ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အမေရိကန်နိုင်ငံ၌ ဆယ်မိုနဲလား အန္တရာယ်ကြောင့် သီဟိုဠ်စေ့ထုတ်ကုန်အချို့ ပြန်လည် သိမ်းဆည်း

      အမေရိကန်နိုင်ငံ၌ Trader Joe ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသည့်  ဆားဖြင့်လှော်ထားသော သီဟိုဠ်စေ့ထုပ်များအနက် တစ်ထုပ်တွင် ဆယ်မိုနဲလား ဘက်တီးရီးယား ပါဝင်မှုရှိသည်ကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့အပြီး ဈေးကွက်အတွင်းမှ သီဟိုဠ်စေ့ထုပ်များကို ပြန်လည်သိမ်းဆည်းနေရကြောင်း CBS သတင်းဌာန၏ ၁၉-၃-၂၀၂၄ နေ့ ဖော်ပြချက်အရ သိရှိရပါသည်။

      ယခုလအတွင်း Trader Joe ကုမ္ပဏီ၏ ဈေးကွက်အတွင်းမှ သီဟိုဠ်စေ့ထုပ်များ ပြန်လည်သိမ်းဆည်းမှုမှာ ဒုတိယမြောက်ဖြစ်ပြီး မတ်လ အစောပိုင်းကလည်း အလေးချိန်အားဖြင့် ပေါင် ၆၁ဝဝဝ ကျော်ရှိသော ကြက်သားဖက်ထုပ်ပေါင်း  အထုပ်များတွင် ပလပ်စတစ်အမာစများ ပါဝင်နိုင်သည့်အလား အလာများရှိနေခြင်းကြောင့် အဆိုပါပစ္စည်းများကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းခဲ့ရပါသည်။

    ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခဲ့သော သီဟိုဠ်စေ့ထုပ်များကို ကယ်လီဖိုးနီးယား ပြည်နယ်၊ Dublin မြို့အခြေစိုက် Wenders LLC က Trader Joe ကုမ္ပဏီအတွက် သီးသန့်ထုပ်ပိုး၍ ဖြန့်ချီပေးခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း ၁၆ ခု၌ ရောင်းချခဲ့ခြင်းဖြစ် သည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့၏ ကြေညာချက်အရ အဆိုပါ ပြည်နယ်များတွင် သီဟိုဠ်စေ့ကြောင့် နာမကျန်းဖြစ်မှု အစီရင်ခံတင်ပြခြင်းမရှိသေးကြောင်း သိရှိရ ပါသည်။ Trader Joe ကုမ္ပဏီ၏ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းသည့် ကြေညာလွှာ တစ်ခုတွင် ဝယ်ယူသူများအနေဖြင့် အိတ်ပေါ်တွင် 37884 SKU နံပါတ်နှင့်အတူ ကုန်ထုတ်လုပ်မှု အမှတ်စဉ်နံပါတ်များ ဖြစ်သည့် T12139 ၊ T12140 ၊ T12141 နှင့် T12142 တို့ပါဝင်ပြီး အိန္ဒိယ သို့မဟုတ် ဗီယက်နမ်နိုင်ငံတို့ကို ပင်ရင်းနိုင်ငံအဖြစ် ဖော်ပြထားသော သီဟိုဠ်စေ့များကို ဝယ်ယူခဲ့ ပါက စွန့်ပစ်ခြင်း သို့မဟုတ် Trader Joe ကုမ္ပဏီ၏ မည်သည့်ရုံးခွဲတွင်မဆို ပြန်လည်ပေးပို့လျက် ပြန်အမ်းငွေ အပြည့်အဝရယူခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားပါသည်။

   ဆယ်မိုနဲလားသည် လူနှင့်တိရစ္ဆာန်တို့၏ အူလမ်းကြောင်းကို ဒုက္ခဖြစ်စေသည့် ဘက်တီး ရီးယားပိုးတစ်မျိုးဖြစ်ပြီး ဆယ်မိုနဲလားအဆိပ်သင့်ပါက အသက် (၅) နှစ်အောက် ငယ်ရွယ်သူ ကလေးများ၊ အသက်ကြီးသူများနှင့် ခုခံအားစနစ်နည်းသူများကို ပြင်းထန်စွာနာမကျန်းဖြစ်စေ နိုင်ကြောင်း၊ ဆယ်မိုနဲလားပါဝင်သော အစားအစာကို စားသုံးမိပါက ၁၂ နာရီမှ ၃ ရက်အတွင်း ဝမ်းသွားခြင်း၊ ဖျားနာခြင်းနှင့် ဗိုက်နာဗိုက်အောင့်ခြင်း စသည့် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ် လေ့ရှိကြောင်း သိရှိရပါသည်။

     အမေရိကန်နိုင်ငံ၌ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သော ဆယ်မိုနဲလား အဆိပ်သင့်မှုဖြစ်စဉ် တွင် ပြည်နယ် ၂၂ ခု၌ လူဦးရေ ၇၃ ဦးတို့မှာ နာမကျန်းဖြစ်ခဲ့ကြပြီး ၁၅ ဦးမှာ ဆေးရုံတက်ရောက် ကုသခဲ့ရသည်။ ၎င်းဖြစ်စဉ်သည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ စားသောက်ကုန်ထုတ်လုပ်ငန်း တစ်ခုမှ ရောင်းချခဲ့သည့် အသင့်သုံးစွဲနိုင်သော လှီးဖြတ်ထုပ်ပိုးပြီး ကြက်သွန်နီများနှင့် ဆက်နွယ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ရက်သတ္တပတ်တွင်လည်း ပြည်နယ်ပေါင်း ၃ဝ ၌ Walmart ဆိုင်များနှင့် အွန်လိုင်းတို့မှ တစ်ဆင့်ရောင်းချခဲ့သော သီဟိုဠ်စေ့များ၌ John B Sanfilippo & Son မှထုတ်လုပ်သည့် ဓာတ်မတည့်စေသော အမည်မသိနို့နှင့် အုန်းသီးပါဝင်မှုတို့ကြောင့် ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း သိရှိရပါသည်။

