ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထုတ်လုပ်မှုလျော့ကျခြင်းနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများက သဘာဝရော်ဘာဈေးနှုန်းများကို မြင့်တက်စေ

     သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) မှ အစီရင်ခံဖော်ပြချက်အရ ၂၀၂၄ ခုနှစ် မတ်လအတွင်း သဘာဝရော်ဘာဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရှိရသည်။

     အဓိကဈေးကွက်များအတွင်း ရော်ဘာအတုံး၊ မှိုင်းခံရော်ဘာနှင့် ရော်ဘာစိမ်းတို့အတွက် ရောင်းလိုအား ကျပ်တည်းမှုက ရော်ဘာလုပ်ငန်းနယ်ပယ်၌ ဈေးနှုန်းများ ခိုင်မာအားကောင်းမှုကို မြင်တွေ့လာရခြင်းဖြစ်ကြောင်း ကွာလာလမ်ပူမြို့အခြေစိုက် အဆိုပါအသင်းက ပြောကြားခဲ့သည်။ သဘာဝရော်ဘာထုတ်လုပ်မှုကဏ္ဍတွင် ယခုနှစ်မတ်လ၌ တန်ချိန် ၇၈၆၀၀၀ ထုတ်လုပ်မှုရှိပြီး ယခင်နှစ် ကာလတူ ထုတ်လုပ်မှုအပေါ် ၂.၁% တိုးတက်မှုရှိသော်လည်း ရောင်းလိုအားအပိုင်း ကျပ်တည်းမှုမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

      ရာသီအလိုက် အရွက်ကြွေသည့်ကာလအတွင်း တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားမြင့်တက်မှု နှင့် နိုင်ငံတကာရေးရာ ဖြစ်စဉ်များက မတ်လအတွင်း သဘာဝရော်ဘာ ရောင်းလိုအားအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ လက်ရှိကာလ၌ ရုရှား-ယူကရိန်း ပဋိပက္ခ၊ အာဖရိကဒေသတွင်း မတည် ငြိမ်မှုနှင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကဲ့သို့သော ပထဝီနိုင်ငံ‌ရေးအချက်များက သမိုင်း ကာလတစ်လျှောက် ထုတ်လုပ်မှုကွင်းဆက်နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုတို့အပေါ် သက်ရောက်လွှမ်းမိုးမှုရှိကြောင်း၊ ကမ္ဘာတစ်ဝန်း၌တွင် ပဋိပက္ခများဖြစ်ပေါ်မှုကြောင့် နိုင်ငံတကာ ကုမ္ပဏီများအတွက် ထုတ်လုပ်မှုကွင်းဆက်၌ စွန့်စားရသည့် ဘေးအန္တရာယ်များအား စီမံခန့်ခွဲမှုမှာ ပိုမိုရှုပ်ထွေးလာကြောင်း၊ ဤအခြေအနေတွင် အဓိကစီးပွားရေးနိုင်ငံကြီးများအကြား အခွန်နှုန်းထားတိုးမြှင့်မှုနှင့် ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းဆိုင်ရာ တားမြစ်ကန့်သတ်ချက်များ ပြောင်း လဲချမှတ်မှုတို့က အရေးပါသည့် အရင်းအမြစ်များရယူခြင်းနှင့် ဈေးကွက်များသို့ ဝင်ရောက်ခြင်း တို့ကို ကစဉ့်ကလျားဖြစ်စေကြောင်း၊ ထို့အပြင် သင်္ဘောတင်ပို့သည့် လမ်းကြောင်းများ၌ တိုက်ခိုက် ခံရမှုများကလည်း ကုမ္ပဏီများကို အခြားသယ်ယူပို့ဆောင်ရေးနည်းလမ်းများ ရှာဖွေရန် တွန်းအား ဖြစ်ပေါ်ပြီး ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အတားအဆီးများကို ဖြစ်ပေါ်စေလျက်ရှိကြောင်းဖြင့် ANRPC အသင်းက ပြောကြားထားသည်။

       သဘာဝရော်ဘာ ရောင်းလိုအားအပိုင်း၏ ရှေ့အလားအလာနှင့်ပတ်သက်၍ ယခုနှစ်စပိုင်းမှ စတင်၍ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာမှုအရ ရှေ့လာမည့်လတွင် ရော်ဘာထုတ်လုပ်မှုမှာ နှစ်အလိုက်နှိုင်းယှဉ်ပါက ၃.၄% ခန့် တိုးတက်လာမည်ဟု ANRPC က ခန့်မှန်းထားသည်။

     ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံးအတွက်မူ ရော်ဘာထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၁.၆% တိုးတက်လျက် တန်ချိန် ၁၄.၅၄၂ သန်းခန့်ရှိနိုင်ကြောင်း၊ ၎င်းပမာဏသည် ယခင်ခန့်မှန်းထားချက် အပေါ် ၀.၁% ပိုမိုလာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၌ ယခုနှစ်အတွင်း ရော်ဘာ ထုတ်လုပ်မှု တိုးတက်ကောင်းမွန်လာနိုင်သည့် အလားအလာကို ထည့်သွင်းလျက် ယခုပြင်ဆင် ခန့်မှန်းချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ANRPC က အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ရော်ဘာဝယ်လိုအားအပိုင်းတွင် နှစ်အလိုက်နှိုင်းယှဉ်ပါက မတ်လ၌ ၁.၉% တိုးတက်လျက် တန်ချိန် ၁.၃ သန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာ ဝယ်လိုအားမှာ စီးပွားရေးတိုးတက်မှု ၃% ကျဆင်းဖွယ်ရှိသည့် အခြေအနေကို ထင်ဟပ်လျက် ယခင်ခန့်မှန်းထားသည့် တန်ချိန် ၁၅.၈၂၆ သန်းမှ အနည်းငယ်လျော့ကျပြီး တန်ချိန် ၁၅.၆၇၀ သန်း ခန့်ရှိနိုင်ကြောင်း၊ ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ရော်ဘာဝယ်လိုအားမှာ ယခင်က ခန့်မှန်းခဲ့သော တန်ချိန် ၇.၅၀၀ သန်းနှင့်နှိုင်းယှဉ်ပါက ယခုအခါ တန်ချိန် ၇.၃၅၂ သန်းခန့်သာ ရှိနိုင်သည့်အပေါ် ANRPC က ပြင်ဆင်ခန့်မှန်းထားကြောင်း သိရှိရသည်။

Source: rubbernews.com, 29 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ ကမ္ဘောဒီးယား၏ ရော်ဘာတင်ပို့မှု ၅ ရာခိုင်နှုန်းမြင့်တက်

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရော်ဘာအခြောက် တန်ချိန် ၆၉၃၂၂ တန်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလ၌ တင်ပို့ခဲ့မှု ၆၅၉၂၁ တန်အပေါ် ၅.၁%  တိုးတက်လာကြောင်း ကမ္ဘောဒီးယား ရော်ဘာညွှန်ကြားမှုဦးစီးဌာန၏ ၂၃-၄-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြပါသည်။

      ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေရရှိမှုမှာ ဒေါ်လာ ၁၀၀.၅ သန်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အလားတူကာလတွင် ဒေါ်လာ ၉၂.၉ သန်းသာ ရရှိခဲ့ရာ တန်ဖိုးအားဖြင့် ၈% တိုးတက်လာခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရော်ဘာအခြောက်တစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၁၄၅၀ ရှိပြီး ယခင်နှစ်အလားတူ ကာလထက် ၄၁ ဒေါ်လာခန့် ပိုမိုခဲ့ကြောင်း ရော်ဘာညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Khun Kakada က အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

     ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာပို့ကုန်ပစ္စည်းများကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း၊ ယခုအချိန်အထိ စုစုပေါင်း ရော်ဘာစိုက်ပျိုး ဧရိယာ ၄၀၇၁၇၂ ဟက်တာခန့် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါဧရိယာပမာဏအနက်  ဟက်တာပေါင်း ၃၂၀၁၈၄ သို့မဟုတ် ၇၉% ခန့်သည် ရော်ဘာအစေးခြစ် ထုတ်လုပ်နိုင်မှုရှိကြောင်း သတင်းရရှိပါသည်။

Source: Khmer Times, 26 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၀၇ သန်း ဗီယက်နမ်ရရှိ

    ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း စုစုပေါင်း ရော်ဘာတန်ချိန် ၄၁၄၃၁၇ ခန့်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၇ သန်းကျော်ရရှိခဲ့သည်ဟု ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရကြောင်း Vietnam News က ဧပြီလ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြပါသည်။

     ၂၀၂၄ ခုနှစ် မတ်လ တစ်လတည်းတွင် ဗီယက်နမ်နိုင်ငံသည် ပြည်ပဈေးကွက်သို့ ရော်ဘာ တန်ချိန် ၁၁၆၁၀၀ တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၁၈၀ ကျော် ဝင်ငွေရရှိခဲ့ကြောင်း၊ ၎င်းပမာဏများ သည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၈.၅% ခန့်၊ တန်ဖိုးအားဖြင့် ၁၄.၃% တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ သုံးလတာကာလအတွင်း နိုင်ငံတကာဈေးကွက်၌ ဗီယက်နမ် ရော်ဘာတစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁၄၆၆ ဒေါ်လာ ရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၅.၃% မြင့်တက်ခဲ့ကြောင်း သိရပါသည်။

     တရုတ်နိုင်ငံသည် ဗီယက်နမ်ရော်ဘာကို အများဆုံးဝယ်ယူမှုရှိပြီး ရော်ဘာတင်ပို့မှု စုစု ပေါင်း၏ ၅၂.၈၃% ရှိကြောင်း၊ တရုတ်နိုင်ငံသည် မတ်လ၌ ဒေါ်လာ ၉၀.၇၂ သန်းတန်ဖိုးရှိသော ဗီယက်နမ်ရော်ဘာ ၆၁၃၄၀ တန်ကို တင်သွင်းခဲ့ပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက တင်သွင်းမှုပမာဏ ၄.၅%၊ တန်ဖိုး ၇.၉% မြင့်တက်လာခဲ့ကြောင်း၊ တရုတ်ဈေးကွက်သို့ ရော်ဘာတင်ပို့သည့် ပျမ်းမျှ စျေးနှုန်းမှာ တစ်တန်လျှင် ၁၄၇၉ ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထက် ၃.၂% နှင့်၂၀၂၃ ခုနှစ် မတ်လဈေးနှုန်းထက် ၇.၁% တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

      ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံထံမှ ဒေါ်လာ ၄၀၇ သန်း ကျော်တန်ဖိုးရှိသော ရော်ဘာတန်ချိန် ၂၈၇၈၅၀ တန်ကို တင်သွင်းခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန်၌ ၁.၆% လျော့ကျခဲ့သော်လည်း တန်ဖိုးမှာ ၂.၇% မြင့်တက်လာကြောင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှုအင်ဂျင်စီ၏ ဖော်ပြချက်များအရ သိရှိရသည်။

      ၂၀၂၄ ခုနှစ်၊ မတ်လတွင် အိန္ဒိယ၊ ဂျာမနီ၊ တူရကီ၊ ရုရှား၊ သီရိလင်္ကာ၊ ဘယ်လ်ဂျီယံနှင့် အမေရိကန်တို့အပါအဝင် စျေးကွက်အသီးသီးသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ပမာဏနှင့် တန်ဖိုးသိသာစွာ တိုးတက်လာကြောင်း၊ အိန္ဒိယနိုင်ငံသည် အနည်းဆုံး ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြုပ်နှံမှုရှိပြီး သုံးနှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုစတင်သည့် လျှပ်စစ်သုံး မော်တော်ယာဉ်များ ထုတ်လုပ်သော ကုမ္ပဏီများ၏ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု နှုန်းထားများကို လျှော့ချရန် မကြာသေးမီကဆုံးဖြတ်ခဲ့ရာ ဤဖွံ့ဖြိုးတိုးတက်မှုရလဒ်က အိန္ဒိယ၏ တာယာထုတ်လုပ်မှုတွင် ရော်ဘာလိုအပ်ချက်အတွက် ကောင်းမွန်စေမည်ဖြစ်ကြောင်း Vietnam News သတင်းဌာနက ရေးသားဖော်ပြသည်။

Source: Vietnam News, 27 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၄ ခုနှစ် ဧပြီလလယ်အထိ ဆန်တန်ချိန် ၁.၄ သန်း ဖိလစ်ပိုင်တင်သွင်းခဲ့

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ ယခင်နှစ် ကာလတူ၌ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက ဧပြီလလယ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ သီးနှံလုပ်ငန်းဌာန (BPI) ၏ အချက်အလက်များအရ သိရသည်။

    အဆိုပါဌာန၏ နောက်ဆုံးထုတ်ဝေသော အစီရင်ခံစာအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၉ ရက်နေ့အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ယခင်နှစ် ကာလတူတင်သွင်းမှု ဆန်တန်ချိန် ၁.၃၁ သန်းအပေါ် ၇.၉၅% တိုးတက်လျက် မက်ထရစ်တန် ၁.၄၂ သန်းသို့ မြင့်တက်ခဲ့ ကြောင်း သိရသည်။ သို့သော် ယခုနှစ် ဧပြီလအတွင်း အဆိုပါနေ့ရက်အထိ ဆန်တင်သွင်းမှုမှာ မက်ထရစ်တန် ၂၄၃၇၁၀.၉၂ ရှိပြီး ယင်းသည် ယခင်နှစ်ကာလတူ တင်သွင်းမှု မက်ထရစ်တန်ချိန် ၅၁၆၈၉၅.၁၇ ၏ ထက်ဝက်ခန့် လျော့နည်းမှုရှိကြောင်း သိရှိရပါသည်။

     BPI ဌာနသည် ယခုနှစ် နှစ်စပိုင်းမှ လက်ရှိကာလအထိ ဆန်တင်သွင်းမှုဆိုင်ရာ အပင်ရောဂါပိုးမွှားကင်းရှင်းကြောင်းလက်မှတ် စုစုပေါင်း ၁၉၅၂ စောင်ကို အသိအမှတ်ပြုထားသည့် သွင်းကုန်လုပ်ငန်းရှင်များထံသို့ ထုတ်ပေးထားပြီးဖြစ်သည်။

    အဆိုပါကာလအတွင်း ဆန်တင်သွင်းမှု စုစုပေါင်း၏ ၆၇.၁၄% ရှိသော ဆန် ၉၅၅၈၁၇.၈၇ တန်ကို ဗီယက်နမ်နိုင်ငံထံမှ အဓိကရယူတင်သွင်းခဲ့ခြင်းဖြစ်သည်။ ၎င်း၏နောက်၌ ထိုင်းနိုင်ငံမှ ဆန် ၂၆၅၀၁၉.၆၄ တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၃၃၉၈၄.၅၀ တန်နှင့် မြန်မာနိုင်ငံမှ ၅၉၈၈၀ တန် အသီးသီးတင်သွင်းခဲ့သည်။ ကျန်ပမာဏသည် တရုတ်၊ ဂျပန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အီတလီ နှင့် စပိန်နိုင်ငံတို့မှ ဖြစ်သည်။

