" ပန်းမပါပါဘဲ သနပ်ခါးပါးကွက်ကြား၊ ခပ်ပါးပါးလိမ်းကာထား၊ မြင်ရသူနှုတ်ဖျား တယ်လှပါလားလို့ တဖွဖွပြောလောက်အောင်ကွယ် " ဆိုတဲ့ မြန်မာ့သနပ်ခါးကို တင်စားဖွဲ့ဆို ထားသော သီချင်းကို ဟိုးယခင် ဘိုးဘိုးဘွားဘွားများ၏ နှုတ်ဖျားတွင် သီဆိုခဲ့ကြသည်ကို ခပ်ရေးရေး ကြားယောင်မိပါသည်။
" ငါလည်းအေးစေ နင်လည်းမွှေးစေ " ဆိုသော မြန်မာ့စကားပုံအတိုင်း သနပ်ခါးသည် လိမ်းတဲ့ သူကိုလည်း အေးစေပါသည်။ ဘေးမှာရှိသော လူတို့ကိုလည်း မွှေးစေပါသည်။
သနပ်ခါးဆိုသည်မှာ မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက အလေ့ကျ ပေါက်ရောက်ခဲ့ပြီး ဆေးဝါးအဖြစ်အသုံးပြုခဲ့ရာမှ ယနေ့အလှကုန်ပစ္စည်းတိုင်းလိုလို သနပ်ခါးပါဝင်သုံးစွဲထားသည်ကို လူတိုင်းသိရှိပြီးဖြစ်ပါသည်။ သနပ်ခါးသည် မြန်မာ့မျိုးရင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်သာ ပေါက်ရောက်သည်ကို အားလုံးသိရှိပြီးဖြစ်ပါသည်။
မြန်မာမိန်းကလေးတိုင်း၏ ပါးပြင်ထက်တွင် သနပ်ခါးလေးများလိမ်းခြယ်လာပါက ကျက်သရေရှိလိုက်တာဟု လူတိုင်းကပြောကြသည်။ သနပ်ခါးလိမ်းသူကို မည်သူကမျှအပစ်တင် ပြောဆိုမှု မရှိကြပေ။ သနပ်ခါးလိမ်းခြယ်ခြင်းသည် ရိုးရာယဉ်ကျေးမှုဖြစ်သည်။ မြန်မာတို့၏ဓလေ့ ဖြစ်သည်။ မြန်မာတို့၏ ထူးခြားသော အသွင်အပြင်လက္ခဏာ တစ်ခုဖြစ်သည်။
မြန်မာတို့၏ သနပ်ခါးသည် အေဒီ ၅ ရာစုမှ အေဒီ ၉ ရာစုအတွင်း ပျူခေတ်၊ သရေခေတ္တရာ ခေတ်ကတည်းက စတင်အသုံးပြုခဲ့ကြသည်ဟု ယူဆကြသည်။ တိကျသော သမိုင်းအထောက် အထားတွေ့ရှိသည်မှာ အေဒီ ၁၁ ရာစု ပုဂံရှိ နဂါးရုံစေတီနှင့် အပ္ပါယ်ရတနာစေတီရှိ နံရံဆေးရေး ပန်းချီကားများတွင် လေ့လာတွေ့ရှိနိုင်သည်။
နံရံဆေးပန်းချီများတွင် သနပ်ခါးလိမ်းခြယ်ကြပုံများ ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် မြန်မာ့ရိုးရာသနပ်ခါးကို ပုဂံခေတ်မှစတင်၍ တိကျသော သမိုင်းမှတ်တမ်းများဖြင့် စတင်အသုံးပြုခဲ့ကြကြောင်း တိကျစွာပြောဆိုနိုင်သည်။
မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့ ဘိုးဘွားပိုင်အမွေအနှစ်ဖြစ်သည်။ မြန်မာရိုးရာပွဲတော် များ၊ မြန်မာဂီတသီချင်းများ၊ မြန်မာ့အနုပညာပွဲများတွင် ပျို့၊ ကဗျာ၊ ဧချင်း၊ အိုင်ချင်း၊ မောင်းထောင်းတေး၊ တေးထပ်များအဖြစ် သီဆိုထားကြသည်ကိုလည်း တွေ့ရသည်။ ယခင်က ပင်ရင်းမြန်မာစကားပြေတွင် " မြန်မာ့သနပ်ခါး " ဟူ၍ ခေါင်းစဉ်တပ်ကာ သင်ခန်းစာအဖြစ် သင်ကြား ခဲ့သည်ကိုလည်း ကြားသိရပါသည်။
