သင်္ဘောဆီးဖြူပင်သည် ဆီးဖြူမျိုးတွင်ပါဝင်သော အပင်မျိုးဖြစ်ပြီး မြေနိမ့်၍ စိုစွတ်သော ရာသီဥတုရှိသည့် ဒေသမျိုး၌ ပေါက်ရောက်သော အပင်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သင်္ဘောဆီးဖြူပင်တို့ကို ဆီးဖြူပင်များကဲ့သို့ ပေါပေါများများမတွေ့ရဘဲ ခြံဥယျာဉ်များ၌သာ အနည်းအကျဉ်း စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။
သင်္ဘောဆီးဖြူပင်တို့သည် အပင်ငယ်များဖြစ်ကြ၍ ရွက်ကြွေပင်မျိုးတွင်ပါဝင်သည်။ အရွက်၏ ပုံသဏ္ဌာန်သည် အဖျားရှူးသော ဘဲဥပုံဆန်ဆန်ဖြစ်ပြီး အနားညီသည်။ ပန်းပွင့်ကလေးများသည် အလွန်သေးငယ်၍ နီညိုရောင်ရှိသည်။
အသီးများသည် အစိမ်းနုရောင်ရှိပြီး ပုံသဏ္ဌာန်အားဖြင့် လုံးယောင်ယောင်ဖြစ်သော်လည်း အကိုင်းများနှင့် တစ်ခါတစ်ရံ ပင်စည်တွင်ကပ်၍ ပြွတ်သိပ်စွာသီးတတ်သည်။ ဆီးဖြူသီးထက် အရွယ်ငယ်ပါသည်။ ဧပြီလတွင်တစ်ကြိမ်၊ ဩဂုတ်လတွင်တစ်ကြိမ်၊ တစ်နှစ်လျှင်နှစ်ကြိမ်သီးပြီး အသားများသောအသီးမျိုးဖြစ်၍ အစေ့လည်းပါရှိရာ အစေ့အဆန်သည် မာကျောသည်။ အသား၏ အရသာသည်ချဉ်၍ ခံတွင်းရှင်းသည်။ များသောအားဖြင့် သင်္ဘောဆီးဖြူသီးကို အချဉ်ထည့်၍ဖြစ်စေ၊ သနပ်လုပ်၍ဖြစ်စေ စားသုံးကြပါသည်။ အချို့ယိုထိုး၍လည်း စားကြသည်။
သင်္ဘောဆီးဖြူသည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ရာ သင်္ဘောဆီးဖြူသီးခြောက်သည် သွေး၊ သည်းခြေနှင့် ဖြစ်သောလေ၊ သလိပ်နာကိုလည်းကောင်း၊ လျှာအာခံတွင်း သွေ့ခြောက်သော်လည်းကောင်း၊ ရေငတ်သော်လည်းကောင်း၊ သလိပ်ချွေးငန်း ခြောက်သွေ့သော်လည်းကောင်း၊ အသံပျက်သော်လည်းကောင်း၊ မျက်စိနာကိုသော်လည်းကောင်း၊ အတွင်းပူကိုသော်လည်းကောင်း ပျောက်ကင်းသက်သာစေကြောင်း သိရှိရပါသည်။ သင်္ဘောဆီးဖြူအသီးသည် ဝမ်းချုပ်စေနိုင်ပြီး အစေ့နှင့်အမြစ်သည် ဝမ်းသက်စေတတ်၏။ အရွက်နှင့်အမြစ်တို့ကို မြွေအဆိပ်ဖြေဆေးအဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)