     ဖိလစ်ပိုင်နိုင်ငံသည် ယခင်နှစ်တွင် ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းခဲ့ရာ ၂၀၂၂ ခုနှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၃.၈၂ သန်းအပေါ် ၅.၉% ကျဆင်းခဲ့သည်။ ယခုနှစ်အတွက် ဆန်တင်သွင်းမှုအား ယခင်နှစ်တင်သွင်းသည့် ပမာဏထက် ကျော်လွန်ခြင်းမရှိစေရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက စီမံဆောင်ရွက်လျက်ရှိသည်။

     သို့သော် ပြည်တွင်းဆန်လက်ကျန်မှာ မတ်လ ၁ ရက်နေ့ရှိ စာရင်းများအရ ၃.၀% ကျဆင်း ခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ မတ်လအစတွင် ဆန် သိုလှောင်မှုသည် တန်ချိန် ၁.၃၇ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် အလားတူကာလတွင် ကျန်ရှိသည့် တန်ချိန် ၁.၄၁ သန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေခဲ့သည်။ လအလိုက် နှိုင်းယှဉ်ပါက ဖေဖော်ဝါရီ ၁ ရက်နေ့ရှိ ဆန်လက်ကျန်တန်ချိန် ၁.၅၁ သန်းအပေါ် ၉.၆% ကျဆင်းခဲ့သည်။

     ထိုသို့သော အခြေအနေတွင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့၏ သိုလှောင်ရုံအများအပြားကို ယာယီပိတ်ထားသော် လည်း အယ်လ်နီညိုကာလတွင် နိုင်ငံအတွင်း ဆန်အလုံအလောက်ရှိကြောင်း အာမခံချက် ပေးခဲ့ သည်။ ယခုနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် အမေရိကန်စိုက်ပျိုးရေးဌာနက ခန့်မှန်းထားသည့် မက်ထရစ်တန်ချိန် ၄ သန်းသို့ ရောက်နိုင်ဖွယ်မရှိဟု ၎င်းက ပြောကြားခဲ့သည်။

Source: Manila Times, 30 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အပူလှိုင်းကျရောက်မှုကြောင့် နွေစပါးစိုက်ပျိုးမှု၏ ၂၀% ခန့် ထိခိုက်ဖွယ်ရှိ

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Boro  စပါးခေါ် နွေစပါးအား စိုက်ပျိုးထားရှိမှုမှာ စိုက်ခင်းအများစု၌ စပါးအစေ့အဆန်တည်မှု အောင်မြင်မှုသည့် အဆင့်တွင်ရှိသော်လည်း အပွင့်ပွင့်သည့်အဆင့်၌ ကျန်ရှိနေသာ ၂၀% ခန့်သည် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော အပူလှိုင်းကျရောက်မှု အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။

      စိုက်ပျိုးရေး သိပ္ပံပညာရှင်များက အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၏ အထက်၌ရှိသော အခြေအနေတွင် စပါးစိုက်ခင်းများသည် ထိခိုက်ပျက်စီးနိုင်ကြောင်း မှတ်ချက်ပြုထားသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေသအများစုတွင် အပူချိန်သည် သတ်မှတ်အပူချိန်ထက် ကျော်လွန်ရောက်ရှိခဲ့သည်။ အနည်းဆုံး နောက်ထပ် ရက်သတ္တတစ်ပတ်ခန့်အထိ အပူလှိုင်း ဆက်ရှိနေနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားရာ လယ်သမားများနှင့် စိုက်ပျိုးရေးရုံးများသည် ယခုနှစ် Boro ရာသီတွင် သီးနှံအမြောက်အများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြကြောင်း သိရပါသည်။

    စပါးပင်များသည် အပွင့်ပွင့်ချိန်၌ အပူဒဏ်ကို ခံနိုင်ရည်မရှိကြောင်း၊ အပူချိန်မြင့်မားမှုသည် စပါးပင်၏ ပုံမှန်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နောက်ပိုင်းကာလတွင် စပါး အစေ့ အဆန်တည်မှုကို ထိခိုက်စေနိုင်ကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်ဆန်စပါးသုတေသနသိပ္ပံရှိ သီးနှံဇီဝ ကမ္မဗေဒဌာနခွဲမှ အကြီးအကဲဖြစ်သူ Md Sazzadur Rahman က ပြောကြားခဲ့သည်။ စပါးပွင့်များသည် အပူချိန် ၃၅ ဒီဂရီ အောက်၌ရှိသော နံနက် ၉ နာရီမှ ၁၁ နာရီအကြားတွင်သာ ဝတ်မှုန်ကူးမှု အကောင်းဆုံးဖြစ်သော်လည်း ပြည်တွင်း၌ နံနက်ပိုင်းအပူချိန်သည် အဆိုပါအပူချိန် သတ်မှတ်ချက်ကို မကြာခဏကျော်လွန်ကာ ပန်းပွင့်များကို ခြောက်သွေ့စေပြီး ဝတ်မှုန်ကူးရန် ခက်ခဲစေကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

     ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ အချက်အလက်များအရ လက်ရှိဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ပျိုးထားရှိမှုမှာ ဟက်တာပေါင်း ၅၀.၅၈ သိန်းရှိပြီး စပါး တန်ချိန် ၂၂.၂ သန်း ထွက် ရှိရန် ရည်မှန်းထားကြောင်း သိရသည်။ လက်ရှိကာလ၌ နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ စိမ့်မြေ ဒေသများတွင် စပါးစိုက်ဧရိယာ၏ ၄၀% ခန့်ကို ရိတ်သိမ်းပြီးဖြစ်သော်လည်း နွေစပါး စိုက်ပျိုးမှု တစ်ရပ်လုံး၏ ရိတ်သိမ်းပြီးစီးမှုနှုန်းသည် ၆.၅% သာရှိသည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၁ ခုနှစ် ဧပြီလတွင် အပူလှိုင်းကျရောက်မှု ကာလတစ်ခုအတွင်း အပူချိန် ၃၉ ဒီဂရီအထိ မြင့်တက်ခဲ့ပြီး နွေစပါးစိုက်ပျိုးရာ၌ ပန်းပွင့်များ ခြောက်သွေ့ဖြစ်ပေါ်လျက်  စပါးအထွက်လျော့နည်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Source: The Business Standard, 27 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံတောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုက စပါးစိုက်ခင်းများ ထိခိုက်စေနိုင်

     တရုတ်နိုင်ငံသည် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့အကြီးဆုံး ဆန်စပါးထုတ်လုပ်သူနှင့် စားသုံးသူဖြစ်သည့် တရုတ်နိုင်ငံ၏ ဒေသအချို့တွင် ကောက်စောစပါးသီးနှံများ ပျက်စီးနိုင်သဖြင့် စိုးရိမ်မှုများ မြင့်တက်လာသည်။

      အဓိကစိုက်ပျိုးရာ တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးသည်းထန်မှုကြောင့် စပါးခင်းများမှာ ထိခိုက်မှုရှိနေခဲ့ပြီး လာမည့် ၁၀ ရက်အတွင်း မိုးရွာသွန်းမှုသည် ပုံမှန်ထက် နှစ်ဆတိုး လာနိုင်ဖွယ်ရှိသည်။ မြေနိမ့်ပိုင်း လယ်ယာမြေများရှိ စပါးခင်းများသည် ရေလွှမ်းမိုးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး နွေဦးရာသီ သီးနှံပင်များကြီးထွားမှုကို ထိခိုက်စေနိုင်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသဌာနက ၂၉-၄-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

      ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်စပါးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုကို ကန့်သတ်ထားချိန်၌ တရုတ်နိုင်ငံတွင် စပါးစိုက်ခင်းများ ရှင်သန်ကြီးထွားမှုအတွက် အဓိကကျသည့်အချိန် ကာလအတွင်း မည်သည့် သိသာထင်ရှားသော ထိခိုက်မှုမဆို  ကမ္ဘာလုံးဆိုင်ရာ ဆန်ရောင်းလို အားအပေါ် စိုးရိမ်မှုများ မြင့်တက်စေဖွယ်ရှိသည်။ အာရှဒေသ၌ စံပြုထားသည့် ထိုင်းဆန်၏ ဈေးနှုန်းများသည် မကြာသေးမီ သီတင်းနှစ်ပတ်ဆက်တိုက်၌ မြင့်တက်လျက် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှု ဘေးဒုက္ခများကြောင့် ထပ်မံမြင့်တက်လာနိုင်သည်။

    တရုတ်နိုင်ငံတွင် မတ်လ၌ စိုက်ပျိုးပြီး ဇူလိုင်လတွင် ရိတ်သိမ်းလေ့ရှိသော ကောက်စောစပါးမျိုးများသည် စုစုပေါင်း စပါးစိုက်ပျိုးထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသည်။ လယ်ယာလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသော မုန်တိုင်းများသည် နိုင်ငံ၏ နေရာဒေသ အများအပြားသို့ ဝင်ရောက်တိုက်ခတ်မှုရှိခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံများ ထိခိုက်ပျက်စီးနိုင်ကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်၌ သတိပေးခဲ့သည်။

Source: Bloomberg, April 29, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သီဟိုဠ်စေ့ဈေးနှုန်းများကို ကမ္ဘောဒီးယားကုန်သည်များက မြှင့်တင်ရောင်းချ

     ကမ္ဘောဒီးယားသီဟိုဠ်စေ့များအသင်း (CAC) သည် သီဟိုဠ်စေ့အစို တစ်ကီလိုဂရမ်လျှင် ကမ္ဘောဒီးယား ငွေကြေး ၅၀၀၀ ရီယယ်အထိ တိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပြီး ၁၅ နှစ်တာ ကာလအတွင်း စံချိန်သစ်တင်ခဲ့ကြောင်း၊ သုံးလအတွင်း တန်ချိန် ၄ သိန်းကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော်ကို တင်ပို့ခဲ့ပြီး ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းတွင် သီဟိုဠ်စေ့အစိုဈေးနှုန်းမှာ ၄၀၀၀ ရီယယ်မှ ၄၆၀၀ ရီယယ်ကြားရှိ ကြောင်း သိရှိရသည်။

