
ချဉ်ပေါင်ဖာလာဆိုသည်မှာ ချဉ်ပေါင်ပင်မှ အသီးလည်းမဟုတ်သလို ကွမ်းယာထဲထည့်စားသည့် အိန္ဒိယနိုင်ငံမှလာသော ဖာလာစေ့လည်းမဟုတ်ဘဲ သံတောင်၊ လိပ်သို၊ ဘောဂလိနှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အလေ့ကျပေါက်ပင်မှ ထွက်ရှိသော အပင်၏ အသီးတစ်မျိုးဖြစ်ပြီး ကွမ်းစားဖာလာစေ့ထက် အရွယ်အနည်းငယ်ကြီးသော အခွံပျော့အသီး ဖြစ်ကာ အသီးအတွင်းတွင်ကွမ်းစားဖာလာစေ့ကဲ့သို့ အစေ့အမည်း ကလေးများပါသော အသီးဖြစ်သည်။
ချဉ်ပေါင်ဖာလာကို ချဉ်ပဒေါင်းတောင်မှ စတင်ပေါ်ပေါက်လာပြီး - ၁၉၆၈ခုနှစ်ကပင် စီးပွားဖြစ် စတင် စိုက်ပျိုးထုတ်လုပ်မှုများ ပေါ်ပေါက်လာနေပြီး ဖြစ်သည်။ ချဉ်ပေါင်ဖာလာသည် ဖာလာမျိုးရင်း ဖြစ်ပြီး ချဉ်ပဒေါင်းတောင်မှ စတင်ပေါ်ပေါက်ခဲ့ခြင်းအတွက် ချဉ်ပေါင်ဖာလာဟု ခေါ်တွင်းလာကြပါသည်။
ချဉ်ပေါင်ဖာလာကို
မြန်မာအမည်ဖြင့် - ဖာလာ (ချဉ်ပေါင်ဖာလာ) ၊ အင်္ဂလိပ်အမည် - Villous Amomum ဟုခေါ်ပြီး၊ ရုက္ခဗေဒအမည် - Amomum Villous ဟုခေါ်သည်။ မျိုးစိတ်မှာ Villosum ဖြစ်ပြီး Zingiberaceae အဖွဲ့ဝင်ဖြစ်ပြီး တရုတ်အမည်မှာ Sharen ဖြစ်သည်။ ဒေသကိုလိုက်၍ အသီးအရောင်မှာ အနီနှင့် အစိမ်း ဟူ၍ အရောင်ပြောင်းထွက်ကြောင်း သိရှိရပါသည်။
ချဉ်ပေါင်ဖာလာပင်သည် အမြဲစိမ်အပင်ဖြစ်ပြီး ၃ပေမှ ၁၂ပေအထိ ရှည်သည်။ ပင်စည်မှာ အရွက်တစ်လှည့်စီထွက်သောကြောင့် အပင်လုံးပတ်မှာ ၁ လက်မ မှ ၂ လက်မ အထိ ရှိသည်။ အပင် အမြင့်မှာ ၅ ပေ မှ ၁၂ ပေ အထိ ရှိနိုင်သည်။ အပွင်ပုံစံမှာ အဖြူရောင်အပွင့်၊ ပန်းခိုင်ကဲ့ သို့သော အရိုးတန် တစ်ခုထဲတွင် ပွင့်ညှာများနှင့် ဆက်စပ်တည်ရှိသည်။ ပန်းခိုင်တစ်ခုတွင် ပန်းပွင့်ပေါင်း ၄ ပွင့် မှ ၁၅ ပွင့် အထိရှိသည်။ လိင်စုံပွင့် အမျိုးအစားဖြစ်သည်။ ချဉ်ပေါင်ဖာလာ အသီးအတွင်း သုံးမြောက်ပုံလွှာဖြင့် ပါရှိသော အစေ့အမည်းကလေးများသည် အသီးအတွင်း တွင် အစေ့ကလေးပေါင်း (၅၀) မှ (၆၀) ခန့် အထိပါရှိပြီး ဖာလာစေ့အမည်းကလေးများအား ကိုက်စားကြည့်ပါက ကွမ်းစားဖာလာကဲ့သို့ အရသာ ရှိသည့်အပြင် ပူရှိန်သောအရသာ ပိုမိုပါရှိကြောင်းနှင့် ဖလာစေ့ အဆံအနက်ထက် အနီစေ့အဆံသည် အရသာပူရှိန်သည့် အာနိသင်ပိုမိုပြင်းပြသည့်အတွက် ဈေးကောင်းပိုမိုရရှိကြောင်း သိရှိရပါသည်။ ယခင်က မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်၊ ရှမ်း(တောင်)၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ တောင်ကုန်း၊ တောင်တန်းများတွင် သဘာဝအလျောက် အလေ့ကျ ပေါက်နေပါသောလည်း ယခုအခါတွင် မြန်မာနိုင်ငံတွင်း၌မူ ကရင်ပြည်နယ်၊ သံတောင်၊ လိပ်တို၊ ဘောဂလိတို့တွင် တွင်တွင်ကျယ်ကျယ်စီးပွားဖြင့် စနစ်တကျ စိုက်ပျိုးနေပြီးဖြစ်ကြောင်း သိရှိရပါသည်။
ချဉ်ပေါင်ဖာလာကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၀၀ မှစ၍ စိုက်ပျိုးနိုင်ပြီး အမြင့်ပေ ၂၀၀၀ - ၄၀၀၀ အတွင်း အကောင်းဆုံးဖြစ်ထွန်းသည်။ ချဉ်ပေါင်ဖာလာသည် စိုစွတ်အေးမြ သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် ၁၂၀-၁၆၀ လက်မ အတွင်း အပူချိန်(၁၃ - ၁၅) ဒီဂရီစင်တီဂရိတ်၊ မြေချဉ်ငံဓာတ် ၅-၆အတွင်း စိုက်ပျိုးဖြစ်ထွန်းပါသည်။ ချဉ်ပေါင်ဖာလာပင်သည် မြေဆီ မြေသြဇာထက်တန်ပြီးအပေါ်ယံ မြေသားထုမထူလွန်းသော မြေကိုကြိုက်နှစ်သက်ကာ ၆၀ ရာခိုင်နှုန်းသည် အရိပ်ရသောနေရာမျိူးကို ကြိုက်နှစ်သက်ပါသည်။ ချဉ်ပေါင်ဖာလာသည် အမြဲစိမ်းပင် ဖြစ်ပြီးအမြစ်သည် ၃ ပေ မှ ၁၂ ပေ အထိရှည်သည် ပင်စည်မှာ အရွက်တစ်လည့်စီထွက်သော အပင် ဖြစ်ပြီး အပင်လုံးပတ်မှာ ၁ လက်မ မှ ၂ လက်မအထိရှိသည်။ အပင်အမြင့်မှာ ၅ ပေမှ ၁၂ ပေအထိရှိ နိုင်သည်။ အပွင့်ပုံစံမှာ အဖြူရောင်ပွင့် ၊ စုစုပေါင်း ပန်းခိုင်ကဲ့သို ရိုးတန်တစ်ခုတည်းတွင် ပွင့်ညှာများ နှင့် ဆက်စပ်တည်ရှိသည်။ ပန်းခိုင်တစ်ခုတွင် ပန်းပွင့်ပေါင်း၄-၁၅ ပွင့် အထိရှိသည်။ လိင်စုံပွင့်အမျိုး အစားဖြစ်သည်။
ချဉ်ပေါင်ဖာလာ၏ ရုက္ခဗေဒဆိုင်ရာအချက်အလက်များကို လေ့လာကြည့်ပါက အသီးပုံသဏ္ဍာန်မှာ လုံဝန်းပြီး အချို့ ဘဲဥပုံသဏ္ဍာန်ရှိသည်။ အလျာ ၂ စင်တီမီတာရှိပြီး လုံးပတ် ၃ စင်တီမီတာရှိသည် အသီးအခွံမှာ မနုမကြမ်းအဆူးများပါရှိသည်။ အသီးတွင်းအစေ့အိမ် ၃ ခန်းပါရှိပြီး အစေ့အိမ်တစ်ခန်းတွင်အစေ့ ၁၀ စေ့ခန့်ပါရှိသည်။ အစေ့တစ်စေ့အရွယ်အစားမှာ ၂ စင်တီမီတာရှိသည်။
