ထိုင်းမူပိုင်ခွင့်ဌာနက နန်ပြည်နယ်ထွက် ကော်ဖီအား GI မှတ်ပုံတင်ရန် ဆောင်ရွက်

Powered by Drupal

   ထိုင်းနိုင်ငံ၌ ပြည်တွင်းထုတ်ကုန်များ၏ စျေးကွက်အတွင်း တန်ဖိုးတိုးမြင့်လာစေရန်နှင့် ထိုင်းလူငယ်လူရွယ်များအား ၎င်းတို့၏လူမှုအသိုင်းအဝိုင်းတွင် ရေရှည်ရပ်တည် ရှင်သန်နေထိုင်နိုင်ရန်တို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပထဝီဒေသ ဆိုင်ရာ အညွှန်းကိန်း (GI) ထုတ်ကုန်ကဏ္ဍကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း Bangkok Post သတင်းဌာနက ‌ဖော်ပြပါသည်။

   ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန်ပြည်နယ်ရှိ ပရီမီယံကော်ဖီစိုက်ပျိုးသည့်ဒေသများသို့ ခရီးသွား ရောက်စဉ်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Phumtham Wechayachai က ယင်းကြေညာချက်ကို ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသထွက်ကုန်များအတွက် GI မှတ်ပုံ တင်ရရှိရေးသည် ဒေသအလိုက်ထွက်ရှိသော ထူးခြားသည့်ထုတ်ကုန်များကို မြှင့်တင်ပေးခြင်းဖြင့် ထိုဒေသ၌နေထိုင်သူများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ချမှတ်ထားသော အဓိက မူဝါဒတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ Mae Charim ခရိုင် Doi Mae Charim ဒေသနှင့် Tha Wang Pha ခရိုင် Doi Suan Ya Luang ဒေသတို့တွင် ကော်ဖီစိုက်ပျိုးထားရှိမှု ဧရိယာများကို စစ်ဆေးမှုများဆောင်ရွက်ခြင်းမှာ ဒေသအလိုက်ထုတ်ကုန်များကို မြှင့်တင်ရာတွင် GI မှတ်ပုံတင် လျှောက်ထားမှုအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

   ဝန်ကြီး Mr. Phumtham သည် ၎င်း၏ စစ်ဆေးရေး ခရီးစဉ်အတွင်း  ကော်ဖီစိုက်ပျိုးသူ များ၊ ကော်ဖီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည့်အပြင် နန်ကော်ဖီ၏ အလားအလာရှိမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကော်ဖီထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လျက် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဒေသခံလူငယ်လုပ်ငန်းရှင် ကုန်သည်စက်မှုအသင်းနှင့် MOC Biz Club တို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

   ထို့သို့တွေ့ဆုံရာတွင် ထုတ်ကုန်များသည် အရည်အသွေး ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ GI မှတ်ပုံတင်ရရှိမှုသည် ထုတ်ကုန်များ၏ စျေးကွက်တန်ဖိုးကို မြှင့်တင်ပေးနိုင်မည်ဖြစ်‌ကြောင်း၊ ဝင်ငွေရရှိပါက ဒေသခံလူငယ်များအနေဖြင့် အခြားဒေသသို့ ပြောင်းရွှေ့နေထိုင်လိုမှုမရှိပဲ ၎င်းတို့၏ မိသားစုအသိုင်းအဝိုင်းတွင် ရှင်သန်ရပ်တည်စေနိုင်မည်ဖြစ်ကြောင်း၊ ထိုင်းမူပိုင်ခွင့်ဦးစီးဌာနသည် လက်ရှိတွင် ဇီဝမျိုးစုံမျိုးကွဲအခြေခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရုံးနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဒေသထွက်ကော်ဖီထုတ်ကုန်များ ပိုမိုတန်ဖိုးရှိစေမည့် GI မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာကို ရေးသားပြုစု ဆောင်ရွက်ထားကြောင်းဖြင့် Mr. Phumtham က ပြောကြားခဲ့သည်။

   GI မှတ်ပုံတင်သည် တိကျသောအရည်အသွေး၊ ဂုဏ်သတင်း သို့မဟုတ် အခြားထူးခြားသော ဝိသေသလက္ခဏာများရှိသည့်နိုင်ငံ၊ ဒေသ သို့မဟုတ် ဒေသတစ်ခုမှ ဆင်းသက်လာသော ထုတ်ကုန်တစ်ခုအား ခွဲခြားသတ်မှတ်ရန် အသုံးပြုသည့် ထူးခြားသောအသိအမှတ်ပြု လက်မှတ်တစ်ခုဖြစ်ကြောင်း၊ ၎င်းလက်မှတ်ရရှိထားခြင်းဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရောင်းချသောအခါတွင် ထုတ်ကုန်များအတွက် စျေးကွက်တန်ဖိုးကို တိုးမြင့်စေပြီး ၎င်းတို့၏ အရည်အသွေးအပေါ် စားသုံးသူများ၏ ယုံကြည်စိတ်ချမှု တည်ဆောက်ခြင်းဖြင့် ဒေသထွက်ထုတ်ကုန်များ၏ အမှတ်တံဆိပ်ကို ကာကွယ်ပေးထားကြောင်း၊ ကော်ဖီသည် မြောက်ပိုင်းပြည်နယ်၌ လူကြိုက်များသော သီးနှံဖြစ်ပြီး ယခုအခါတွင် နန်ကော်ဖီမျိုးကွဲများဖြစ်သည့် Doi Suan Ya Luang၊ Mae Charim၊ Manipruek နှင့် Sakiang ကော်ဖီတို့သည် ဝယ်လိုအားမြင့်မားလျက်ရှိကြောင်း ‌ Bangkok Post သတင်းဌာနက ဖော်ပြထားပါသည်။

Source: Bangkok Post, 17 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)