ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံ၌ ဧပြီလ ဆန်လက်ကျန် ၁၁% ခန့်ကျဆင်း

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်မှာ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မက်ထရစ်တန်ချိန် ၁.၆၄ သန်းရှိပြီး ယခင်နှစ် ကာလတူရှိ လက်ကျန်တန်ချိန် ၁.၈၄ သန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၉% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ၈-၅-၂၀၂၄ နေ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။ လအလိုက် နှိုင်းယှဉ်ရာတွင်မူ အဆိုပါပမာဏသည် ယခင်လရှိ ဆန်လက်ကျန် တန်ချိန် ၁.၃၇ သန်းထက် ၂၀.၂% မြင့်တက်လာခဲ့သည်။

      အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) လက်ဝယ်၌ ဆန်တန်ချိန် ၄၁၅၆၀ တန်ရှိရာ ယခင်နှစ် ကာလတူ၌ သိုလှောင်ထားရှိခဲ့သော ဆန်တန်ချိန် ၉၉၀၃၀ တန်အပေါ် ၅၈% ကျဆင်းခဲ့ သည်။ သို့သော်လည်း မတ်လရှိ မက်ထရစ်တန်ချိန်  ၄၁၂၉၀ နှင့် နှိုင်းယှဉ်လျှင် ၀.၇% မြင့်တက် လာခဲ့သည်။

    ကုန်သွယ်ရောင်းဝယ်မှုကဏ္ဍတွင် သိုလှောင်ထားရှိသော ဆန်လက်ကျန်သည် ယခင်နှစ် ကာလတူ၌ ၇၂၈၇၃၀ တန်ရှိရာမှ ယခုနှစ် ဧပြီလတွင် ၆၆၂၆၀၀ တန်သာရှိသဖြင့် ၉.၁% ကျဆင်း ခဲ့ကြောင်း၊ သို့သော် မတ်လရှိလက်ကျန် ၆၃၀၂၉၀ တန်ထက် ၅.၁% တိုးတက်ခဲ့ကြောင်း သိရှိရ သည်။

     အိမ်ထောင်စုများ လက်ဝယ်တွင်လည်း ယခုနှစ် ဧပြီလ၌ ဆန်လက်ကျန် ၉၃၈၀၁၀ တန် ရှိသဖြင့်  ယခင်နှစ် ကာလတူရှိ ဆန်တန်ချိန် ၁.၀၁ သန်းနှင့် နှိုင်းယှဉ်ပါက ၇.၆% လျော့နည်းခဲ့ သည်။

    အယ်လ်နီညိုရာသီဥတု အားပျော့လာခြင်းကြောင့် နောက်လများတွင် ဆန်စပါးထွက်ရှိမှု ပြန်လည်ကောင်းမွန်လာနိုင်ပြီး နိုင်ငံတကာဈေးကွက်၌ စျေးသက်သာသောဆန်များ ဝင်ရောက် လာမှုအရ ဆန်ဈေးနှုန်းများ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီး ဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသား စားနပ်ရိက္ခာ အာဏာ ပိုင်အဖွဲ့သို့ ဆန်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်း လုပ်ပိုင်ခွင့်ကို ပြန်လည်အပ်နှင်းရန် ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက လွှတ်တော်သို့ တိုက်တွန်းထားသည်။

     စိုက်ပျိုးရေးဦးစီးဌာန၏ အတည်ပြုချက်ဖြင့်သာ ဆန်တင်သွင်းခွင့်ပြုပါက စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့သည် စျေးနှုန်းတည်ငြိမ်မှုကို ထိန်းညှိပေးမည့် အေဂျင်စီတစ်ရပ် ဖြစ်လာမည်ဟု စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ပြောကြားခဲ့သည်။

Source: Manila Times, 11 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၄ ခုနှစ် ကုန်ဆုံးချိန်အထိ ဆန်ထောက်ပံ့ပေးရန် အစိုးရစီစဉ်

      အင်ဒိုနီးရှားနိုင်ငံတွင် ဆန်ဈေးနှုန်းများ သက်သာမှုရရှိလာသော်လည်း အစိုးရအနေဖြင့်  ဆန်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ခြောက်လ သက်တမ်းတိုးနိုင်ဖွယ် ရှိသည်ဟု ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဂျိုကိုဝီဒိုဒိုက ၁၃-၅-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

      အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ ခြောက်သွေ့မှုဒဏ်ကြောင့် ဆန်စပါးထွက်ရှိမှု ထိခိုက် ခြင်းက ဆန်ဈေးနှုန်းများ မြင့်မားမှုဖြစ်ပေါ်စေသည့်အပေါ် ကူညီပံပိုးပေးရန်အတွက် အင်ဒိုနီးရှား အစိုးရသည် ၂၀၂၃ ခုနှစ် မတ်လမှစ၍ ဝင်ငွေနည်းပါးသော အိမ်ထောင်စုပေါင်း သန်း ၂၀ ကျော်သို့ အိမ်ထောင်စုတစ်ခုလျှင် ၁၀ ကီလိုဂရမ်နှုန်းဖြင့် ဆန်များအား လစဉ်ပေးဝေခဲ့သည်။ အဆိုပါ အစီအစဉ်အား အကြိမ်ကြိမ် သက်တမ်းတိုးမှုများ  ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

      အင်ဒိုနီးရှား၏ လူဦးရေ သန်း ၂၇၀ အတွက် အဓိကကျသည့် ပြည်တွင်းဆန်ဈေးနှုန်းအား လျှော့ချရာတွင် ယခုအစီအစဉ်သည် အောင်မြင်မှုရရှိခဲ့ကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအားလုံး၏ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အချို့သော စားသောက်ကုန်များ၏ ဈေးနှုန်း အလွန်မြင့်မားနေချိန်၌ အင်ဒိုနီးရှားနိုင်ငံတွင်မူ ဈေးနှုန်းများ နိမ့်ကျမှုရှိနေဆဲဖြစ်ကြောင်း၊ ဆန်ထောက်ပံ့မှုအား သက်တမ်းတိုးမြှင့်ရန်အတွက် လိုအပ်သော ဆန်အရင်းအမြစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်းမရှိပဲ အဆိုပါသက်တမ်းတိုးမှုအစီအစဉ်သည် ဘတ်ဂျက်ရန်ပုံငွေ ရရှိနိုင်မှုအပေါ် မူတည် ကြောင်း သမ္မတဂျိူကိုဝီဒိုဒို၏ ပြောကြားချက်အရ သိရှိရသည်။

   အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီဖြစ်သော Bulog သည် ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့အထိ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ဆန် ၄၇၂၂၇၉ မက်ထရစ်တန်ကို ဝယ်ယူခဲ့ပြီး စုစုပေါင်း ဆန်တန်ချိန် ၁.၈ သန်းကို သိုလှောင်ထားရှိကြောင်း ၎င်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းရန် ခွင့်ပြု ထားသည့်အနက် ဆန်တန်ချိန် ၁.၂ သန်းကို တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ဧပြီလနှောင်းပိုင်းတွင် Bulog က ပြောကြားထားသည်။

     Bulog သည် ဆန်မက်ထရစ်တန်ချိန် ၃၀၀၀၀၀ ခန့် ၀ယ်ယူရန်အတွက် နိုင်ငံတကာ တင်ဒါတစ်ရပ်ကို ထပ်မံခေါ်ယူခဲ့သည်ဟု ဥရောပကုန်သည်များက မေလ ၁၃ ရက်တွင် ပြောဆိုခဲ့ကြ ကြောင်း၊ အင်ဒိုနီးရှားစာရင်းအင်းဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း စပါးရိတ်သိမ်းရာသီ၌ ဆန် လက်ကျန်များ တိုးမြင့်လာသဖြင့် ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိသည်ဟု ပြောကြားကြောင်း သိရှိရသည်။

Source: The Straits Times, 13 May, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဆန်တင်ပို့မှု ကန့်သတ်ချက်ကို အိန္ဒိယအစိုးရ ဖြေလျှော့ပေးဖွယ်ရှိ

     အိန္ဒိယနိုင်ငံတွင် ဆန်ကုန်လက်ကျန် များပြားပိုလျှံမှုရှိပြီး မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုမည့် မုတ်သုံရာသီဥတု ခန့်မှန်းချက်အရ မိုးသီးနှံရာသီ၌ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေဖွယ်ရှိ သဖြင့် အစိုးရအနေဖြင့် ယခင်နှစ်၌ ချမှတ်ခဲ့သော ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။

   မုတ်သုံမိုးသည် ကီရာလာပြည်နယ် ကမ်းခြေသို့ ရှေ့လာမည့်လတွင် စတင်ဝင်ရောက်မှုနှင့် အတူ စုစုပေါင်းစပါးထွက်ရှိမှု၏ ၈ဝ% ကို စိုက်ပျိုးထုတ်လုပ်သော မိုးစပါးကို ဇွန်လနှင့် ဇူလိုင်လများ တွင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ယခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်အထက်တွင်ရှိနိုင်ပြီး  မိုးရွာ သွန်းမှု ဖြစ်ပေါ်နိုင်ခြေ၏ ၉ဝ% ခန့်မှာ ပုံမှန်အဆင့်မှ ပိုမိုသည့်အဆင့်တို့ အကြားတွင်ရှိနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဧပြီလ၌ ခန့်မှန်းထားခဲ့ပါသည်။ ယခင်နှစ်တွင် မိုးရွာသွန်းမှုမှာ နေရာ ကွက်ကျား ရွာသွန်းခဲ့ပြီး ပုံမှန်ထက်လျော့နည်းခဲ့သဖြင့် စပါးထွက်ရှိမှုကို ထိခိုက်ခဲ့ပါသည်။