Source: CBS News, 19 March, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အထွက်နည်းပါးမှုအရ ဗီယက်နမ်သရက်သီး ဈေးနှုန်းများမြင့်တက်

     ဗီယက်နမ်နိုင်ငံ၌ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် စိုက်ပျိုးထားသော သရက်သီးများသည် စူပါမားကတ်များနှင့် ပို့ကုန်ဈေးကွက်များတွင် ဝယ်လိုအားများသည့်အပြင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ရောင်းလိုအားနည်းပါးလာသည့်အတွက် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

       ဗီယက်နမ်သရက်သီးဈေးနှုန်းများသည် ယခင်နှစ်ကထက် ၂၀% ဈေးတက်ခဲ့ပြီး သုံးရောင် ခြယ်သရက်သီးတစ်ကီလိုလျှင် ဗီယက်နမ်‌ဒေါင် ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၀.၆) နှင့် Hoa Loc သရက်သီး တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၃၀၀၀၀ မှ ၃၃၀၀၀ အထိရှိကြောင်း An Giang ပြည်နယ်ရှိ သရက်စိုက်တောင်သူတစ်ဦးဖြစ်သူ Hoang က ပြောကြားခဲ့သည်။

     ထူးခြား၍ ပူပြင်းသည့် ရာသီဥတုကြောင့် သရက်ခြံ တစ်ဟက်တာ၏ သရက်သီး အထွက် နှုန်းသည် ယခင်ထက် ယခုနှစ်အထွက်နှုန်းမှာ ၃၀% လျော့နည်းသော်လည်း စိုက်ပျိုးသူများ အတွက် အမြတ်ငွေ ဗီယက်နမ်ဒေါင် သန်း ၈၀ မှ သန်း ၁၂၀ အထိ ဝင်ငွေရရှိနေကြောင်း သိရှိ ရသည်။

    အဝါရောင်ရှိသော Cat Chu ဟု အမည်ခေါ်ဆိုသည့် သရက်သီးများအား ဗီယက်နမ်ရှိ စူပါမားကတ်များနှင့် အမေရိကန်နှင့် နယူးဇီလန်ကဲ့သို့ နိုင်ငံများတွင် နှစ်သက်သဘောကျကြောင်း Dong Thap ပြည်နယ်မှ လယ်သမားတစ်ဦးဖြစ်သူ Thang က ပြောကြားခဲ့သည်။ အဆိုပါ သရက်သီး အမျိုးအစားသည် သေးငယ်၍ချိုပြီး အခြားသရက်သီး အမျိုးအစားများကဲ့သို့ အမျှင် မပါသည့်အတွက် စားသုံးသူများအကြားတွင် လူကြိုက်များသော သရက်သီးဖြစ်ကြောင်း သိရှိရ သည်။

    သီးနှံများသည် ရိုးရာဈေးများတွင် ရောင်းချခြင်းထက် စူပါမားကက်များတွင် ဈေးပိုမို ရရှိ သောကြောင့် ယခုနှစ်၏ မတ်လမှ ဇွန်လအထိ သီးနှံများသည် အမြတ်အစွန်းများစွာ ရရှိခဲ့ကြောင်း၊ ပျမ်းမျှအားဖြင့် သစ်သီးဝလံအသင်း အဖွဲ့ဝင်များသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင် ၂၀၀၀ မှ ၄၀၀၀ ကြား အမြတ်ငွေ ရရှိခဲ့ကြောင်း သရက်သီးစိုက်ပျိုးသော အိမ်ထောင်စု ၆၀၀ ရှိသည့် An Giang ပြည်နယ်ရှိ သစ်သီးဝလံအသင်း (GAP Cho Moi Fruit Cooperative) မှ ဒါရိုက်တာဖြစ်သူ Tran Quang Truong An က ပြောကြားခဲ့သည်။

    ယခုနှစ်တွင် တန်းမြင့်သရက်သီးများ၏ စျေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ဈေးငြိမ်လျက်ရှိသဖြင့် ပြည်ပတင်ပို့ခြင်းအပြင် ပြည်တွင်းရှိ စူပါမားကတ်များတွင်လည်း အရောင်းမြှင့်တင်လျက် ရှိကြောင်း၊ ယင်းသရက်သီးများသည် ဆိုင်ငယ်များတွင်ကဲ့သို့ ဈေးနှုန်း မတည်ငြိမ်မှုဖြစ်ပေါ်ခြင်း မရှိကြောင်း၊ သရက်သီးများအား မတ်လအစောပိုင်းတွင် စတင်ရောင်းချခဲ့ပြီး အချို့သော စူပါ မားကတ်များတွင် ဝယ်လိုအား များပြားလျက်ရှိကြောင်း Tran Quang Truong An က ဆက်လက် ပြောကြားခဲ့သည်။

    ဗီယက်နမ်သရက်သီးများသည် ဈေးသက်သာသောကြောင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ တို့မှ တင်သွင်းသည့် သရက်သီးများထက် ဝယ်လိုအား မြင့်မားလျက်ရှိကြောင်း၊ Central Retail Group မှ ဆက်သွယ်ရေးဒါရိုက်တာ Nguyen Thi Bich Van က ပြည်တွင်း၌ ရောင်းချသော သရက်သီးများသည် အမေရိကန်နှင့် သြစတြေးလျတို့မှ တင်သွင်းရန် သတ်မှတ်ထားသော အရည် အသွေးစံနှုန်းများနှင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