ချဉ်ပေါင်ဖာလာစေ့တွင်ပါဝင်သော အဟာရဓာတ်များမှာ Moisture 15.54%, Ash 5.3%, Crude Protein 6.57%, Crude Fiber 9.27%, Crude fat 1.47%, Carbohydrate 61.55% နှင့် Energy value (Kal/100g) 285 တို့ပါဝင်သည်။
ချဉ်ပေါင်ဖာလာအသုံးဝင်ပုံမှာ ချဉ်ပေါင်ဖာလာစေ့ကို တစ်ဖက်နိုင်ငံများတွင် ဟင်းခတ်အမွေး အကြိုင်နှင့် ပရဆေးဖော်စပ်ရာတွင် ကျယ်ပြန့်စွာအသုံးပြုပြီး မိမိတို့ပြည်တွင်း အနေဖြင့် မရှိသလောက် နည်းပါသော်လည်း ထွက်ရှိရာဒေသတွင်အမှုန့်ကြိတ်ပြီး ကြက်သား၊ဝက်သားနှင့် အခြားအသားဟင်း ပေါင်းသည့်အခါ ဟင်းခတ်မှုန့်အဖြစ်ထည့်သွင်းအသုံးပြုကြသည်။ ၎င်း အမှုန့်၏အပူရှိန် အရသာသည် ကိုယ်တွင်းအပူဓာတ်မှ အားအင်ဓာတ်အကျိုးအာနိသင် ရှိကြောင်းသိရပါသည်။ မီးယပ်ငုတ်ခြင်း၊ ထိန်ချန်ခြင်းနှင့်မီးယပ်သွေးဆုံးနာများအတွက် ဖော်စပ်သောမီးယပ်ဆေးတွင် ဖာလာကိုထည့်သွင်း အသုံးပြုသည်။ ကျောက်ငန်း၊ ကျောက်ရူး ရောဂါအတွက်ဖော်စပ်သော ကျောက်ဆေးများတွင်လည်း ဖာလာကိုအသုံးပြုသည်။ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ လည်ချောင်းနာခြင်း စသောရောဂါများတွက် ဖာလာစေ့ကို ကြိတ်၍ ပျားရည်(သို့) သကာနှင့်ရောလျက်ပေးလျင်လည်း ယင်ရောဂါပြောက်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ၌မူ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကယားပြည်နယ် (တောင်ပိုင်း)၊ မွန်၊ ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့ရှိ တောင်ကုန်းတောင်တန်းဒေသများတွင် ဖြစ်ထွန်းပေါက်ရောက် လျက်ရှိသည်။ ချဉ်ပေါင်ဖာလာပင်သည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း သံတောင်မြို့၊ ဘောဂလိမြို့နယ်ခွဲ၊ ယာဒိုဒေသများမှဥယျာဉ်ခြံမြေ အတွင်း စိုက်ပျိုးကြခဲ့ပြီး၊ တောင်စောင်းများတွင် သဘာဝအလျောက်ပေါက်ကြပါသည်။ ဒေသခံများသည် တောင်စောင်းများတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ချဉ်ပေါင်ဖာလာသီးများကို ခက်ခဲစွာရှာဖွေခူးဆွတ်၍ ရောင်းချကြခြင်း၊ မိမိ၏ ဥယျဉ်ခြံမြေများမှ ထွက်ရှိမှုကိုလည်း ခူးဆွတ်၍ရောင်းချခြင်းများရှိကြပါသည်။