နံ့သာလိမ်းပွဲ၊ သနပ်ခါးပါးတို့ပွဲများအဖြစ်လည်း တွေ့ရသည်။ မြန်မာ့ရိုးရာ သနပ်ခါးနှင့် ပတ်သက်၍ ရာဇာဓိရာဇ်မင်းသား ဒဂုံသို့ချီတက်ရာတွင် ကြင်သူသက်ထားထံသို့ ရေးပို့ခဲ့သော သုံးထောင့်အိုင်ချင်းတွင် “သနပ်ခါးကျောက်ပြင်ပေါ်တွင်၊ သောက်တော်ရေနှင့် ရောသွေးပါလျှင်၊ နံ့သာအပေါ် ကျဲတတ်တယ်” ဟူ၍လည်းကောင်း၊ သနပ်ခါးနှင့်ပတ်သက်၍ ရှင်မဟာရဋ္ဌသာရက “ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြေးဖြေးသွေး၍၊ နံ့မွှေးတသုံ လိမ်းလင့်ကုန်” ဟူ၍ ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့ကဗျာ စပ်ဆိုထားသည်ကိုလည်း တွေ့ရသည်။
အလွန်ချမ်းအေးလှသည့် တပို့တွဲလရာသီတွင် ဘုရားရှင်ကို မီးပူဇော်ကြသည်။ ထိုကဲ့သို့ မီးပူဇော်ကြရာတွင် သနပ်ခါးတုံးများကို မီးရှို့ကာ ပူဇော်ကြသည်။ တပို့တွဲလသည် ဆောင်းရာသီ ဖြစ်ကာ အအေးဓာတ်လွန်ကဲလှသောကြောင့် ဘုရားရှင်ကိုယ်တော်မြတ်အား နွေးနွေးထွေးထွေး ရှိစေရန် သနပ်ခါးအတုံးများ၊ အကိုင်းအလက်များ၊ ကရမက်၊ နံ့သာဖြူ၊ နံ့သာနီစသော အခြား အမွှေးနံ့သာတုံးများနှင့် ရောနှောကာ မီးရှို့ပူဇော်ကြသည်။ ထိုမှတဆင့် “ မီးပုံလှူပွဲ တပို့တွဲ ” ဟူ၍ ခေါ်ဝေါ် လာခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အပူပိုင်းနိုင်ငံဖြစ်သည်။ နွေ၊ မိုး၊ ဆောင်း ရာသီဉတုသုံးမျိုးရှိသည်။ သနပ်ခါး သည် ရာသီဉတုအခြေအနေလိုက်၍ လူတို့၏ခန္ဓာကိုယ်ကို ပြုပြင်ပေးသည်။ ရာသီဉတုပူလျှင် သနပ်ခါးသည် ခန္ဓာကိုယ်ကို အေးမြစေသည်။ ရာသီဉတုအေးလျှင် ခန္ဓာကိုယ်ကို နွေးထွေးစေသည်။ မြန်မာ့ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော သနပ်ခါးများကို လိမ်းခြယ်ကြရသဖြင့် စိတ်နှလုံးအေးချမ်းသကဲ့သို့ သနပ်ခါးလိမ်းထားလျှင် နေရောင်ခြည်နှင့် အပူဒဏ်ကိုခံနိုင်သည့်အပြင် အရေပြားမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်သည်ကိုလည်း တွေ့ရသည်။ နေပူထဲတွင် အလုပ် လုပ်ရသော မိန်းကလေးများ၊ ကောက်စိုက်လုံမပျိုများသည် ပါးပြင်ထက်ဝယ် မြန်မာ့သနပ်ခါးကိုသာ ထူထဲစွာ လိမ်းခြယ်ထားကြသည်။ ထိုကဲ့သို့ လိမ်းခြယ်ထားမှသာ အရေပြားကို ကာကွယ်ပေးနိုင်ပြီး အပူဒဏ်ကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံရဲ့ လှပျိုဖြူများ၊ ကောက်စိုက်သမ များရဲ့ ပါးပြင်မှာ ပါးကွက်တင်ခဲ့တာ မြန်မာ့သနပ်ခါးဆိုတာ ငြင်း၍မရကြောင်း တွေ့မြင်ရပါသည်။
မြန်မာ့သနပ်ခါးသည် ပါဋိစကား “ သနခါ ”ဟူသော စကားမှ ဆင်းသက်လာကြောင်း သိရသည်။ “သန” ဆိုသည်မှာ မြန်မာ့အဘိဓာန်တွင် မသန့်မရှင်းဖြစ်သည်။ ယုတ်ညံ့သည်ဟု ပါရှိသည်။ “ခါ” ကမူ “စွန့်ထုတ်ခြင်း”ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သနခါ” အဓိပ္ပါယ်သည် မကောင်းသော အညစ်အကြေးများကို ဖယ်ရှားစွန့်ထုတ်ပေးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သနခါမှ အစပြု၍ ကာလ ကြာလာသော် “ သနပ်ခါး ” ဟု ပြောင်းလဲလာခြင်းဟု ယူဆရသည်။
