ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

မလေးရှားနိုင်ငံတွင် အစိုးရလုပ်ငန်းများ၌ တင်သွင်းလာသည့် ဆန်များကိုသာ အသုံးပြုမည်

     မလေးရှားနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့်ဆန်များကို ပြည်သူများ ပိုမို ဝယ်ယူရရှိနိုင်စေရေးအတွက် အစိုးရဌာနအဖွဲ့အစည်းများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ရဲဌာန၊ ကျောင်းများ၊ အဆောင်များနှင့် ဆေးရုံများတွင် ပြည်ပမှတင်သွင်းလာသောဆန်များကိုသာ အသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

    မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က အဆိုပါအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသော ဆန်များအစား ပြည်ပမှတင်သွင်းသောဆန်များကို အသုံးပြုကြမည်ဆိုပါက ပြည်သူ များသည် ပြည်တွင်းထွက်ဆန်များကို လုံလောက်စွာဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လယ်ယာထွက်ကုန် ဈေးကွက်ရှာဖွေရေး အာဏာပိုင်အဖွဲ့နှင့် လယ်သမားအဖွဲ့အစည်း အာဏာပိုင် ရုံးများသို့ ပြည်တွင်းရှိ ဆန်စက်များမှ ဆန်များကို ပေးသွင်းစေလျက် ပြည်သူများထံ ရောင်းချ သွားနိုင်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်သွားရန် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဝန်ကြီးဌာန၏ အထွေထွေ အတွင်းရေးမှူးအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

     ပြည်တွင်းဆန်ထုတ်လုပ်နိုင်မှုမှာ ကန့်သတ်ချက်ရှိပြီး လုံလောက်မှုမရှိသဖြင့် အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် ပြည်ပမှ တင်သွင်းသောဆန်များကိုသာ အသုံးပြုစေရေး ညွှန်ကြားချက် အသစ်တစ်ရပ် ထုတ်ပြန်ရန် လိုအပ်မည်ဟု နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီး Mohamad Sabu က ဆန်ဖြန့်ဖြူး ရောင်းချမှု လုပ်ငန်း၌ ပါဝင်ပတ်သက်မှုရှိသော မည်သည့် အစိုးရဌာနအဖွဲ့အစည်းမဆို ၁-၄-၂၀၂၄ နေ့မှ စတင်၍ တင်သွင်းသောဆန်များကိုသာ အသုံးပြုကြရမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

Source: Free Malaysia Today, 1 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ကော်ဖီတင်ပို့မှု တန်ချိန်ကျဆင်းသော်လည်း တန်ဖိုးတိုးတက်

     ကမ္ဘာ့ကော်ဖီဈေးကွက်၌ ရိုဘတ်စတာကော်ဖီစေ့ ဈေးနှုန်းများမြင့်တက်လျက်ရှိမှုနှင့်အတူ ၂၀၂၄ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယ၏ ကော်ဖီပို့ကုန် တင်ပို့မှု တန်ဖိုးမှာ စံချိန်အသစ်တင်ပြီး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

     အိန္ဒိယနိုင်ငံ၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကော်ဖီပို့ကုန်တင်ပို့မှုမှာ ၃၈၈၀၄၈ တန် ရှိပြီး ယခင်ဘဏ္ဍာနှစ်၌ တင်ပို့နိုင်မှု တန်ချိန် ၃၉၈၉၇၄ တန်အပေါ် ၂.၅% ခန့် လျော့ကျခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃ နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်လာခဲ့ကြောင်း၊ ဒေါ်လာငွေ တန်ဖိုးဖြင့် ၂၀၂၂-၂၃ ခုနှစ်တွင် ရရှိခဲ့သော ၁.၁၂ ဘီလီယံအပေါ် ၁၂.၅% တိုးတက်လျက် ဒေါ်လာ ၁.၂၆ ဘီလီယံ ရရှိခဲ့ ကြောင်း၊ အလားတူ အိန္ဒိယရူပီးငွေတန်ဖိုးဖြင့် ယခင်ဘဏ္ဍာနှစ်၌ တင်ပို့နိုင်မှု ရူပီး ၉၀၃၃ ကုဋေ အပေါ် ၁၆% တိုးတက်လျက် ၂၀၂၃-၂၄ ခုနှစ်တွင် ရူပီး ၁၀၄၉၁ ကုဋေအထိ ဝင်ငွေရရှိခဲ့ခြင်း ဖြစ် ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