      ဗီယက်နမ်အပါအဝင် အာရှဈေးကွက်များ၌ သီဟိုဠ်စေ့များ ထုတ်လုပ်ခြင်းကို အဟန့် အတားဖြစ်စေသော ဈေးနှုန်းမတည်ငြိမ်ခြင်းသည် အယ်နီညိုရာသီဥတု အခြေအနေများကြောင့် အဓိကဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့ ကုန်ကြမ်းထုတ်လုပ်မှုပမာဏမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တန်ချိန် ၄၇၄၀၀၀ ရှိကြောင်း CAC ဥက္ကဋ္ဌ Silot Uon က ပြောကြားခဲ့သည်။ ၎င်းပမာဏသည် ၁၃% အထိ လျော့ကျခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လမှ မတ်လအထိ ဗီယက်နမ်သို့ သီဟိုဠ်စေ့ တင်ပို့မှု စုစုပေါင်းတန်ချိန် ၄၂၄၀၀၀ ရှိခဲ့ပြီး ဝင်ငွေ အားဖြင့် အမေရိကန်ဒေါ်လာ ၅၄၃ သန်း ရရှိခဲ့ကြောင်း သိရှိရသည်။

      နိုင်ငံခြားဈေးကွက်သို့ ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၈၃၇ သန်းကျော်လွန်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀% ခန့်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

     တိုးတက်လာသော မည်သည့် တင်ပို့မှုပမာဏမဆို ဈေးကွက်ဝင်စေရန် စီစဉ်သူများ အတွက်သာမက တောင်သူများအတွက်လည်း ကြိုဆိုရမည့်သတင်း ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် စျေးနှုန်းအပြောင်းအလဲဖြစ်ရခြင်း၏ ဦးတည်ချက်နှင့် အနေအထားများကို စောင့် ကြည့်သွားမည်ဖြစ်ကြောင်း Kamya AgriTrade တည်ထောင်သူနှင့် ပိုင်ရှင်ဖြစ်သူ Andreas Groetschel က ပြောကြားခဲ့သည်။ အဓိကရိတ်သိမ်းရာသီမှာ မကြာမီကုန်ဆုံးတော့မည် ဖြစ်သည့် အတွက် ယခုနှစ် သီဟိုဠ်စေ့ စျေးနှုန်းတက်ခြင်းမှ အကျိုးအမြတ်များစွာမရရှိသေးသည့် တောင်သူများစွာ ရှိနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

      CAC မှ ဒုတိယဥက္ကဋ္ဌ Suy Kokthean၏ ပြောကြားချက် ယခုနှစ်သည် ထူးခြားကြောင်း၊ ပုံမှန်အားဖြင့် နှစ်တစ်နှစ်၏ ယခုအချိန်ကာလတွင် ဈေးကျလေ့ ရှိသော်လည်း ယခုနှစ်၌ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း၊ အဆိုပါအချက်သည် သီဟိုဠ်စေ့လုပ်ငန်း၌ ထုတ်လုပ်မှုကျဆင်းမှုကို ဖြစ်စေသော  အယ်လ်နီညိုအန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း တောင်သူများ အနေဖြင့် အကျိုးအမြတ်များ ရရှိလျက်ရှိကြောင်း သိရှိရသည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့သည် အကောင်းဆုံး ဖြစ်သောကြောင့် သီဟိုဠ်စေ့များအား ဈေးကွက်ဝင်စေရန် စီစဉ်သူများနှင့် ကုန်သည်များအနေဖြင့် အဆိုပါထုတ်ကုန်အတွက် ပစ်မှတ်စျေးကွက် သေချာစွာ သတ်မှတ်သင့်ကြောင်း သိရှိရသည်။

     သီဟိုဠ်စေ့များအသင်းအနေဖြင့် သီဟိုဠ်စေ့များရောင်းချမှုအား လျှော့ချရန် ကြိုးပမ်းမှုကြောင့် စျေးနှုန်းသိသိသာသာ မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။ ဈေးကွက်အတွင်း လတ်ဆတ်သော သီဟိုဠ်စေ့ကုန်ကြမ်းများ ရောင်းချမှုကို ထိန်းထားနိုင်သော တစ်ကီလိုဂရမ်လျှင် ၄၀၀၀ ရီယယ်နှုန်းဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လ ပထမလဝက်တွင် သီဟိုဠ်စေ့ဈေးနှုန်း သည် တည်ငြိမ်နေခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်း MIRARTH Agri Tech Co Ltd ၏ စီးပွား ရေးရာ စီမံကိန်းအရာရှိဖြစ်သူ Takayuki Imahashi က စျေးနှုန်း သိသာစွာ မြင့်တက်လာရခြင်း အကြောင်းအရင်းမှာ ဗီယက်နမ် ဝယ်လက်များထံမှ ဝယ်ယူသည့်နှုန်းထားများ မြင့်လာခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

      ကမ္ဘောဒီးယားနိုင်ငံအတွင်း သီဟိုဠ်စေ့များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်း Aidens Cashewsမှ မန်နေးဂျင်းဒါရိုက်တာ Francois-Xavier Richard Choquette က ပြောကြားခဲ့သည်။ သီဟိုဠ်စေ့များ ပိုမိုထုတ်လုပ်လာသည်နှင့်အမျှ ပြည်တွင်း၌ အလုပ်အကိုင်များ ပိုမိုဖန်တီးပေးလာနိုင်ကြောင်း သိရှိရသည်။ အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ၏ ရည်မှန်းချက်များသည် တန်ဖိုးမြှင့် သီဟိုဠ်စေ့ထုတ်ကုန်များအား ထုတ်လုပ်မည့်သူများအတွက် အစိုးရမှထောက်ပံ့မည့် မက်လုံးများဖြစ်သည့် ထောက်ပံ့ငွေများနှင့် နှစ်ရှည်ချေးငွေများဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရသည်။