ခူးဆွတ်ရိတ်သိမ်းရာတွင်လည်း ချဉ်ပေါင်ဖာလာပင်ကို စိုက်ပျိုးပြီး ၃ နှစ် အကြာတွင် စတင်ခူးဆွတ် နိုင်ပြီး စက်တင်ဘာလ မှ နိုဝင်ဘာလအထိ ခူးဆွတ်ရိတ်သိမ်းကြပါသည်။ အသီးများရင့်မှည့်မှသာ ခူးဆွတ်သင့်ပါသည်။ ခူးဆွတ်ပြီးချဉ်ပေါင်ဖာလာများကို မထုတ်ပိုးခင် သန့်ရှင်းအောင် အရင်ပြုလုပ် ရပါမည်။ ပထမအဆင့်အနေဖြင့် ဆန်ကာကိုအသုံးပြု၍ သဲနှင့်အမှိုက်များကိုဖယ်ရှားရပါသည်။ ထိုသို့ ပြုလုပ်ရာတွင် အလုပ်သမား(၁)ဦးသည် တစ်နေ့ ၈နာရီတွင် ဖာလာသီး ၁၀၀ ကီလိုဂရမ်ခန့် သန့်စင်နိုင် ပါသည်။ သန့်စင်ပြီးဖာလာများကို ရေတွင် ဆေးကြောသန့်စင်၍ အပေါက်ပါ ပလက်စတစ်ခြင်းများ အတွင်းထည့်ရပါသည်။ ထိုသို့ ဆေးကြောသန့်စင်ရာ၌ သောက်သုံးရန်သင့်သောရေကိုသာ အသုံးပြု ရမည်ဖြစ်ပြီး ညစ်ညမ်းမှုမရှိစေရန် ရေကိုပုံမှန်လဲလှယ်ပေးရပါမည်။ ထိုသို့သန့်စင်ပြီးပါက ဖာလာသီး မှ အညှာများကို လက်ဖြင့်ဖယ်ရှားပေးရပါသည်။
အခြောက်ခံခြင်းအဆင့်သည်လည်း အရည်အသွေးကို သက်ရောက်မှုရှိသည့် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဖာလာစေ့ကို အနံ့၊ အရသာဆုံးရှုံးမှုမဖြစ်စေရန် အမြန်ဆုံးခူးဆွတ်ပြီး အခြောက်ခံရန်အရေးကြီးပါသည်။ အခြောက်ခံရာ၌ အပူချိန်သည်၅၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်သင့်ပါ အကယ်၍ ယင်းအပူ ထက်ကျော်လွန်ဘာက အရောင်၊ အနံ့၊ အရသာကိုထိခိုက်မှု ရှိစေနိုင်ပါသည်။ ချဉ်ပေါင်ဖာလာကို သိုလှောင်ရန်နှင့်ဈေးကွက် အတွင်းရောင်းချရန် အစိုဓာတ်ပါဝင် မှုအား ၁၀-၁၁% အထိလျှော့ချရန် လိုအပ်သည်။ ထိုသို့မဟုတ်ပဲ အခြောက်ခံချိန်ကြာမြင့်ပါက ဖာလာစေ့မှိုများစွဲကပ်နိုင်ပါသည်။
ဒေသမိုးလေဝသ အခြေအနေအပေါ်မူတည်၍ စိုက်ပျိုးထုတ်လုပ်သူများသည် စိုက်ပျိုးမှု ပမာဏများရေးနှင့် ထွက်နှုန်းကောင်းရေးသာ အဓိကထားသောကြောင့် မျိုးကောင်းမျိုးသန့်များ မရရှိ သောကြောင့်လည်းကောင်း စိုက်ပျိုးထုတ်လုပ်သူများသည် ခူးစွတ်ရိတ်သိမ်းပြီး