     ဗီယက်နမ်နှင့် ဘရာဇီး တို့ကဲ့သို့သော ထိပ်တန်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများ၌  ထုတ်လုပ်မှုလျော့နည်းလျက် ရောင်းလိုအားကျဆင်းနေမှုအရ ကမ္ဘာ့ ရိုဘတ်စတာကော်ဖီ ဈေးနှုန်း များသည် ဆယ်စုနှစ် ၃ ခုအတွင်း အမြင့်မားဆုံးသို့ ရောက်ရှိနေခဲ့သည်။ ဤအခြေအနေ၌ ရိုဘတ်စတာ ကော်ဖီမျိုးကို ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်သော အိန္ဒိယနိုင်ငံအနေဖြင့် အခွင့် အလမ်းကို ရယူလုပ်ဆောင်နိုင်ခဲ့သည်။ အကျိုးဆက်အားဖြင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များသည် ကော်ဖီစေ့ ၁ တန်လျှင် ယခင်ဘဏ္ဍာနှစ်၌ ရူပီး ၂.၂၆ သိန်းခန့် ဈေးနှုန်းရရှိခဲ့ရာမှ ၂၀၂၃-၂၄ ခုနှစ် တွင် ၂၀% ခန့် မြင့်တက်လျက် ရူပီးငွေ ၂.၇ သိန်းကျော် နှုန်းထားကို ရရှိခဲ့ကြသည်။

       အိန္ဒိယ ကော်ဖီလုပ်ငန်းကြီးကြပ်မှုအဖွဲ့၏ အတွင်းရေးမှူးနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ K G Jagadeesha က အိန္ဒိယကော်ဖီအတွက် ဈေးကွက်ဈေးနှုန်း ကောင်းမွန်မှုနှင့်အတူ ဘရာဇီးနှင့် ဗီယက်နမ်တို့၌ ရောင်းလိုအားအပိုင်း ပြတ်လပ်မှုက ပို့ကုန်တိုးတက်စေရေးကို အထောက်အပံ့ပြုခဲ့ ကြောင်း၊ လွန်ခဲ့သော ၃ နှစ်အတွင်း အိန္ဒိယ၏ ကော်ဖီပို့ကုန် အရေအတွက် တိုးတက်လာခဲ့ရာတွင် အသင့်သောက်သုံးနိုင်သော ကော်ဖီထုတ်ကုန်များ တင်ပို့မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံသည် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံခန့်ရှိသော ကော်ဖီ တန်ချိန် ၃.၅ သိန်းကျော်ကို ပြည်ပသို့ တင်ပို့သည့်အပြင် ဈေးနှုန်းသက်သာမှုရှိသော ရိုဘတ်စတာကော်ဖီ များကို ပြည်ပမှတင်သွင်းလျက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ပြီး ပြန်လည်တင်ပို့ခြင်းကို လုပ်ဆောင်လျက်ရှိသည်။ အီတလီ၊ ဂျာမဏီ၊ ရုရှားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့သည် အိန္ဒိယ၏ ကော်ဖီတင်ပို့ရာ အဓိကဈေးကွက်နိုင်ငံများဖြစ်ကြသည်။

      ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကော်ဖီပို့ကုန်တန်ဖိုး တိုးတက်မှုမှာ ရိုဘတ်စတာကော်ဖီမှ အများဆုံးဖြစ်ပြီး ဘဏ္ဍာနှစ်၏ တတိယနှင့် စတုတ္ထ သုံးလပတ်ကာလများတွင် ဝယ်လိုအား အထူးကောင်းမွန်လျက် တင်ပို့မှုမှာလည်း ပိုမိုများပြားခဲ့ကြောင်းဖြင့် အိန္ဒိယကော်ဖီပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ Ramesh Rajah က ပြောဆိုခဲ့သည်။