    သီဟိုဠ်စေ့ဈေးနှုန်းများ မြင့်တက်လာခြင်းသည် အထွက်နှုန်းလျော့ကျစေသည့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့် တောင်သူများ၏ ဆုံးရှုံးမှုများကို လျော့ပါးသက်သာ စေနိုင်သည်ဟု Handcrafted Cashew Nuts Stung Trengမှ Sothnita Soeun ၏ ပြောကြားချက်အရ သိရှိရသည်။ ဆက်လက်၍ ၎င်းတို့အနေဖြင့် သစ်တောပြုန်းတီးမှုကင်းစင်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် လိုက်လျောညီထွေရှိသည့် သီဟိုဠ်စေ့များ စိုက်ပျိုးထုတ်လုပ်ရန်အတွက် ကတိကဝတ် ပြုထားသည့် တောင်သူများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများအား အသိအမှတ်ပြုသည့် နိုင်ငံတကာမှ သီဟိုဠ်စေ့တင်သွင်းသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း Sothnita Soeunက ပြော ကြားခဲ့သည်။

Source: Khmer Times, 26 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၄ ခုနှစ် ပထမသုံးလ၌ သီဟိုဠ်စေ့တင်ပို့မှုမှ ဒေါ်လာ ၅၄၃ သန်း ကမ္ဘောဒီးယား ဝင်ငွေရရှိ

   ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဒေါ်လာ ၅၄၃ သန်း တန်ဖိုးရှိ‌သော သီဟိုဠ်စေ့များ တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃% တိုးတက်ခဲ့ကြောင်း၊ ယင်းကာလအတွင်း သီဟိုဠ်စေ့ထုတ်လုပ်မှု စုစုပေါင်းတန်ချိန် ၄၇၄၀၀၀ အနက် ၄၂၄၀၀၀ တန် အား ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း  ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း၏ အစီရင်ခံစာအရ သိရှိရသည်။

   နိုင်ငံတကာဈေးကွက်၌ ဝယ်လိုအား ကြီးထွားလာခြင်းကြောင့် သီဟိုဠ်စေ့ပို့ကုန် တန်ဖိုးတိုးလာသည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း၏ ဥက္ကဋ္ဌ Uon Silot က ပြောကြားခဲ့သည်။ သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံအချို့အနေဖြင့် ရာသီဥတုဆိုးရွားမှုဒဏ်ကို ခံခဲ့ရကြောင်း၊ အာရှနှင့် အာဖရိကရှိ သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံတချို့အပေါ် အယ်လ်နီညို၏ သက်ရောက်မှုကြောင့် သီဟိုဠ်စေ့စျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
   ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ ဖော်ပြချက်အရ လက်ရှိကာလတွင် ပြည်နယ် ၁၀ ခု၌ သီဟိုဠ်ခြံ ဟက်တာပေါင်း ၇ သိန်းခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ကမ္ဘောဒီးယားအစိုးရသည် အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ (၂၀၂၂-၂၀၂၇) ကို စတင်ခြင်းဖြင့် သီဟိုဠ်စေ့လုပ်ငန်း၏အနာဂတ်ကို မျှော်မှန်းထားသည်။ အဆိုပါ ပြည့်စုံသော လမ်းပြမြေပုံသည် မဟာဗျူဟာ ပန်းတိုင်သုံးခုဖြစ်သည့် စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် တင်ပို့မှုများ ခိုင်မာအားကောင်းစေရန် အဓိကရေးဆွဲထားခြင်းဖြစ်သည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရ အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ စတင် ချိန်မှစ၍ ပြည်တွင်း၌ သီဟိုဠ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် ၅% မှ ၁၀% အထိ မြင့်တက်လာသည်ဟု သိရှိရသည်။
  ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် သီဟိုဠ်စေ့ထုတ်လုပ်မှု အများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သော်လည်း စိုက်ပျိုးထုတ်လုပ်မှု၏ ၁၀% မျှကိုသာ ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်မှုရှိသည်။ ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ စားအုန်းဆီ၊ ငှက်ပျောသီး၊ သရက်သီး၊ တောကြက်မောက် သီးနှင့် ငရုတ်ကောင်းတို့အပြင် သီဟိုဠ်သည် ကမ္ဘောဒီးယား၏ အလားအလာရှိသော စီးပွားဖြစ်စိုက်ပျိုးသီးနှံများထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Source: Khmer Times, 25 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်မှ သရက်သီးများကို တရုတ်နိုင်ငံက ဝယ်ယူမည်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Yao Wen သည် ဘင်္ဂလားဒေ့ရှ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး Dr Md Abdus Shahid နှင့် ဧပြီလ ၂၉ ရက်နေ့၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် ၂ဝ၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထံမှ သရက်သီးများကို တင်သွင်း သွားလိုကြောင်း ပြောကြားခဲ့ပါသည်။

    တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှေ့လာမည့် ဇွန်လ ပထမပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်၍ သရက်ခြံများနှင့် သရက်သီး ပြုပြင်ထုတ် လုပ်သည့်နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသွားမည်ပြီး အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာအပေါ် အခြေခံ၍ ဘင်္ဂလားဒေ့ရှ်အစိုးရက သရက်သီးတင်ပို့မှုများကို ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။

    လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုလယ်ယာစိုက်ပျိုးရေးကို ဖော်ဆောင်ရန်အတွက် ခေတ်မီနည်းပညာအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ အထူးသဖြင့် ပြည်တွင်းရှိ လယ်သမားများသည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်လျက်ရှိကြောင်း၊ သို့မှသာ ၎င်းတို့အနေဖြင့် ဈေးနှုန်းချိုသာသော ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ခေတ်မီလယ်ယာသုံးစက်ပစ္စည်းများကို သက်သာလျော့နည်းသောဈေးနှုန်းဖြင့် ဝယ်ယူလိုကြောင်းဖြင့် ဝန်ကြီး Dr Md Abdus Shahid က ပြောကြားခဲ့ပါသည်။

Source: The Financial Express, 29 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်ဈေးကွက်သို့ ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၂ ဘီလီယံအထိ ရရှိရန် ဗီယက်နမ်မျှော်မှန်း

     ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ လတ်တလောကာလတွင် အတည်ပြုခဲ့သည့် ပီလောပီနံလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဗီယက်နမ်နိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်၌ ပီလောပီနံ စိုက်ဧရိယာ၏ ၅ဝ% ခန့်ကို လည်းကောင်း၊ ၂ဝ၅ဝ ပြည့်နှစ်တွင် ပီလောပီနံ စိုက်ဧရိယာ၏ ၇ဝ% မှ ၈ဝ% ခန့်ကိုလည်းကောင်း ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပါသည်။

     ဗီယက်နမ်နိုင်ငံသည် အဆိုပါနည်းစနစ်များကို အသုံးပြု၍ ၂ဝ၃ဝ ပြည့်နှစ်တွင် လတ်ဆတ် ပီလောပီနံ စုစုပေါင်းအထွက်ပမာဏ တန်ချိန် ၁၁.၅ သန်းမှ ၁၂.၅ သန်းအထိ ထွက်ရှိလျက် ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၂ ဘီလီယံအထိ ဝင်ငွေရရှိရန် ရည်မှန်းထားသည်။ ထို့အပြင် ၂ဝ၅ဝ ပြည့်နှစ် ၌ ပီလောပီနံတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂.၃ ဘီလီယံမှ ၂.၅ ဘီလီယံအထိ ရရှိနိုင်မည်ဟု မျှော်မှန်း ထားသည်။

      ဗီယက်နမ် အထွေထွေအကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ ဗီယက်နမ်နိုင်ငံသည် ၂ဝ၂၄ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း ပီလောပီနံ ၉၄၄.၉၃ တန် တင်ပို့လျက် ဒေါ်လာ ၄၃ဝ.၄၄ သန်းအထိ ဝင်ငွေရရှိခဲ့သဖြင့် ယခင်နှစ် ကာလတူထက် တန်ဖိုးအားဖြင့် ၁၅.၆% မြင့်တက်လာခဲ့ပါသည်။ ၂ဝ၂၄ ခုနှစ် မတ်လအတွင်း ပီလောပီနံပို့ကုန် ပျှမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ၄၅၁.၃ ဒေါ်လာနှုန်းဖြင့် ဖေဖော်ဝါရီလထက် ၁.၇% ပိုမိုခဲ့ပြီး ယခင်နှစ် မတ်လထက် ၁၈.၂% ကျော်ပိုမိုမြင့်တက်ခဲ့ပါသည်။ ၂ဝ၂၄ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း ပီလောပီနံ တင်ပို့မှု ပျှမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ၄၅၅.၅ ဒေါ်လာ ဖြစ်သဖြင့် ယခင်နှစ် ကာလတူထက် ၁၉.၅% မြင့်တက်ခဲ့ပါသည်။

      တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ပီလောပီနံများကို အများဆုံးဝယ်ယူတင်သွင်းလျက်ရှိ ပြီး စုစုပေါင်း ပီလောပီနံပို့ကုန်ပမာဏ၏ ၉၄.၂% ခန့်တင်သွင်းခဲ့ကာ တန်ဖိုးအားဖြင့် ၉၂% ခန့် ရှိခဲ့ပါသည်။ ပီလောပီနံသည် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များအနက် တန်ဖိုးအားဖြင့် ဒေါ်လာသန်း ထောင်ဂဏန်းအထိ ပထမဆုံးတင်ပို့နိုင်ခဲ့သည့် ဟင်းသီးဟင်းရွက်အမျိုးအစားတစ်ခုဖြစ်ပြီး ၂ဝ၂၃ ခုနှစ်တွင် ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၁.၃ ဘီလီယံ ဝင်ငွေရရှိခဲ့ပါသည်။

Source: Vietnam News, 27 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