သနပ်ခါးသည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ မြန်မာဆေးကျမ်းများအရ သနပ်ခါးသည် ပူ၍ သွေးကိုကြွစေကြောင်း ဖော်ပြထားသည်။ မြန်မာမိန်းကလေးတို့သည် သနပ်ခါးကို ဝက်ခြံအဖု များထွက်လာလျှင် သနပ်ခါးဖြင့် ထူထူလေး ဖုံးဖိထားသည်။ နောက်ရက်များတွင် ဝက်ခြံဖုများ ပျောက်သွားသည်ကို တွေ့ရသည်။ အပူလောင်လျှင် သနပ်ခါးကို ပျစ်ပျစ်သွေး အပူလောင်နာပေါ် လိမ်းထားလျှင် သက်သာသည်။ အပူလောင်အတွက်လည်း အမာရွတ်ကျန်ခဲ့ခြင်းမျိုးမှ ကာကွယ် ပေးသည်။ မြန်မာအမျိုးသမီး မိခင်များသည် ကလေးငယ်များကို ရေချိုးသန့်စင်ပြီးလျှင် ကျောက်ပျဉ် ထက်မှ သနပ်ခါးရည်ပျစ်ပျစ်ကိုလက်ဖြင့်သပ်ယူကာ ဘယ်ညာပါးပြင်များပေါ် လိမ်းခြယ် ပေးကြသည်။ ကြွင်းကျန်သောသနပ်ခါးကို ကလေးငယ်၏ပါးစပ်အတွင်း ခွံ့ကျွေးကြသည်။ သနပ်ခါး၏ အေးမြမှုနှင့် မိခင်၏ ချစ်ခြင်းမေတ္တာများကြောင့် ကလေးငယ်တို့သည် ရောဂါကင်းကြသည်ဟု ယုံကြည်ကြသည်။
သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မြောက်များစွာတွေ့ရသည်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအဖြစ် စိုက်ပျိုးကြသည်။ သနပ်ခါးအများထွက်ရှိရာဒေသများအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးတွင် အရာတော်၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုမြို့တို့တွင် အများဆုံးထွက်ရှိသည်။ မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူ၊ ရေစကြို ရှင်မတောင်ဒေသတွင် အများဆုံးတွေ့ရှိနိုင်သည်။ ထိုနည်းတူ ကနီမြို့နယ်တွင်လည်း ချိုင်၊ ပေါက်၊ သမင်ခြံ၊ မုတ္တောဒေသများအပြင်၊ အင်းဒင် ဒေသများတွင်လည်း သနပ်ခါးများ ထွက်ရှိပါသည်။ ရှင်မတောင် သနပ်ခါးသည် သမိုင်းဝင် သနပ်ခါးဖြစ်ပြီး နာမည်ကြီးလှသည်။
အလောင်းစည်သူမင်းကြီးသည် ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်စဉ် ပခုက္ကူခရိုင် ပခန်းကြီးမြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ရှင်မတောင်အနီးရှိ တောင်နီတောင် အနီးသို့ ရောက်သောအခါ မိဖုရားကြီးအသုံးပြုသော သနပ်ခါးအရည်ထည့်ထားသော ကွမ်းအစ်သည် တိမ်းမှောက်သွားသဖြင့် အဆိုပါ ရှင်မတောင်ဒေသတစ်ဝိုက်တွင် ပေါက်သောသနပ်ခါးသည် အခြားသော ဒေသထွက်သနပ်ခါးထက် ပို၍မွှေးကြိုင် သည်ဟု ယူဆကြပါသည်။
ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အညီ သနပ်ခါးအသုံးအဆောင်ပစ္စည်းများသည် လည်း ထုတ်ကုန်အမျိုးမျိုးဖြင့် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ သနပ်ခါးကို မူလသနပ်ခါးတုံးများအပြင် သနပ်ခါးလိုးရှင်း၊ သနပ်ခါးအမှုန့်၊ သနပ်ခါးဆပ်ပြာစသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲထုတ်လုပ် လာခဲ့ကြပြီဖြစ်သည်။ နွေရာသီကာလတွင် သနပ်ခါးထုတ်ကုန်ပစ္စည်းများသည် အရောင်းရသွက် ကြောင်း သိရသည်။ သနပ်ခါးသည် ရာသီဉတုပူပြင်းမှုကြောင့် အပူဒဏ်ခံနိုင်ရည်ရှိစေရန် ခန္ဓာကိုယ် အနှံ့ လိမ်းခြယ်ထားကြသည်။