    အိန္ဒိယနိုင်ငံတွင် တောင်သူများက ရောင်းချသော ရိုဘတ်စတာကော်ဖီ ဈေးနှုန်းများသည် ကမ္ဘာ့ဈေးကွက်၌ ဈေးနှုန်းမြင့်တက်မှုကို လိုက်ပါလျက် လွန်ခဲ့သော သီတင်းပတ်များအတွင်း အာရေးဗီးကား‌ကော်ဖီ၏ ဈေးနှုန်းအထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည်။ ပြုပြင်သန့်စင်ပြီးသော အခွံမာ (parchment) ပါရှိသည့် ရိုဘတ်စတာကော်ဖီစေ့၏ စိုက်ခင်းအတွင်း ဈေးနှုန်းများသည် ၅၀ ကီလိုဂရမ်ဝင် ၁ အိတ်လျှင် ရူပီး‌ငွေ ၁၄၀၀၀ မှ ၁၄၅၀၀ အတွင်းရှိပြီး ပြုပြင်ခြင်း မပြုရသေးသော ခူးဆွတ်ပြီး ရိုဘတ်စတာ ချယ်ရီသီးများမှာ ၁ အိတ်လျှင် ရူပီး‌ငွေ ၈၅၀၀ မှ ၈၉၅၀ အတွင်းနှုန်းထား ဖြင့် ရောင်းချလျက်ရှိသည်။ အာရေးဗီးကား‌ ချယ်ရီသီး၏ ဈေးနှုန်းသည် ၁ အိတ်လျှင် ရူပီး‌ ၈၀၀၀ မှ ၈၃၀၀ အတွင်း၌ လည်းကောင်း၊ ပြုပြင်သန့်စင်ပြီး အခွံမာပါရှိသည့် အာရေးဗီးကား‌ကော်ဖီ၏ ဈေးနှုန်းသည် ၁ အိတ်လျှင် ရူပီး‌ ၁၃၉၀၀ မှ ၁၄၃၀၀ အတွင်းနှုန်းထားဖြင့် လည်းကောင်း ရောင်းချ လျက်ရှိသည်။

 လန်ဒန်ကြိုရောင်းစတော့ဈေးကွက်၌ အခွံမာ AB အဆင့်ရှိသည့် အိန္ဒိယ ရိုဘတ်စတာ ကော်ဖီ ၁ တန်လျှင် ပေးသွင်းရမည့် အာမခံကြေး (premium) သည် ဒေါ်လာ ၇၀၀ မှ ၇၅၀ အတွင်း ရှိပြီး ရိုဘတ်စတာ ချယ်ရီသီးအတွက်မှာမူ ၁ တန်လျှင် ပေးသွင်းရမည့် အာမခံကြေးမှာ ဒေါ်လာ ၃၅၀ မှ ၄၀၀ အတွင်းရှိကြောင်း သိရှိရသည်။

 အိန္ဒိယနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှု နောက်ဆုံးခန့်မှန်း တန် ချိန် ၃.၅၂ သိန်းထက် ပိုမိုလျက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်သည့် ၂၀၂၃-၂၄ သီးနှံ ရာသီနှစ်အတွင်း တန်ချိန် ၃.၇၄ သိန်းခန့် ထုတ်လုပ်နိုင်မည်ဟု အိန္ဒိယ ကော်ဖီလုပ်ငန်း ကြီးကြပ်မှု အဖွဲ့က ၎င်း၏ ကော်ဖီပန်းပွင့်ချိန်နောက်ပိုင်း ခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။

Source: The Hindu Business Line, 2 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်အထွက်နှုန်း ဇန်နဝါရီလမှ ဧပြီလအထိ ကျဆင်းမည်ဟု ခန့်မှန်းထား

      ဇန်နဝါရီလမှ ဧပြီလအထိ ရိတ်သိမ်းကာလတွင် အင်ဒိုနီးရှားဆန်စပါးအထွက်နှုန်းသည် ခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့် ၁.၃၉ ရာခိုင်နှုန်း အထိကျဆင်းသွားကြောင်း ကိန်းဂဏန်းစာရင်းအင်းဗျူရိုမှ မတ်လ (၁) ရက်တွင် ဖော်ပြထားပါသည်။ ပြီးခဲ့သည်နှစ်ထက် ၁၇.၅၂ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟုလည်း ခန့်မှန်းထားကြသည်။

     အရှေ့တောင်အာရှနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စပါးတန်ချိန် ၃၁.၁သန်း ထုတ်လုပ် ခဲ့ကြောင်း အင်ဒိုနီးရှားစာရင်းအင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီလမှ ဧပြီလအထိ စပါးအထွက်နှုန်းခန့်မှန်းခြေမှာ ၁၀.၇ သန်းခန်ရှိပြီး ယခင်နှစ်ထက် ၁၃ သန်းကျဆင်းခဲ့သည်။

      ၂၀၂၃ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အယ်နီညို ရာသီဥတုအခြေအနေကြောင့် လယ်သမားအချို့ စိုက်ပျိုးရေးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကာ ၂၀၂၄ ဇန်နဝါရီလမှ ဧပြီလအ ထိ စပါးထုတ်လုပ်သောနယ်ပယ်ဒေသများမှာ ၁၆ ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ဟု ခန့်မှန်း ကြသည်။