     ဝယ်လိုအားမြှင့်တင်ရန်အတွက် Central Retail Group ပိုင်ဆိုင်သော စူပါမားကတ်များ တွင် သရက်သီးများအား ၄၀% အထိ လျှော့စျေးများ ပေးလျက်ရှိကြောင်း၊ အချို့ဆိုင်များသည် တစ်ရက်လျှင် သရက်သီး တစ်တန်အထိ ရောင်းချရကြောင်း သိရှိရသည်။

    မတ်လကုန်မှစ၍ သရက်သီးရာသီရောက်သည့်အချိန်တွင် စူပါမားကက်များမှ အသီးအနှံ များကို ပိုမိုဝယ်ယူကြမည်ဖြစ်ကြောင်း၊ An Giang ပြည်နယ်၊ စက်မှုနှင့်ကုန်သွယ်မှုဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Nguyen Thanh Huan က An Giang ပြည်နယ်အနေဖြင့်  ယင်းပြည်နယ်ထွက် သရက်သီးများကို စျေးကွက်သို့ ပိုမိုတင်ပို့ပြီး ပြည်တွင်းစူပါမားကတ်ဆိုင်ခွဲများ အများအပြားသို့ ရောင်းချရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

    မကြာသေးမီက ပထမဆုံးအကြိမ်အနေဖြင့် ယင်းပြည်နယ်သည် တောင်ကိုရီးယားသို့ သရက်သီး ၁၃ တန် တင်ပို့ခဲ့ကြောင်း၊ An Giang ပြည်နယ်တွင် သရက်ခြံ ၁၂၀၀၀ ဟက်တာ အပါအဝင် ဥယျာဉ်ခြံမြေ ၁၇၉၀၀ ဟက်တာရှိပြီး Cho Moi ခရိုင်တွင် ဟက်တာ ၆၄၀၀ ရှိကြောင်း သိရှိရသည်။

Source: VnExpress International, 25 March 2024

ဗီယက်နမ်၏ ဒူးရင်းသီး ပို့ကုန်အချို့သည် အစားအစာ ဘေးကင်းလုံခြုံမရှိကြောင်း တရုတ် အာဏာပိုင်အဖွဲ့ သတိပေး

      ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီး ကုန်တင်ပို့မှု အကြိမ် ၃၀ ခန့်တွင်  လေးလံသော သတ္တု (Heavy Metal) တစ်မျိုးဖြစ်သည့် ကဒ်မီယံ (Cadmium) ပါဝင်မှုသည် သတ်မှတ်ထားသော အစားအသောက် ဘေးကင်းရှင်းရေး ကန့်သတ်ချက်ထက် ကျော်လွန်နေသည့်အပေါ် တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (GACC) မှ သတိပေးချက် ထုတ် ပြန်ခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အပင်ကာကွယ်ရေး ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

       အဆိုပါ ဗီယက်နမ်ဒူးရင်း တင်ပို့မှု၏ မူလဇစ်မြစ်ကို ခြေရာခံနိုင်ရန်အတွက် စာရွက်စာတမ်း များအား Tien Giang၊ Lang Son၊ Dong Nai၊ Dak Lak၊ Hanoi နှင့် သက်ဆိုင်ရာ အေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

     အပင်ကာကွယ်ရေးဦးစီးဌာနသည် GACC ၏ သတိပေးချက်များကို လက်ခံရရှိပြီးနောက် အစားအသောက် ဘေးကင်းရေး စည်းမျဉ်းများကို ဖောက်ဖျက်သည့် ဗီယက်နမ်ဒူးရင်းသီး တင်ပို့ သော ကုမ္ပဏီများအား အစားအစာဘေးကင်းလုံခြုံရေးကို ခြေရာခံခြင်း၊ ပြန်လည်သိမ်းဆည်း ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ စည်းမျဉ်းများကိုလိုက်နာရန် တောင်းဆိုခဲ့ကြောင်း သိရှိရ သည်။

     ကုမ္ပဏီများအနေဖြင့် အစားအသောက် ဘေးကင်းရှင်းရေး စည်းမျဉ်းများကို ဖောက်ဖျက်ရ သည့် အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်၍လည်းကောင်း၊ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုမှ ရိတ်သိမ်းခူးဆွတ် တင်ပို့ရောင်းချသည်အထိ မှတ်တမ်းအားလုံးကို ပြန်လည်သုံးသပ်၍ လည်း ကောင်း၊ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်မှု အစီအမံများအား မြှင့်တင်၍လည်းကောင်း ယင်းဆောင် ရွက်ချက်များအား ၂၀၂၄ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မတိုင်မီ အပင်ကာကွယ်ရေးဦးစီးဌာနထံ အစီရင်ခံ တင်ပြရမည်ဖြစ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင် သည့် အပြီးသတ်သုံးသပ်ချက်များကို တရုတ်နိုင်ငံဘက်မှ ချမှတ်ခြင်းမှ ရှောင်ကြဉ်နိုင်စေရေး အတွက် အဆိုပါတင်ပြချက်အား ဧပြီလ ၃ ရက်နေ့မတိုင်မီ ပဏာမအဖြစ် GACC သို့ တင်ပြရမည် ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဒူးရင်းသီး တင်ပို့သည့် ဈေးကွက်ဖြစ်ကြောင်း သိရှိရသည်။

       ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်မှ ဒူးရင်းသီးတန်ချိန် ၄၃၉၀၀၀ ကို ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၂.၁ဘီလီယံသုံးစွဲခဲ့ပြီး ၂၀၂၂ခုနှစ်နှင့်နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁၀၃၆ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၁၁၀၇ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ ဗီယက်နမ်မှ တရားဝင် ဒူးရင်းသီးတင်ပို့မှုအား ခွင့်ပြုကြောင်း တရုတ်နိုင်ငံမှ ဆုံးဖြတ်ချက်ချပြီးနောက်တွင် ဒူးရင်းသီးတင်ပို့မှုသည် မြင့်တက်လာခဲ့သည်။