အရာတော်မြို့ သနပ်ခါးအသင်း၏ လှုပ်ရှားခဲ့မှုကြောင့် သနပ်ခါးသည် ယခင်က သစ်တောထွက်စာရင်းဖြစ်ခဲ့၍ ပြည်တွင်းရောင်းဝယ်မှုမှာ အဟန့်အတားများကြုံတွေ့ခဲ့ရသည်။ အရာတော်ဒေသတွင် သနပ်ခါးမှာ တောင်သူများ အနေဖြင့် စီမံကိန်းဝင်သီးနှံဖြစ်သော ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကြားတွင် ( ၆' × ၆' ) ၊ ( ၉' × ၉' ) စသည်ဖြင့် စိုက်ပျိုးကြခြင်းဖြစ်၍ သစ်တောထွက် စာရင်းမှ ပယ်ဖျက်ပေးရန်နှင့် ပြည်တွင်းတွင် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရရှိရေး တောင်းဆိုခဲ့မှုကြောင့် သနပ်ခါးကို သစ်တောထွက်စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်မှာ အရာတော် သနပ်ခါးစိုက်ပျိုးတောင်သူများ၏ ဂုဏ်ယူဖွယ်တစ်ရပ်ဖြစ်ခဲ့ပါသည်။
အရာတော်မြို့တွင် သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ကြိုးစား အားထုတ်နိုင်ခဲ့မှုကြောင့် “ သနပ်ခါးမြို့တော်အရာတော် ” ဆိုသည့် ကမ္ဗည်းမှတ်တိုင် စိုက်ထူ နိုင်ခဲ့သည်ကိုလည်း လေ့လာသိရှိရပါသည်။
မြန်မာ့သနပ်ခါးသည် ပြည်တွင်းဈေးကွက်သာမက ပြည်ပအထိထိုးဖောက်ဝင်ရောက်နိုင်ရေးကို လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားလာခဲ့ကြသည်။ ပြည်ပဈေးကွက်တွင် စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအထိ တင်ပို့နေကြပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အနေဖြင့် သနပ်ခါးပင်သည် သက်တမ်း ( ၅ နှစ်နှင့် ၁၀နှစ် အကြား ) တွင် ရောင်းချလျက်ရှိပါသည်။ သနပ်ခါးပင် လုံးပတ်နှင့် သက်တမ်းအနု၊ အရင့်ပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားချက်ရှိပါသည်။ ယခုအခါတွင် သနပ်ခါးပင်တစ်ပင်လျင် ၂၀၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ်ခန့် က်ဈေးနှုန်းဖြင့် ပင်ပြတ်အနေဖြင့် ရောင်းချရပါသည်။ ဈေးကွက်အတွင်း ရောင်းချမှုများအနေဖြင့် သနပ်ခါး အရင့် အပွေးကောင်း တစ်တုံးလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ခန့်၊ သနပ်ခါး အပွေး အလတ်စား တစ်တုံးလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ခန့်၊ သနပ်ခါး အညံ့စား တစ်တုံးလျှင် ၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ခန့်ထိ ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မြန်မာနိုင်ငံသို့လာရောက်ကြသော နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ ပါးပြင်ထက်တွင် သနပ်ခါးအဖွေးသားဖြင့် တွေ့မြင်ကြရသည်။ ပြည်ပဧည့်သည်လာရောက်မှုများပြားသော ဘုရားကျောင်းကန်များတွင် သနပ်ခါးလိမ်းခြယ်နိုင်ရေးအတွက် သီးသန့်စီစဉ် ပေးထားကြသည်။ သနပ်ခါး သွေးနိုင်ရန် ကျောက်ပြင်အကြီးစားများဖြင့် ပြင်ဆင်ထားကြသည်။ ထိုကဲ့သို့ စီစဉ်ပေးထားကြသည်ကို ပုဂံရှိ ဘုရားစေတီပုထိုးများ၊ မန္တလေးကျောက်စိမ်းဘုရား၊ မန္တလေးမဟာမြတ်မုနိဘုရား၊ စစ်ကိုင်းကောင်းမှုတော်တို့တွင် တွေ့မြင်နိုင်ပါသည်။