     ထိုသို့ စပါးအထွက်နှုန်းနည်းပါးခြင်းကြောင့် စပါးလက်လီစျေးတက်ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများ၏ ဖေဖော်ဝါရီလခေါင်းကြီးပိုင်း ငွေကြေးဖောင်းပွမှုနှုန်းကို ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။

      စာရင်းအင်းများအရ စပါးအဆင့်အားလုံးအတွက် အကျုံးဝင်သောလက်လီ ဆန်စျေးနှုန်း အညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် တစ်ကီလိုလျှင် အင်ဒိုနီးရှား ရူပီယာ ၁၅၁၅၇ (စင်ကာပူဒေါ်လာ ၁.၃၀) ဖြင့် အမြင့်ဆုံးစံချိန်တင်လျက်ရှိသည်။

 

Source : The business Times   

DOCA(ရန်ကုန်)

 

ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှု ကမ္ဘာစျေးကွက်တွင် အားကောင်းလာ

      ၂၀၂၃ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ပုစွန်တင်ပို့မှုအားနည်းချက်ကို ဖော်ထုတ်ခဲ့ပြီးနောက် ၂၀၂၄ခုနှစ်၏ ပထမသုံးလပတ်တွင် ဗီယက်နမ်နိုင်ငံပုစွန်လုပ်ငန်းသည် အဓိကစျေးကွက်များသို့ တင်ပို့မှုတိုးတက်လာခဲ့သည်။

       ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ပုစွန်တင်ပို့မှုသည် ဇန်နဝါရီလမှ မတ်လအတွင်း အမေရိကန်‌‌ဒေါ်လာသန်း ၆၂၀ခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၄%မြင့်လာခဲ့သည်။ အမရိကန်နှင့် တရုတ်စျေးကွက်များသို့ တင်ပို့‌ရောင်းချမှုမှ ဝင်ငွေသည် ၂၆%နှင့် ၁၄၀% အသီးသီးတိုးတက်လာမည်ဟုခန့်မှန်းထားသည်။

      တရုတ်စျေးကွက်နှင့်ပတ်သက်၍ ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများအသင်း (VASP) မှ Kim Thu ကတရုတ်နိုင်ငံသည် ၄င်းတို့ထံသို့ တင်သွင်းမှုအများဆုံးဖြစ်သော အီကွေ‌‌‌‌ဒေါနိုင်ငံမှ ပုစွန်တင်သွင်းမှုကို လျှော့ချခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ပုစွန်တင်သွင်းမှုကို တိုးမြှင့်ခဲ့ကြောင်းပြောကြားခဲ့သည်။ အဆိုပါစျေးကွက်တွင် ဗီယက်နမ်သည် ပြိုင်ဘက်ရောင်းချသူများ ဖြစ်‌‌သော အီကွေဒေါ၊ အိန္ဒိယတို့နှင့် စျေးနှုန်းချင်းယှဥ်ပြိုင်ရသော်လည်း တရုတ်ဝယ်လက်အများအပြားက ဗီယက်နမ်ပုစွန်များကိုသာ အရည်အသွေးမြင့်သည်ဟုယူဆထားသည်။

      ပုစွန်လုပ်ငန်းကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံအနေဖြင့်လည်း စျေးကွက်အတွင်း ပင်လယ်စာရောင်းချမှုမှာ ငွေကြေးဖောင်းပွမှုနှင့် ပြည်သူများသုံးစွဲမှုတင်းကြပ်ခြင်းကြောင့် ၂၀၂၃ခုနှစ်တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်ခဲ့ရပြီး ၂၀၂၄ခုနှစ်တွင် တည်ငြိမ်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။ အိန္ဒိယ၊ အီကွေ‌‌ဒေါ၊ တရုတ်နှင့် အမေရိကန်တို့၏ အဓိကပုစွန်ရောင်းချသူတချို့နှင့်နှိုင်းယှဥ်ပါက အထူးသဖြင့် ဗီယက်နမ်နှင့် အမေရိကန်ကြား သံတမန်ဆက်ဆံရေးကောင်းမွန်လာချိန်တွင် ဗီယက်နမ်သည် ပိုမိုအလားအလာကောင်းသည်ဟုယူဆပါသည်။