     တရုတ်နိုင်ငံ၌ ဗီယက်နမ်ဒူးရင်းသီး ဈေးကွက်ဝေစုသည် ၂၀၂၂ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၃၄.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့သည့် စျေးနှုန်းမှာ တစ်တန်လျှင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၄၃၃၂.၂ ဖြစ်ကြောင်း၊  အေးခဲ ဗီယက်နမ် ဒူးရင်းသီးဈေးကွက်အား တရုတ်နိုင်ငံမှ ဖွင့်လှစ်မည်ဆိုပါက ယခုနှစ်တွင် ဒူးရင်းသီး တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံမှ ၃.၅ ဘီလီယံအထိ ‌ရောက်ရှိလာမည်ဟု မျှော်မှန်း ထားကြောင်း သိရှိရသည်။

Source: Vietnam News, 23 March 2024

အိန္ဒိယ၏ ဘာစမာတီဆန်မျိုးကွဲများအား ပါကစ္စတန်နိုင်ငံ၌ တရားမဝင်စိုက်ပျိုးနေကြောင်း အိန္ဒိယသုတေသီနှင့် ကုန်သည်များက သတိပေး

       အိန္ဒိယလယ်ယာစိုက်ပျိုးရေးသုတေသနအဖွဲ့အစည်း (India Agriculture and Research Institute-IARI) မှ သုတေသီများနှင့် ကုန်သည်များက အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်မျိုးကွဲများကို ပါကစ္စတန်နိုင်ငံ၌ တရားမဝင်စိုက်ပျိုးနေကြောင်း သတိပေးပြောကြားခဲ့ကြပါသည်။ ပါကစ္စတန်နိုင်ငံမှ မျိုးစေ့ကုမ္ပဏီများက အရောင်းမြှင့်တင်ရေးအတွက် ထုတ်လွှင့်ပြသသည့် YouTube ဗွီဒီယို များတွင် အထွက်နှုန်းကောင်းမွန်သည့် ဘာစမာတီဆန်မျိုးကွဲများကို ပါကစ္စတန်နိုင်ငံအတွင်းရှိ အချို့ဒေသများဖြစ်ကြသော မူလ်တန်၊ ဘဟာဝါလ်နာဂါနှင့် ဟာဖီဇာဘတ်တို့တွင် စိုက်ပျိုးနေကြပုံကို ပြသခဲ့ကြရာမှ အိန္ဒိယနိုင်ငံ၏ဘာစမာတီဆန်ပို့ကုန်ဈေးကွက်ကို ခြိမ်းခြောက်နိုင်သည့်အလားအလာရှိသဖြင့် ထိုသို့သတိပေးပြောကြားခဲ့ကြခြင်းဖြစ်ပါသည်။

      အိန္ဒိယနိုင်ငံတွင် ကုန်စည်နှင့် လယ်ယာထွက်ကုန်တင်ပို့မှုမှာ ကျဆင်းခဲ့သော်လည်း ဘာစမာတီဆန်တင်ပို့မှုမှာမူ သိသာစွာမြင့်တက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် စံချိန်ချိုးနိုင်ဖွယ်ပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့ကြပါသည်။ ဗွီဒီယိုတွင် ပြသချက်အရ ပါကစ္စတန်နိုင်ငံတွင် IARI မှအစပျိုးထုတ်လုပ်ခဲ့သည့် ဘာစမာတီဆန်မျိုးကွဲများကို တရားမဝင်အသုံးပြုနေခြင်းမှာ ကမ္ဘာ့ဘာစမာတီဆန်ဈေးကွက်တွင် သိသာထင်ရှားသောဈေးကွက်ဝေစုကို ပိုင်ဆိုင်ထားသော အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုအလားအလာကို ခြိမ်းခြောက်လာနိုင်သဖြင့် IARI မှ သုတေသီများက စိုးရိမ်ပူပန်နေကြခြင်းဖြစ်ပါသည်။

    ပါကစ္စတန်နိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုမှာ ကျဆင်းခဲ့သော်လည်း ဥရောပနှင့်ဗြိတိန် ဈေးကွက်များတွင်မူ ခိုင်မာစွာရပ်တည်နေဆဲဖြစ်ကာ အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံသည် စူပါ ဘာစမာတီဆန်မျိုးကွဲကို ရောင်းချလျက်ရှိပါသည်။ ပါကစ္စတန်နိုင်ငံသည် IARI ၏ဘာစမာတီဆန် မျိုးကွဲများကို အသုံးပြုလျက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ငွေကြေးအသာစီးရမှုနှင့် ပေါင်းဆန်ထုတ် လုပ်မှု နည်းပညာတို့ဖြင့် ပေါင်းစပ်ကာ အဓိကဈေးကွက်များတွင် နေရာရယူနိုင်မည်ဖြစ်သော ကြောင့် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှုကို စိန်ခေါ်မှုပြုလိုက်ခြင်းဖြစ်ပါသည်။ အဆိုပါအပြောင်းအလဲကြောင့် အဓိကအားဖြင့် ဘာစမာတီပေါင်းဆန်အပေါ် စားသုံးသူများ၏ နှစ်သက်မှုရှိသော အိန္ဒိယက ဦးဆောင်နေရာရယူထားသည့် အနောက်အာရှနိုင်ငံများတွင် ဈေးကွက်ကမောက်ကမ ဖြစ်စေနိုင်ပါသည်။