မြန်မာ့သနပ်ခါးသည် မြန်မာတိုင်းရင်းသားအားလုံး၏ ဘိုးဘွားပိုင်အမွေအနှစ်ဖြစ်သည်။ မြန်မာတိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်ပါသည်။ တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များတွင်လည်း ပုံစံအမျိုးမျိုးဖြင့် လက်ဆင့်ကမ်းကာ ထိန်းသိမ်းခဲ့ကြသည်ကို တွေ့ရှိရပါသည်။
မြန်မာတို့၏ သင်္ကြန်ပွဲတော်တွင် နံ့သာသွေးပွဲကို ထည့်သွင်း၍ အမျိုးသားလက္ခဏာတစ်ရပ်အဖြစ် ကျင်းပလာခဲ့ကြပြီဖြစ်သည်။ နံ့သာသွေးပွဲတွင် မိန်းမပျိုများသည် သနပ်ခါးသွေးသည့် ကိုယ်ဟန်အနေအထား၊ သနပ်ခါးအရည်အသွေး၊ လိမ်းခြယ်ဟန်၊ သနပ်ခါးဖြင့် သရုပ်ဖော်တင်ပြနိုင်မှု များဖြင့် မြန်မာအမျိုးသား လက္ခဏာတစ်ရပ်ကို ဖော်ထုတ်လာခဲ့ကြပြီဖြစ်သည်။
ယောမြို့နယ်များတွင် သနပ်ခါး ပါးတို့ပွဲသည် စည်ကားလှသည်။ သနပ်ခါး ပါးတို့ပွဲနှင့် မီးကြာ လှည့် ပူဇော်ပွဲကို ပူးတွဲကျင်းပကြသည်။ ဘုရားပွဲသို့ လာရောက်သူများကို ချွေးနံများကင်းရှင်းစေရန် ဘုရားအဝင်များတွင် မိန်းကလေးများက သနပ်ခါးများ သွေးပေးထားရသည်။ မှန်များကိုလည်း ချပေးထားကြသည်။ မိမိ၏ အစ်ကို၊ တူ၊ မောင်၊ ညီမ၊ အစ်မများကို သနပ်ခါးများဖြင့် လိမ်းခြယ်ပေးကြသည့် ရိုးရာဓလေ့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင်လည်း နှစ်စဉ် သင်္ကြန်အကြိုနေ့တွင် နံ့သာသွီး ( ခေါ် ) နံ့သာသွေးပွဲကို ဆင်နွှဲလေ့ရှိပါသည်။ ရိုးရာသင်္ကြန်ပွဲတော် မကျင်းပမီ ယဉ်ကျေးမှုအစဉ်အလာအရ နံ့သာသွီး ( ခေါ် ) နံ့သာသွေးပွဲ ကျင်းပပြီး ဘုရား၊ ကျောင်းကန်များသို့ သွားရောက်၍ ဗုဒ္ဓဆင်းတုတော်များကို ဆေးကြောကာ အမွှေးနံ့သာများဖြင့် ရေသပ္ပာယ်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်း စသည်ဖြင့်ကုသိုလ်ယူကြပါသည်။ မိမိတို့ နေအိမ်ရှိ ဗုဒ္ဓဆင်းတုတော်များကိုလည်း အမွေးနံ့သာဖြင့် ရေသပ္ပာယ် ကြပါသည်။
နံ့သာသွေးပွဲသည် ရခိုင်တို့၏ တစ်မူထူးခြားကာ အမျိုးသားရေးကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့များဖြင့် ပြည့်ဝနေသည့် ယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သည်။ မြန်မာတို့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေ မြန်မာ့သနပ်ခါးကို ဒြပ်မဲ့မြန်မာ့ ရိုးရာယဉ်ကျေးမှုဟု ဆိုကြပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုများကို ထိန်းသိမ်းကြရသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။ မြန်မာ့သနပ်ခါးသည် မြန်မာတို့အတွက်တော့ အဖိုးတန်ဒြပ်မဲ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)