လယ်ယာမီးရှို့သည့်ဒေသများမှ ပြောင်းတင်သွင်းမှုကို ထိုင်းအစိုးရ တားမြစ်ပိတ်ပင်မည်

Powered by Drupal

    တောမီးနှင့် မီးခိုးမြူများ တားဆီးကာကွယ်ရေးဆိုင်ရာ ပြည်နယ်အေဂျင်စီများ၏ ကြိုတင် ကာကွယ်မှု အစီအမံများနှင့် အစီရင်ခံချက်များကို စစ်ဆေးရန် ၁၆-၃-၂၀၂၄ ရက်နေ့၌ ချင်းမိုင်မြို့ သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လေထုညစ်ညမ်းမှုဖြစ်စေသည့် အိမ်နီးချင်းနိုင်ငံများထံမှ ပြောင်းတင်သွင်းမှုကို ပိတ်ပင်မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ ၁၇-၃-၂၀၂၄ နေ့ သတင်းဖော်ပြချက်အရ သိရှိ ရပါသည်။

     အဆိုပါခရီးစဉ်၌ သတင်းထောက်များသို့ ပြောကြားရာတွင် ထိုင်းနိုင်ငံမြောက်ပိုင်း၌ လေထုအတွင်း PM 2.5 အဆင့်ရှိသည့် သေးငယ်သောဖုန်မှုန့်များ ပါဝင်မှုမြင့်တက်လျက် လေထု ညစ်ညမ်းမှုဖြစ်ပေါ်နေသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ထိုင်းအစိုးရသည် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ နိုင်ငံများရှိ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်၍ မရသည်ကို နားလည်သော်လည်း ပြောင်းတင်သွင်းမှုမြင့်မားသောရာသီတွင် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင် သွင်းမှုများကို ပိတ်ပင်ခြင်းမပြုလုပ်ပါက တောမီးရှို့ခြင်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ် ကြောင်း၊ PM 2.5 ဖုန်မှုန့်ပြဿနာသည် လယ်သမားများက ၎င်းတို့၏ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်း များကို စိုက်ခင်းမှရှင်းလင်းဖယ်ရှားပြီး သီးနှံအသစ်စိုက်ပျိုးမည့် မြေယာများပြင်ဆင်ရန်အတွက် မီးရှို့ခြင်းနှင့် စီးပွားရေးပြဿနာများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ရွာသူရွာသားအချို့မှာ တောရိုင်းတိရိစ္ဆာန်များ ရှာဖွေစားသောက်ရန်အတွက် တောမီးရှို့ခြင်းလည်းရှိကြောင်း၊ သို့ဖြစ်ရာ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားမှုတွင် နည်းလမ်း အသစ်များ ရှာဖွေသွားရန်နှင့် လက်တွေ့ပြန်လည်အသုံးချနိုင်သည့် အသိပညာများ ရရှိစေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း လိုအပ်လျက်ရှိကြောင်း၊ တောမီးကာကွယ်ရေးနှင့် ငြှိမ်းသတ်ရေးအတွက် ရန်ပုံငွေအား အစိုးရအနေဖြင့် မကြာသေးမီက အတည်ပြုပေးခဲ့ကြောင်းဖြင့် ဝန်ကြီးချုပ် Srettha Thavisin ကပြောကြားခဲ့သည်။

    လေထုအတွင်း PM 2.5  ဖုန်မှုန့်ပါဝင်မှု မြင့်တက်စေသည့် အခြားအကြောင်းအရင်း တစ်ခု ဖြစ်သော ယာဉ်ကြောပိတ်ဆို့မှုပြဿနာနှင့် စပ်လျဉ်း၍ ထိုင်းဝန်ကြီးချုပ်သည် ပို့ဆောင်ရေးဝန်ကြီး နှင့် အခြားအေဂျင်စီများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

    ကမ္ဘာ့လေထုအရည်အသွေးအား တိုင်းတာထုတ်ပြန်နေသည့် IQAir အဖွဲ့၏ အချက်အလက် များအရ ချင်းမိုင်သည် ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့ကြီး ၁၀ မြို့တွင် ထိပ်ဆုံးမှ ရပ်တည် နေပြီး ၎င်းနောက်တွင် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့၊ အိန္ဒိယနိုင်ငံ ဒေလီ မြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တို့ ပါဝင်ကြောင်း သိရှိရသည်။