     အိန္ဒိယနိုင်ငံ၏ အပင်မျိုးကွဲများနှင့် တောင်သူအခွင့်အရေး ကာကွယ်ရေးအက်ဥပဒေ ၂ဝဝ၁ သည် အိန္ဒိယတောင်သူများနှင့် အပင်စိုက်ပျိုးထုတ်လုပ်သူများ၏အကျိုးစီးပွားကို အကာအကွယ် ပေးအပ်ထားသော်လည်း ၎င်းဥပဒေ၏အကျိုးသက်ရောက်မှုမှာ နိုင်ငံဖြတ်ကျော်၍ မျိုးစေ့များအား မူပိုင်ခွင့်ချိုးဖောက် စိုက်ပျိုးသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိနေပါသည်။ လက်ရှိ အခြေ အနေအရ အိန္ဒိယနိုင်ငံ၏ဘာစမာတီဆန်တင်ပို့မှုကို ကာကွယ်နိုင်ရန်နှင့် ပါကစ္စတန်နိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်မျိုးကွဲများကို ခွင့်ပြုချက်မရရှိဘဲ စိုက်ပျိုးနေမှုကို ဖြေရှင်း ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိနေပါသည်။ အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်ဈေးကွက်တွင် ပို့ကုန်တင်ပို့မှုကို ဆက်လက်လွှမ်းမိုးထားနိုင်ရန်မှာ ခိုင်မာသောဥပဒေအကာအကွယ်ပေးမှုများနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ချိုးဖောက်မှုများအား စောင့်ကြည့်စစ်ဆေးဆောင်ရွက်မှုတို့ကို အဓိက ထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း BNN Breaking သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါသည်။

Source: BNN Breaking News, 24 March, 2024

စပါးစိုက်တောင်သူများသို့ ဓာတ်မြေဩဇာ အခမဲ့ထောက်ပံ့မည်ဟု ထိုင်းဝန်ကြီး ပြောကြား

    ထိုင်းနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ဈေးနှုန်းမတည်ငြိမ်မှု နှင့် ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ဆင်းရဲနွမ်းပါးမှု ကြုံတွေ့နေရသည့် တောင်သူ ၄.၆၈ သန်းအတွက် ဓာတ်မြေသြဇာများ ဝယ်ယူရန် ဘတ်ငွေ ၃၃.၅၃ ဘီလီယံ တောင်းခံသွားမည် ဖြစ်သည်။

    တင်သွင်းလာသော ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ကုန်ကျစရိတ်သည် ဆင်းရဲသည့် တောင်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Thamanat Prompow က ၂၅-၃-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ရည်ရွယ်ထား သည့် လယ်သမားများအနက် ၄.၄၈ သန်းသည် လယ်ယာလုပ်ငန်းအတွက် စီးပွားဖြစ် စိုက်ပျိုးထုတ် လုပ်မှုနည်းလမ်းများကို အသုံးပြုကြပြီး တောင်သူဦးရေ ၂၀၀,၀၀၀ သည် အော်ဂဲနစ်ဆန်စပါးကို စိုက်ပျိုးကြခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    စိုက်ပျိုးစရိတ်လျှော့ချရန်နှင့် သီးနှံအထွက်နှုန်းကို စဉ်ဆက်မပြတ်မြှင့်တင်ရန် ရည်ရွယ် ဆောင်ရွက်သည့် အစီအစဉ်သစ်အရ ဝန်ကြီးဌာနသည် ယခုနှစ်၌ စပါးစိုက်ပျိုးသော အိမ်ထောင်စု တိုင်းအတွက် စိုက်ဧရိယာ ၁ ရိုင် (၀.၃၉၅၄ ဧက) လျှင် မြေသြဇာ ၅၀ ကီလိုဂရမ် နှုန်းဖြင့် အများဆုံး ပမာဏ ရိုင် ၂၀ သို့မဟုတ် ဓာတ်မြေဩဇာ ၁ တန်အထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဝန်ကြီး Thamanat က ပြောကြားခဲ့သည်။

    ဤအစီအစဥ်သည် လယ်သမားများ၏ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေသည့် အပြင် လက်ရှိကာလ၌ လယ်သမားများသို့ စပါးစိုက်ဧရိယာ ၁ ရိုင်လျှင် ဘတ် ၁၀၀၀ နှုန်းဖြင့်  အများဆုံး ရိုင် ၂၀ သို့မဟုတ် ဘတ် ၂၀၀၀၀ အထိ ထောက်ပံ့ပေးမှုအတွက် အစိုးရက ၁ နှစ်လျှင် ဘတ်ငွေ ၅၄.၃၀ ဘီလီယံ သုံးစွဲနေရမှုအပေါ် ဘတ်ငွေ ၂၀.၇၇ ဘီလီယံကို လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ အမျိုးသား ဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် အစိုးရအဖွဲ့ထံသို့ အစီ အစဉ် အဆိုပြုလွှာ မတင်ပြမီ ဆန်စပါးဦးစီးဌာနသည်  စာရင်းအင်းအချက်အလက်များကို ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: Nation Thailand, 25 March 2024

ဖိလစ်ပိုင်သည် ၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၁၂ သန်းကျော် ထုတ်လုပ်နိုင်ဖွယ်ရှိ

      ဖိလစ်ပိုင်နိုင်ငံ၌ အစိုးရ၏ ရန်ပုံငွေတိုးမြှင့်သုံးစွဲမှုအရ ယခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၁၂.၁၂၅ သန်း ခန့်ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ပြောကြားခဲ့ပါသည်။

     ဖိလစ်ပိုင်၏ ဆန်ထွက်ရှိနိုင်မှုနှင့် စပ်လျဉ်း၍ USDA မှ နောက်ဆုံးခန့်မှန်းချက် ထုတ်ပြန်မှု သည် ၎င်းတို့၏ ယခင်ခန့်မှန်းချက်ဖြစ်သော ဆန်တန်ချိန် ၁၂ သန်းထက် အနည်းငယ် မြင့်မား နေပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် ဧပြီလမှ မေလအတွင်း အားပျော့လာမည်ဟု ခန့်မှန်း ချက်ကို ထည့်သွင်းစဉ်းစားထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

