ ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ဗီယက်နမ်က အင်ဒိုနီးရှားသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ တန်ဖိုးရှိပြီး အဓိကပို့ကုန်များတွင် ကော်ဖီ၊ ပလတ်စတစ်၊ စတီးလ်၊ အဝတ်အထည်နှင့်အထည် အလိပ်နှင့် မိုဘိုင်းဖုန်းနှင့် အစိတ်အပိုင်းများပါဝင်ကြောင်း သိရပါသည်။ Lu က ဗီယက်နမ် လုပ်ငန်းများသည် ဟာလာအသိအမှတ်ပြုလက်မှတ်ရ ထုတ်ကုန်များကို အင်ဒိုနီးရှားသို့ တင်ပို့မှုအရှိန်မြှင့်တင် ရန် အခွင့်အလမ်းများရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် တင်းကျပ်သည့်ဟာလာ စံနှုန်းနှင့် ရှုပ်ထွေးသည့်အသိအမှတ်ပြုစနစ်များက ထိုဈေးကွက်သို့ ထိုးဖောက်ရန်အတွက် သိသာ သည့်စိန်ခေါ်မှုအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ် Agustaviano Sofjan က အင်ဒိုနီးရှား-ဗီယက်နမ် ဘက်ပေါင်းစုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး သည် ဟာလာလုပ်ငန်းနှင့်အတူ များစွာသောကဏ္ဍ တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် အဓိကထောက်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အင်ဒိုနီးရှားသည် ဟာလာစံနှုန်း အတွေ့အကြုံများကိုဝေမျှရန်နှင့် များစွာသော နယ်ပယ်များတွင် ဗီယက်နမ်နှင့် အတူတကွလုပ်ကိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြား ခဲ့ပါသည်။ ပါဝင်သည့်ကျွမ်းကျင်ပညာရှင်များကလည်း နှစ်နိုင်ငံစလုံးအား ဟာလာအသိအမှတ်ပြု လက်မှတ်နှင့် စံနှုန်းတွင် နည်းပညာပူးပေါင်းရန်နှင့် သတင်းအချက်အလက်ဖလှယ်မှု မြှင့်တင်ရန်တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ၎င်းတို့သည် ဟာလာအစားအစာပြုပြင် ထုတ်လုပ်ခြင်း၊ အလှကုန်နှင့် ခရီးသွားကဏ္ဍတို့ပါဝင်သည့် ဟာလာနှင့် ဆက်စပ်သည့်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပိုမိုကြီးမားသောပူးပေါင်းလုပ်ကိုင်မှုတို့ကို တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဟာလာဈေးကွက်သည် ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံ ရောက်ရှိရန်ခန့်မှန်းရကြောင်း သိရပါသည်။
Reference; Vietnam Plus
DOCA(ရန်ကုန်)