     ဘန်ကောက်ပို့စ်သတင်းဌာန၏ ၂၀-၃-၂၀၂၄ နေ့၌ ဖော်ပြသော အခြားသတင်းတစ်ပုဒ်အရ လယ်သမားများ၏ လယ်ယာမီးရှို့သည့်ဒေသများမှ ပြောင်းတင်သွင်းမှုကို တားမြစ်ပိတ်ပင်ရန် ထိုင်းအစိုးရအဖွဲ့က ၁၉-၃-၂၀၂၄  ရက်၊ အင်္ဂါနေ့တွင် အတည်ပြုခဲ့ကြောင်း သိရှိရသည်။

    ထိုင်းအစိုးရအဖွဲ့သည် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို စတင်စေသည့် နှစ်စဉ် မီးခိုးငွေ့များကြောင့် ဖြစ်ပေါ်သော မီးခိုးမြူ ပြဿနာကို တိုက်ဖျက်ရန်အတွက် လယ်ယာမီးရှို့သည့် အလေ့အထရှိသော နယ်မြေဒေသများမှ ပြောင်းများတင်သွင်းမှုကို တားမြစ်ပိတ်ပင်မည့် အမိန့် တစ်ရပ် ထုတ်ပြန်နိုင်‌ရေး ပြင်ဆင်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ညွှန်ကြားထားကြောင်း၊ ယခုဆုံးဖြတ်ချက်သည် အိမ်နီးချင်းနိုင်ငံများ၌ လယ်ယာမီးရှို့ခြင်း ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိခြင်းအပေါ် ထိုင်းအစိုးရ အနေဖြင့် စိုးရိမ်မကင်းဖြစ် လျက်ရှိသည်ကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်ကြောင်း၊ မည်သည့်သွင်းကုန် တားမြစ်ချက်မဆို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ သက်ဆိုင်ရာစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ရာ အမိန့်ထုတ်ပြန်နိုင်ရေး မှာ ယခုနှစ်တွင် ပြဋ္ဌာန်းရန် ပြင်ဆင်လျက်ရှိသည့်  Clean Air Act ကို အတည်ပြု ပြီးစီးချိန်အထိ  စောင့်ဆိုင်းရမည်ဖြစ်ကြောင်းဖြင့် အစိုးရပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ပြောကြား ခဲ့သည်။

     ထိုင်းနိုင်ငံ၏ အစေ့ထုတ်ပြောင်း ဈေးကွက်ဝယ်လိုအားမှာ နှစ်စဉ် ပြောင်းတန်ချိန် ၈.၉ သန်းရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန် ၄.၉ သန်းခန့်ရှိကြောင်း Mr. Chai က ဆက်လက် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများမှ ပြောင်း တန်ချိန် ၁.၆ သန်းခန့် တင်သွင်းနေပြီး မြန်မာနိုင်ငံမှ တန်ချိန် ၆ သိန်းမှ ၇ သိန်းခန့်အထိ၊ လာအိုမှ တန်ချိန် ၃ သိန်းမှ ၄ သိန်းအထိနှင့် ကမ္ဘောဒီးယားမှ တန်ချိန် ၁ သိန်းခန့်ကို တင်သွင်းလျက် ရှိ ကြောင်း၊ အခြားနိုင်ငံများမှ ပြောင်းတန်ချိန် ၂ သန်းကျော်ကို ဝယ်ယူပြီး အများစုမှာ ဘရာဇီးမှဖြစ်ကြောင်း သိရှိရသည်။

     ၁၉-၃-၂၀၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ် Srettha Thavisin က အိမ်နီးချင်းနိုင်ငံမှ တင်သွင်းမှုကို ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ခြင်း မှန်သမျှသည် လယ်ယာထွက်ကုန်ဆိုင်ရာ မီးရှို့ခြင်းနှင့် ဆက်နွှယ်ကြောင်း အထောက်အထားဖြင့် ပြသနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ထို့ထက်ပို၍ အရေးကြီးသည် မှာ အဆိုပါပြောင်းတင်သွင်းမှု တားမြစ်ချက်အစီအမံများ အားလုံးသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် နိုင်ငံတကာကုန်သွယ်မှုသဘောတူညီချက်များကို တင်းတင်းကျပ်ကျပ် လိုက်နာရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးဆိုင်ရာ မီးရှို့ခြင်းမြင့်မားချိန်အတွင်း  မီးခိုးမြူငွေ့ ညစ်ညမ်း မှုကို တိုက်ဖျက်ရန်ရည်ရွယ်၍ ရေးဆွဲထားသည့် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ ပို့ကုန်နှင့် သွင်းကုန်အက်ဥပဒေဖြင့်လည်း လွှမ်းခြုံမှုရှိစေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Bangkok Post, 17 & 20 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)