      ဖိလစ်ပိုင်အစိုးရသည် ရန်ပုံငွေများဖြည့်ဆည်းလျက် ဆန်စပါးကဏ္ဍကို ဦးစားပေးဆောင် ရွက်နေပြီး လယ်သမားများကလည်း ဓာတ်မြေသြဇာနှင့် မျိုးစပ်မျိုးစေ့များကို တိုးမြှင့်အသုံးပြုလာ ကြကြောင်း၊ ဖိလစ်ပိုင်လယ်ယာစိုက်ပျိုးရေးဦးစီးဌာန (DA) ၏ ဆန်စပါးကဏ္ဍဘက်စုံမြှင့်တင်‌ရေး အစီအစဉ် (Masagana Rice Program) အရ ယခုနှစ်တွင် ရန်ပုံငွေ ပီဆို ၃၀.၈ ဘီလီယံကို ကျခံ သုံးစွဲမည်ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ၂၀၂၃ ခုနှစ်နှင့် တူညီသော်လည်း ၂၀၂၂ ခုနှစ်တွင် ရရှိသည့် ပီဆို ၁၅.၈ ဘီလီယံ၏ နှစ်ဆရှိကြောင်းနှင့် အဆိုပါအစီအစဉ်သည် လယ်သမား ၂.၃ သန်းကို ကူညီ ပံ့ပိုးပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း USDA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဖိလစ်ပိုင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အာဏာပိုင်အဖွဲ့၏ အချက်အလက်များကို ကိုး ကား၍ ဓာတ်မြေသြဇာ ဈေးနှုန်းများသည် ယခင်နှစ်များကထက် ပိုမိုတည်ငြိမ်နေပြီး ဆန်စပါး စိုက်ပျိုးထုတ်လုပ်နိုင်မှုအဆင့်အပေါ် သက်ရောက်မှုရှိကြောင်း၊ ယခုနှစ် စပါးရိတ်သိမ်းမည့် ဧရိယာ သည် ယခင်ကနှင့် တူညီစွာ ဟက်တာ ၄.၈ သန်းခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ လူဦးရေတိုးပွားမှု နှင့်အညီ ၂၀၂၄-၂၀၂၅ စျေးကွက်တင်ရောင်းချသည့်နှစ်အတွက် ဆန်စားသုံးမှုသည် မက်ထရစ် တန်ချိန် ၁၉.၆ သန်းအထိ တိုးမြင့်လာနိုင်ကြောင်း၊ ကမ္ဘာ့ဂျုံစျေးနှုန်းများ တည်ငြိမ်နေသော်လည်း ဆန်နှင့်ဂျုံ အဓိကစားသုံးကုန်နှစ်ခု၏ ဈေးနှုန်းများမြင့်တက်လာခြင်းကို ကြုံတွေ့ခဲ့ရသဖြင့် ပြီးခဲ့ သည့်နှစ်တွင် ဆန်စားသုံးမှုမှ ဂျုံစားသုံးမှုသို့ သိသာစွာ ပြောင်းလဲလာမှု မရှိကြောင်းဖြင့်လည်း USDA က ဖော်ပြထားသည်။

    ပြည်တွင်းရှိ လယ်ယာမြေများမှ စပါးရိတ်သိမ်းမှု နည်းပါးလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် မက်ထရစ်တန်ချိန် ၄.၀ သန်းအထိ ရှိမည်ဟု အစောပိုင်းက ခန့်မှန်းထား ကြပြီး ၎င်းခန့်မှန်းချက်သည် USDA ၏ ယခင်ခန့်မှန်းချက် မက်ထရစ်တန်ချိန် ၃.၉ သန်းထက် ပိုမိုမြင့်မားသည်။ သို့ဖြစ်ရာ ဖိလစ်ပိုင်သည် ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသည့်နိုင်ငံအဖြစ် ဆက် လက်တည်ရှိလျက် ၎င်း၏နောက်၌ အင်ဒိုနီးရှား၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့က နီးကပ်စွာ ကျန်ရှိ နေမည်ဖြစ်ပါသည်။

    ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနရှိ စိုက်ပျိုးရေးလုပ်ငန်းဗျူရိုက ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် တန်ချိန် ၃.၈၂ သန်း အောက် ၈.၉၆% ကျဆင်းသွားကြောင်း ဖော်ပြခဲ့သည်။ အဆိုပါဌာန၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် တစ်လလျှင် အနည်းဆုံး ဆန်မက်ထရစ်တန်ချိန် ၃၃၀၀၀၀ ခန့် တင်သွင်းရန် လိုအပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Source: Manila Times, 25 Mar 2024

အသင့်ထုပ်ပိုးပြီး ဆန်တန်ချိန် ၈၃၀၀၀ တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြု

      ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနသည် ပုဂ္ဂလိကကဏ္ဍမှ ဆန်တန်ချိန် ၈၃၀၀၀ ကို တင်သွင်းရန်အတွက် ကုမ္ပဏီ ၃၀ ခုသို့ သွင်းကုန်လိုင်စင်ခွင့်ပြုမည့် အမိန့်ကြော်ငြာစာတစ်စောင် ကို ၂၁-၃-၂၀၂၄ နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ ထုတ်ပြန်ချက်၌ ပေါင်းဆန်တန်ချိန် ၄၉၀၀၀ နှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူ တန်ချိန် ၃၄၀၀၀ တို့ကို ဧပြီလ ၂၅ ရက်နေ့ ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့အရောက် တင်သွင်းခွင့်ပြု မည်ဖြစ်ကြောင်း၊ ဈေးကွက်တွင် ရောင်းချရန်အတွက် အိတ်ဖြင့် အသင့်ထုပ်ပိုးထားပြီးဖြစ်သည့် ဆန်များကိုသာ တင်သွင်းရမည်ဖြစ်ပြီး ပြည်တွင်း၌ ကိုယ်ပိုင်အမည်ဖြင့် ပြန်လည်ထုပ်ပိုး ရောင်းချ ခွင့်မပြုကြောင်း ဖော်ပြထားသည်။