     VASEP ၏ကိုယ်စားလှယ်တစ်ဦး၏ အဆိုအရ တန်ဖိုးထပ်တိုးပြုပြင်ထားသော ပုစွန်ကုန်သည်များသည် နှစ်စဥ် ပုစွန်တင်ပို့မှုစုစုပေါင်းတန်ဖိုး၏ (၄၀-၄၅) ရာခိုင်နှုန်းအထိရှိသည်။ ဗီယက်နမ်ပုစွန်လုပ်ငန်း၏ စီမံဆောင်ရွက်မှုအဆင့်သည် ကမ္ဘာပေါ်တွင် မြင့်မားသောအဆင့်တွင်ရှိပြီး ယင်းသည် ဂျပန်စျေးကွက်ရှိ ဗီယက်နမ်ပုစွန်များ၏ ယှဥ်ပြိုင်မှုအားသာချက်တစ်ခုဖြစ်သည်ဟုဆိုသည်။

       သို့သော်လည်း အခြားနိုင်ငံများမှာ ပြိုင်ဆိုင်မှုပြင်းထန်နေဆဲဖြစ်သောကြောင့် ယင်းကဏ္ဍကို ဆက်လက်ကြိုးပမ်းရန် အကြံပြုထားသည်။

       VASEP ဥက္ကဋ္ဌဟောင်း Ho Quoc Luc ၏အဆိုအရ ဗီယက်နမ်ပုစွန်ထွက်ကုန်များသည် အရည်အသွေးကောင်းမွန်သော်လည်း စျေးနှုန်းများမှာ မြင့်မားနေသေးလျက်ရှိသည်။

      ထို့ကြောင့် သက်ဆိုင်ရာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးထိန်းသိမ်းရန်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချရန် အကြုံပြုထားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံးစီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံရပ်တည်

      တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရှစ်နှစ်ဆက် ရပ်တည်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီလျမ်က ၂၁.၃.၂၀၂၄ တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ စီးပွားရေးမှာ စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပို့မှုကွင်းဆက်နှင့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာကြီးက ခွဲခြား၍မရကြောင်းနှင့် တရုတ် နိုင်ငံမပါဝင်ဘဲ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ကြောင်း သံအမတ်ကြီးက ဆက်လက် ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့်အတွက် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရင်းအမြစ် ဖြစ်ပေါ် လာလျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံစာရင်းအင်း အာဏာပိုင်အဖွဲ့၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာ အရ ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း ပို့ကုန်သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၈% လျှော့ကျခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံနှင့် အခြားမိတ်ဖက် ကုန်သွယ် ဖက်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏလျော့ကျခဲ့သော်လည်း တရုတ်-ဖိလစ်ပိုင် ကုန်သွယ်မှု ပမာဏမှာ ၂၀၂၃ တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂.၇% တိုးတက်လာကြောင်း သိရပါသည်။ မူတညီသည့် နိုင်ငံရေးစနစ်နှင့် အခြေအနေများ တည်ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တူသညီသည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များနှင့် တစ်နိုင်ငံအားသာချက်ကို တစ်နိုင်ငံက မှီတည်ကာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အလားအလာရှိနေကြောင်း သိရပါသည်။

Source : The Malina Times

DOCA(ရန်ကုန်)

 

ဝန်ကြီးချုပ်၏ ကမ္ဘာလှည့်ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်များအပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်ရရှိရန် ထိုင်းနိုင်ငံမျှော်မှန်း

     ဝန်ကြီးချုပ် မစ္စတာ ဆရတ်သာ၏ ကမ္ဘာလှည့်ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်များကြောင့် ထိုင်းနိုင်ငံသည်လာမည့် သုံးနှစ်တာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များမှ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရရှိရန်မျှော်လင့်လျက်ရှိပါသည်။ ဘတ် ၂၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၇၆ ဘီလီယံ)ခန့်သည် နိုင်ငံတော်၏ မော်တော်ယာဉ်စက်မှုနယ်ပယ်သို့ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာနိုင်ပြီး တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများ ကလည်း အရှေ့တောင်အာရှ၏ ဒုတိယမြောက်စီးပွားရေးအင်အားအကြီးမားဆုံး ထိုင်းနိုင်ငံကို ထုတ်လုပ်မှုကွင်းဆက်အနေဖြင့် ထားရှိရန် မျှော်မှန်းလျက်ရှိကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးကပြောကြားခဲ့ပါသည်။ နည်းပညာကုမ္ပဏီများကလည်း အချက်အလက်စင်တာနှင့် Cloud ဝန်ဆောင်မှုများတွင် ဘတ် ၂၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း သိရပါသည်။ ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၏ ထုတ်လုပ်မှုကွင်းဆက်အနေဖြင့် ပထမဆုံးရင်းနှီးမြှုပ်နှံကြရန်လည်း ထိုင်းနိုင်ငံက မျှော်လင့်လျက်ရှိပါသည်။ ဝန်ကြီးချုပ် မစ္စတာ ဆရတ်သာ သည် စက်တင်ဘာလတွင် ရာထူးစတင်ယူပြီးချိန်မှစ၍ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ အလည်အပတ် ခရီးသွားရောက်ခဲ့ပြီး ကုမ္ပဏီ ပေါင်း ၆၀ ကျော်မှ ထိပ်တန်းအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