အခြောက်ခံရာတွင် နေပူလှန်းခြင်း၊ မီးအပူပေးခြင်း၊ စသည့်နည်းလမ်း များကိုသာအသုံးပြုကြသဖြင့် အရင့်အမှည့်မညီဘဲ လေလွင့်ဆုံးရှုံးခြင်း၊ သီးနှံအရည်အသွေး ကျဆင်းခြင်း၊ အနံ့အသက်မကောင်းခြင်း ပြည်ပသို့တင်ပို့နိုင်မှု လျှော့ကျရခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ချဉ်ပေါင်ဖာလာ မျိုးကောင်းမျိုးသန့်ကိုရွေးချယ်စိုက်ပျိုးပြီး ခေတ်မီအခြောက်ခံစက်များကို အသုံးပြုသင့်ပါသည်။
ဈေးကွက်အခြေအနေ
ချဉ်ပေါင်ဖာလာ အစေ့ခြောက်၊ သီးလုံးခြောက်များကို တောင်ငူမြို့ရှိပွဲရုံများသို့ တိုက်ရိုက် ရောင်းချခြင်းနှင့် သံတောင်ကြီးမြို့ရှိ ဒေသခံပွဲစားများသို့ ရောင်းချခြင်းကို ပြုလုပ်လျှက်ရှိပါသည်။ တောင်ငူပွဲရုံမှ မန္တလေးပွဲရုံသို့ပို့ပြီး ထိုမှတဆင့် မူဆယ်မှ တရုတ်ပြည်သို့ နယ်ခြားကုန်သွယ်မှုဖြင့် တင်ပို့ရောင်းချလျှက်ရှိပါသည်။
နိုင်ငံအတွင်း ချဉ်ပေါင်ဖာလာအား စိုက်ပျိုးထုတ်လုပ်သောလည်း ကုန်ကြမ်းအဖြစ်သာ ပြည်ပ နိုင်ငံသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ တဆင့်စကားဖြင့်သိရှိရသည်မှာ ချဉ်ပေါင်ဖာလာစေ့မှ အဆီ ထုတ်ယူ၍ တိုင်းရင်းဆေးဝါးများတွင် ထည့်သွင်းအသုံးပြုလျှက်ရှိကြောင်းသာ သိရှိရသည်။
ချဉ်ပေါင်ဖာလာသီးနှံသည် နိုင်ငံအတွင်း လူသိမများသေးသော်လည်း နိုင်ငံခြားဝင်ငွေ တစ်ဖက် တစ်လမ်းမှ ရှာဖွေပေးလျှက်ရှိသည့်အပြင် စိုက်ပျိုးသူတောင်သူများအတွက် တွက်ချေကိုက်သော သီးနှံတစ်ခုဖြစ်သဖြင့် ရေမြေရာသီဥတုတူညီနိုင်သည့် ဒေသများတွင်စမ်းသပ်တိုးချဲ့ စိုက်ပျိုးသင့်သော သီးနှံတစ်ခုဖြစ်ပါသည်။
ချဉ်ပေါင်ဖာလာသည် လူတိုကိုအကျိုးကျေးဇူးများသည့်အတွက် တနိုင်တပိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးနိုင်လျှင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတတ်စေသည့်အပြင် နိုင်ငံခြားဝင်ငွေတိုးပွား လာမည်ဖြစ်သည်။ ချဉ်ပေါင်ဖာလာကို စီးပွားဖြစ်စိုက်ပျိုးခြင်းဖြင့် မြေကြီးမှ ရွှေထွက်သကဲ့သို့ အကျိုးကျေးဇူး ရရှိနိုင်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
DOCA(ကရင်)