      ကောက်သစ်ရိတ်သိမ်းမှုကာလ ပြီးဆုံးမည့်အချိန်မတိုင်မီ၌ ဆန်စပါးဈေးနှုန်းများ မြင့်တက် လာမှုအရ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန်များကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက လျှော့ချပေးခဲ့သည်။ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်ကို ၂၅% မှ သုညရာခိုင်နှုန်းသို့လည်းကောင်း၊ ကြီးကြပ်မှုအခွန်အခကို ၂၅% မှ ၅% သို့လည်းကောင်း အမျိုးသားအခွန်ကြီးကြပ်မှုအဖွဲ့က လျှော့ချခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့အထိ သက်ရောက်မှုရှိမည်ဖြစ်သည်။ ထိုသို့ အခွန်နှုန်းများ လျှော့ချခဲ့သော်လည်း ဆန်တင် သွင်းသူများအနေဖြင့် အခြားအခကြေးငွေများ အပါအဝင် အခွန်အခ ၁၅% ခန့် ပေးဆောင်ရဦးမည် ဖြစ်သည်။

      ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ အချက်အလက်များအရ ကမ္ဘာ့ဆန်ဈေးနှုန်းများမှာ ၁၁ နှစ်တာအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေချိန်၌ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

      ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆန်တင်သွင်းမှု အဓိက အရင်းအမြစ်တစ်ခုဖြစ်သော အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ခွင့်ကို တားမြစ်ပိတ်ပင်ထားပြီး ပေါင်းဆန် တင်ပို့မှုအပေါ်၌လည်း အခွန် ၂၀% ကောက်ခံလျက်ရှိသည်။ အိန္ဒိယ၏ ဆန်ပို့ကုန်ဆိုင်ရာ တားမြစ် ကန့်သတ်ချက်များက လွန်ခဲ့သော ၁၅ လတာအတွင်း ဆန်ဈေးနှုန်းများကို ၂၂% မှ ၂၅% အကြား မြင့်တက်လာစေကြောင်း၊ လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံမှ တင်သွင်းပါက ဆန်ကြမ်း ၁ ကီလိုဂရမ်၏ ဈေးနှုန်းသည် တာကာငွေ ၆၅ နှုန်းအောက် လျော့နည်းမည်မဟုတ်ကြောင်း၊ အကယ်၍ သွင်းကုန် လုပ်ငန်းရှင်များသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမြင့်မားသည့် ဆန်အမျိုးအစားများကို တင်သွင်းပါက ပြည်တွင်းဈေးကွက်ကို သက်ရောက်ထိခိုက်မှုရှိလာနိုင်ကြောင်းဖြင့် လယ်ယာစီးပွား ရေးရာ ပါမောက္ခ Dr Rashidul Hasan က The Financial Express သတင်းဌာနသို့  ပြောကြား ခဲ့သည်။

      ဘင်္ဂလားဒေ့ရှ် လယ်ယာစိုက်ပျိုးရေး ဈေးကွက်မြှင့်တင်မှု ဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာ နှင့် မြို့နယ်များအလိုက် စာရင်းကောက်ယူမှု အချက်အလက်များအရ နိုင်ငံတစ်ဝန်းတွင် အတန်း အစားအလိုက် ဆန် ၁ ကီလိုဂရမ်လျှင် ဆန်ကြမ်းကို တာကာငွေ ၄၄ မှ ၅၅ အကြား၊ အလယ် အလတ်တန်းအဆင့် ဆန်အား တာကာငွေ ၅၅ မှ ၆၅ အကြားနှင့် ဆန်ချောကို တာကာငွေ ၆၅ မှ ၉၅ အကြား နှုန်းထားများဖြင့် လက်လီရောင်းချမှုရှိကြောင်း သိရှိရသည်။

Source: The Financial Express, 21 Mar 2024

အိန္ဒိယပဲဈေးကွက်သတင်း ( ၂၃-၃-၂၀၂၄) ရက်နေ့ အပိတ်ဈေးကွက်တွင် မြန်မာ့မတ်ပဲဈေးနှင့် ပဲစင်းငုံနီဈေးငြိမ်နေ

      မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၉၀၀ရူပီးနှင့် မြ၁န်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ် ၁၀၁၅၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်လ ၂၃ရက်နေ့ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ နှင့် ပဲစင်းငုံနီမှာ ၁၀၀ရူပီးဈေးငြိမ်နေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

     မတ်လ  ၂၃ရက်နေ့၊  ဒေလီဈေးကွက်၌   မြန်မာ့မတ်ပဲ SQ ဈေးမှာ  ၁ကွမ်တယ် ၉၉၅၀ရူပီး၊ မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၉၁၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁၀၁၅၀ရူပီးရှိကြောင်းသိရှိရသည်။

     အိန္ဒိယ ဂျဝါနေရူးဆိပ်ကမ်းအရောက် မြန်မာ့ပဲများ၏ CNF တစ်တန်ဈေးမှာ အောက်ပါအတိုင်းဖြစ်သည်။ တစ်တန်အတွက် ဒေါ်လာပေါက်ဈေးဖြစ်သည်။ မတ်ပဲ FAQ -၁၁၁၀, ပဲစင်းငုံနီ -၁၂၅၀,  ပဲတီစိမ်း ပခုက္ကူ -၇၃၀, ပဲတီစိမ်းရွှေဝါ- ၉၈၅, ပဲတီစိမ်း အညာရွှေဝါ - ၈၉၅ဈေးအသီးသီးရှိသည်။