Source : The Business Times

DOCA(ရန်ကုန်)

 

ပြည်ပဆန်သတင်း (၂၁-၃-၂၀၂၄ မှ ၂၈-၃-၂၀၂၄ အထိ)

       ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၅ ဖြင့် လည်းကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့်လည်းကောင်း ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ  ၆၀၆ ဖြင့် စျေးနှုန်း အနည်းငယ်ကျဆင်းလျက် ရှိကြောင်း သိရှိရသည်။

       ဗီယက်နမ် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၆ ဖြင့် လည်း ကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၂ ဖြင့် ဈေးအနည်းငယ် ကျဆင်းသွားပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်းမရှိပါ။

        အိန္ဒိယဆန်စျေးနှုန်းများမှာ ၅ မှတ် ဆန်နှင့် ၂၅ မှတ်ဆန် ဈေးနှုန်း ဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၅ ဖြင့် စျေးနှုန်း မြင့်တက်နေကြောင်း သိရှိရပါသည်။

       ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ ဖြင့် ဈေး အနည်းငယ်မြင့်တက်သွားပြီး ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၂ ဖြင့် ဈေးနှုန်း ကျဆင်းလျက်ရှိပြီး ပေါင်းဆန်စျေးနှုန်းမှာအမေရိကန်ဒေါ်လာ ၆၂၂ ဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ဆန်ကွဲ စျေးနှုန်း ဖော်ပြထားခြင်း မရှိပါ။

 

DOCA(ရန်ကုန်)

အိန္ဒိယမှ ဆန်တန်ချိန် ၅ သိန်း ဝယ်ယူရရှိနိုင်ရန် မလေးရှားကြိုးပမ်း

      မလေးရှားနိုင်ငံအစိုးရသည် အိန္ဒိယနိုင်ငံမှ နောက်ထပ် ဆန်တန်ချိန် ၅၀၀၀၀၀ ကို ရောင်းချ ပေးရန် တောင်းဆိုထားသည်ဟု မလေးရှား လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီး Datuk Seri Mohamad Sabu က ပြောဆိုခဲ့ကြောင်း The Sun မလေးရှားသတင်းဌာနက ဖော်ပြပါသည်။

     မလေးရှားနိုင်ငံသို့ ၂ ရက်တာ အလုပ်သဘော ခရီးရောက်ရှိနေသော အိန္ဒိယပြည်ပရေးရာ ဝန်ကြီး Dr S. Jaishankar မှ မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim ထံ လာရောက်တွေ့ဆုံခဲ့အပြီး ၂၇-၃-၂၀၂၄ နေ့၌ သတင်းထုတ်ပြန်ရာတွင် စားနပ်ရိက္ခာဝန်ကြီး Mohamad က မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၇၀၀၀၀ တင်ပို့ရောင်းချပေးရန် အိန္ဒိယအစိုးရ၏ ခွင့်ပြုထားရှိမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ နောက်ထပ် ဆန်တန်ချိန် ၅၀၀၀၀၀ ရောင်းချပေးရန် အတွက်လည်း သံတမန်ဆက်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယအစိုးရထံသို့ တရားဝင်စာ ပေးပို့တောင်းဆိုမည်ဖြစ်ကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်လည်း ကြက်သွန်နီ တန်ချိန် ၁၀၀၀၀၀ ကို အစိုးရချင်း ညှိနှိုင်းမှုအစီအစဉ်ဖြင့် ရောင်းချပေးရန် အိန္ဒိယနိုင်ငံသို့ တရားဝင်စာပေးပို့ မေတ္တာရပ်ခံထားရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ကဏ္ဍတွင် မလေးရှားနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းခိုင်မာစွာ ဆက် လက်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ထားကြောင်းဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

      နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု သင်္ကေတအဖြစ် ယခင်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူ တန်ချိန် ၁၇၀၀၀၀ အား မလေးရှားနိုင်ငံသို့ တင်ပို့ရန် အိန္ဒိယ အစိုးရက ခွင့်ပြုထားခဲ့သည်။     မလေးရှား လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီး Datuk Seri Mohamad Sabu ၏ ပြောကြားချက်အရ မလေးရှားနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၌ ကုန်သွယ်မှုမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကာလအတွင်း တန်ဖိုးအားဖြင့် မလေးရှားရင်းဂစ် ငွေ ၁၉.၄၂ ဘီလီယံရှိကြောင်း သိရှိရသည်။

Source: The Sun, 27 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီတင်ပို့မှုကို ဆက်လက်တားမြစ်ပိတ်ပင်မည်

     အိန္ဒိယနိုင်ငံတွင် ပြည်ပသို့ ကြက်သွန်တင်ပို့ခြင်းကို ၃၁-၃-၂၀၂၄ နေ့အထိ တားမြစ်ပိတ်ပင်ထားရှိရာ ထိုသို့ ပိတ်ပင်ထားရှိမှုကို အဆိုပါနေ့ရက်နောက်ပိုင်းတွင်လည်း နောက်ထပ်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီ အချိန်အထိ ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဌာနက ၂၂-၃-၂၀၂၄ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

     လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇန်နဝါရီလအထိ အိန္ဒိယ၏ ကြက်သွန်နီတင်ပို့မှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၄၃၁.၇၈ သန်းရှိပြီး ၎င်းပမာဏတွင် ဘင်္ဂလား‌ဒေ့ရှ်သို့ တင်ပို့မှု တန်ဖိုး ဒေါ်လာ ၁၈၇.၅ သန်းနှင့် သီရိလင်္ကာသို့ တင်ပို့မှုတန်ဖိုး ဒေါ်လာ ၄၈.၁၂ သန်း အသီးသီး ပါဝင်ခဲ့သည်။

      အိန္ဒိယအစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ မှစတင်၍ ချမှတ်ခဲ့ပြီး ပြည်ပနိုင်ငံ အစိုးရများမှ တောင်းဆိုလာပါက ဗဟိုအစိုးရ၏ ခွင့်ပြုချက်ဖြင့် တင်ပို့ခြင်းကိုမူ ခွင့်ပြုထားခြင်းဖြစ်သည်။ မတ်လအစောပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီ တန်ချိန် ၅၀၀၀၀ နှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ ကြက်သွန်နီ ၁၄၄၀၀ တန်တို့ကို အမျိုးသားသမဝါယမပို့ကုန်လီမိတက်မှတစ်ဆင့် တင်ပို့ရန် အစိုးရက ခွင့်ပြုခဲ့သည်။

     ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်းများ ကြီးမြင့်နေမှုကို ထိန်းချုပ်ဆောင်ရွက်မှုအဖြစ် အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကြက်သွန်နီတင်ပို့မှုအပေါ် အခွန် ၄၀% ကောက်ခံရန် ယခင်နှစ် ဩဂုတ်လ၌ ချမှတ်ခဲ့သည်။ ထို့အပြင် ၂၈-၁၀-၂၀၂၃ နေ့မှ ၃၁-၁၂-၂၀၂၃ နေ့အထိ ကာလအတွင်း ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်ကို ၁ တန်လျှင် ဒေါ်လာ ၈၀၀ နှုန်း ချမှတ်ထားရှိခဲ့သည်။

Source: Economic Times, 24 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ တင်ပို့မှုကျဆင်းခြင်းက ပြည်တွင်းထောက်ပံ့မှုအပေါ် သက်ရောက်မှုဖြစ်စေနိုင်

     အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထွက်ကုန်များ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကျဆင်းသွားခဲ့ပြီး ပြည်ပရောင်းချခွင့် ခွဲတမ်းများနှင့် ပြည်တွင်းသုံးစွဲခွင့် ခွဲတမ်းများအား စည်းနှောင်ချိတ်ဆက်ထားသည့် အခြေအနေများကြောင့် ပြည်တွင်း၌ စားသုံးဆီ လျော့နည်းနိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာကြောင်း The Jakarta Post သတင်းဌာနက ရေးသားဖော်ပြပါသည်။

     ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ဇန်နဝါရီလတွင် စားအုန်းဆီ တန်ချိန် ၁.၈၉ သန်းနှင့် ဖေဖော်ဝါရီလတွင် တန်ချိန် ၁.၀၁ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်များအတွင်း တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက လစဉ်ပျမ်းမျှအဆင့်ထက် လျော့နည်းခဲ့ကြောင်း၊  စားအုန်းဆီဝယ်လိုအားသည် ပဲပုပ်ဆီနှင့် မုန်ညင်းဆီ ကဲ့သို့သော ပြိုင်ဘက်စားသုံးဆီများနှင့် နှိုင်းယှဉ်ပါက စျေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျသည့် အခြေအနေကြောင့် စားအုန်းဆီကဏ္ဍအတွက် ထိခိုက်နစ်နာမှုရှိခဲ့ပါကြောင်း၊ တင်သွင်းသည့်နိုင်ငံများသည် အခြားစားသုံးဆီအမျိုးအစား များကို ပိုမိုရွေးချယ်လာကြကြောင်းဖြင့် အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ Mr. Bambang Wisnubroto က အပတ်စဉ် ဈေးနှုန်းဖောင်းပွမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တစ်ရပ်၌ ပြောကြားခဲ့ကြောင်း သိရပါသည်။

       ပြည်ပတင်ပို့မှု လျော့နည်းလာခြင်းက အစိုးရ၏ စျေးနှုန်းသက်သာသော ဟင်းချက်ဆီ ရောင်းချပေးမှု အစီအစဉ်သို့ မဖြစ်မနေ ရောင်းချပေးရမည့် စားအုန်းဆီပမာကို ကျဆင်းစေသဖြင့် ဝင်ငွေနိမ့်ကျသော အင်ဒိုနီးရှားစားသုံးသူများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ Mr. Bambang နှင့် သမ္မတရုံးမှ အရာရှိတစ်ဦးတို့က အဆိုပါအစည်းအဝေး၌ သတိပေးပြောဆိုခဲ့ကြပါသည်။

       အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် အစိုးရ၏ ပြည်တွင်း စားအုန်းဆီစျေးကွက်အတွက် ရောင်းချပေးရန် တာဝန်ရှိခြင်း (Domestic Market Obligation - DMO) အစီအစဉ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမည့် ပမာဏအပေါ် အခြေခံ၍ ပြည်ပသို့ စားအုန်းဆီတင်ပို့ခွင့် ခွဲတမ်းများကို ခွဲဝေရရှိခြင်းဖြစ်သည်။ ပို့ကုန်လုပ်ငန်းရှင် သည် DMO အစီအစဉ်သို့ ပေးသွင်းသည့်ခွဲတမ်း၏ ၄ ဆ အထိကို တင်ပို့ခွင့်ရရှိကြောင်း၊  အစိုးရ သည် DMO အစီအစဉ်သို့ လစဉ် စားအုန်းဆီ တန်ချိန် ၃ သိန်း ရောင်းချပေးစေရေး ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

      စားအုန်းဆီ ကုမ္ပဏီများသည် ပို့ကုန်တင်ပို့မှုကာလ ၂ လခွဲခန့်နှင့် ညီမျှသော ပို့ကုန်ခွဲတမ်း တန်ချိန် ၅.၅၈ သန်းခန့်ကို တင်ပို့ရန် ကျန်ရှိနေကြောင်း  ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။ ပို့ကုန်ခွဲတမ်း လိုအပ်ချက နည်းပါးလျက် တင်ပို့မှုလျော့နည်းလာခြင်းကြောင့် DMO အတွက် ရောင်းချ‌ပေးရမည့် စားအုန်းဆီ ပမာဏသည်လည်း လိုက်ပါလျော့ကျဖွယ် ရှိပါသည်။

      အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်း စားအုန်းဆီ စျေးကွက်အတွက် ရောင်းချပေးရန် တာဝန်ရှိခြင်း (DMO) ဟူသည့် စားအုန်းဆီခွဲတမ်းကို ပို့ကုန်ခွဲတမ်းနှင့် ချိတ်ဆက်မည့်အစား ထုတ်လုပ်မှုအပိုင်းနှင့် ပြောင်းလဲချိတ်ဆက် ဆောင်ရွက်ရန် အစိုးရအစည်းအဝေးတွင် အဆိုပြု ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံး၏ အမှုဆောင်အရာရှိ Mr. Edy Priyono က ပြောဆိုခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: The Jakarta Post, March 25, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