      မွန်ဘိုင်းဈေးကွက် Closing session of trade (CSOT) တွင်ဖြစ်ပေါ် နေသော ဈေးနှုန်းသည် မတ်လ ၂ ရက်နေ့၊ Opening session of trade ( OSOT) တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မတ်ပဲ (ရူပီး/ ကွမ်တယ်) နှင့် ပဲစင်းငုံနီမှာ (ရူပီး/ကွမ်တယ်)မှာ ဈေးငြိမ်နေကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

တရုတ်နိုင်ငံ ဆန်တင်သွင်းမှု မြင့်တက်ရန်ရှိ

     ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်မှုနှင့် အရည်အသွေး မြင့်မားသော ဆန်များကို ပိုမိုဦးစားပေးလာမှုတို့ကြောင့် ထိုင်းနိုင်ငံသည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ထံ ဆန်တင်ပို့မှု ယခုနှစ်တွင် မြင့်တက်လာနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ထို့အပြင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ ရှန်ဇန်မြို့တွင် ဆန်ဖြန့်ဖြူးရေးစင်တာ ထူထောင်ရန် အလိုရှိလျက်ရှိပါသည်။ ဟောင်ကောင် ဆန်ကုန်သည်အသင်း ဥက္ကဌ၊ China Mercbents Godown, Wharf & Transportation Company မှ အလုပ်အမှုဆောင်အဖွဲ့ဝင်တို့နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ထိုင်းနိုင်ငံတွင် ဆန်ဝယ်ယူမည့် ဖောက်သည် အုပ်စုအားလုံးအတွက် ဆန်များ၏ အရည်အသွေးကို ပိုမိုကောင်းမွန်အောင်ဖန်တီးမည့် မူဝါဒရှိနေ ပြီး ထိုင်းဆန်သည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ထိန်းသိမ်းနည်းအဆင့်အတန်းလည်း ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ဟောင်ကောင်သည် ယခုနှစ်တွင် ထိုင်းနိုင်ငံမှ စံပါယ်ဆန်မွှေးတန်ချိန် ၁၈၀၀၀၀ ဝယ်ယူရန်စီစဉ်ထားပြီး လွန်ခဲ့သည့် နှစ်ကထက် တန်ချိန် ၃၀၀၀၀ တိုးမြှင့်ဝယ်ယူမည်ဖြစ်ကြောင်းသိရပါသည်။ မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် ထိုင်းစံပါယ်ဆန်မွှေးတင်သွင်းသူများ နှင့် တွေ့ဆုံခဲ့ပြီး ရှန်ဇန်မြို့တွင် ဖြန့်ဖြူးရေးစင်တာ တည်ထောင်ရန် စိတ်ဝင်စားမှု ပြသခဲ့ပါသည်။ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း စင်တာအတွက် မြေငှားရမ်း ရန်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအစိုးရနှင့် ဆွေးနွေးပေးသွားရန် အသင့်ဖြစ်နေပါသည်။

     ဟောင်ကောင်သည် ထိုင်းနိုင်ငံအတွက် အမေရိကန်နှင့် တရုတ်နိုင်ငံပြီးနောက် တတိယမြောက်အကြီးမားဆုံး ထိုင်းစံပါယ်ဆန်မွှေးတင်သွင်းသူဖြစ်ပါသည်။ ထိုင်းနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်းတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)

 

ထိုင်းနိုင်ငံတွင် လျှပ်စစ်ကား စက်ရုံတည်ထောင်သွားမည့် Cherry ကုမ္ပဏီ

      တရုတ်နိုင်ငံအခြေစိုက် လျှပ်စစ်ကား ထုတ်လုပ်သည့် Cherry ကုမ္ပဏီ၏ ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီခွဲက ထိုင်းနိုင်ငံ၊ ရယောင်မြို့တွင် လျှပ်စစ်ကားစက်ရုံ တည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် မော်တော်ယာဉ်ထုတ်လုပ်ခြင်း လုပ်ငန်းများစတင်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။ အဆိုပါ စက်ရုံသည် ပြည်တွင်းနှင့် အာဆီယံဒေသတွင်း ဈေးကွက်ကို ကားများ စတင်ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ တင်ပို့ရောင်းချမှုများ အတွက် ကုမ္ပဏီ၏ အခြေစိုက်နေရာဖြစ်လာမည်ဖြစ်ကြောင်း Cherry International Company ၏ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယမန်နေဂျင်းဒါရိုက်တာက ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အနာဂတ်တွင် ကားများအား ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများကို တင်ပို့သွားရာ၌ စီစဉ်ထားကြောင်း သိရပါသည်။ ထုတ်လုပ်မှုအစီအစဉ်ကို ၂ ပိုင်း ခွဲထားပြီး ၂၀၂၅ ခုနှစ်တွင် နှစ်စဉ်အစီးရေ ၅၀၀၀၀ ထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်မှ စတင်၍ အစီးရေ ၈၀၀၀၀ ထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် စုစုပေါင်း ကားအရောင်းစင်တာ ၃၅ ခု ဖွင့်လှစ်ရန် စီစဉ်ထားပြီး အဆိုပါပမာဏထဲမှ ၂၀ မှာ ဘန်ကောက်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထို့ပြင်ဒေသတွင်း မိတ်ဖက်များနှင့် ပူးပေါင်း၍ လျှပ်စစ်ကားအားသွင်းသည့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာရန် ဆွေးနွေးမှုများရှိနေကြောင်း သိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