    မတ်လအတွင်း ဆန်လက်လီဈေးနှုန်းများမှာ နှစ်အလိုက် ၁၂.၆၉% မြင့်တက်ခဲ့သော်လည်း မြင့်မားသည့် အခြေပြုသက်ရောက်ချက်ရှိမှုအရ လာမည့်လအနည်းငယ်အတွင်း ဆန်ဈေးနှုန်းများ ဖောင်းပွမှုမှာ လျော့ပါးသက်သာဖွယ်ရှိပါသည်။ ဆန်ဈေးနှုန်းများ ဖောင်းပွမှုသည် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ကတည်းမှစတင်၍ ကိန်းဂဏန်း ၂ ခုအဆင့်အထိ ဖြစ်ပေါ်နေခဲ့ပါသည်။

    လက်ရှိအရန်ဆန်ဝယ်ယူရေးကာလ (အောက်တိုဘာလ - စက်တင်ဘာလ) အတွင်း ဝယ်ယူရရှိသော ပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇% လျော့နည်းလျက်ရှိသော်လည်း အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်းသည် ဇူလိုင်လ ၁ ရက်နေ့အထိ ကာလအတွက် ထားရှိရန် လိုအပ်သောပမာဏ တန်ချိန် ၁၃.၅၄ သန်းထက် ၄ ဆခန့်ပိုမိုလျက် အရန်ဆန်တန်ချိန် ၅၃.၁၉ သန်းကို သိုလှောင်ထားပြီးဖြစ်သည်။ ၎င်းပမာဏအနက် ဆန်တန်ချိန် ၃၁.၈၁ သန်းကို လက်ဝယ် ထားရှိပြီး ကျန်တန်ချိန် ၂၁.၃၈ သန်းကို ဆန်စက်လုပ်ငန်းရှင်များထံမှ ရရှိမည်ဖြစ်ပါသည်။ အိန္ဒိယ စားနပ်ရိက္ခာကော်ပိုရေးရှင်းသည် Bharat ဆန်ကို ရောင်းချရန်အတွက် NAFED ၊ NCCF နှင့် Kendriya Bhandar စသည့် အဖွဲ့အစည်းများထံမှ ဆန်တန်ချိန် ၁.၅ သန်း အတွက် ဝယ်ယူမှု အမှာစာများကို လက်ခံရရှိထားသည်။ အဆိုပါအဖွဲ့အစည်းများသည် ဆန်တန်ချိန် ဝ.၇၁ သန်းကို လက်လီအရောင်းဆိုင်များသို့ ရောင်းချဖြန့်ဖြူးသွားမည်ဖြစ်ပါသည်။ 

     အိန္ဒိယအစိုးရသည် ယခင်နှစ်၌ ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး ဆန်ဈေးနှုန်းများ မှာ ဆက်လက်မြင့်မားနေသဖြင့် ပြည်တွင်းရောင်းလိုအားတိုးတက်စေရန် ပေါင်းဆန်တင်ပို့မှု အပေါ် အခွန် ၂ဝ% ကောက်ခံခဲ့ပါသည်။ သို့သော် အိန္ဒိယအစိုးရသည် နိုင်ငံအချို့၏ တောင်းဆိုမှု အရ စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်ချက်ပြည့်မီစေရန် ဆန်တင်ပို့မှုကို  အခါအားလျော်စွာ ခွင့်ပြုပေးခဲ့ပါသည်။ ရနံ့မွှေးပျံ့သောဘာစမာတီဆန်၏ လက်ရှိ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ် ချက်မှာ ၁ တန်လျှင် ဒေါ်လာ ၉၅ဝ ဖြစ်ပါသည်။ ၂ဝ၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၁ဝဝ ကျော်သို့ ဆန်တန်ချိန် ၂၂ သန်းကို စံချိန်တင် တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ခဲ့သဖြင့် ဆန်တင်ပို့မှုပမာဏမှာ တန်ချိန် ၁၆ သန်းသို့ လျော့နည်း ကျဆင်းခဲ့ပါသည်။

     အိန္ဒိယနိုင်ငံသည် ၂ဝ၁၂ ခုနှစ်ကတည်းက ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်ခဲ့ပြီး တန်ချိန် ၅၂ သန်းမှ ၅၄ သန်းအထိရှိသော နှစ်စဉ်ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် ဝေစု ၄ဝ% ကျော် ပါဝင်ခဲ့ပါသည်။ လက်ရှိ ဝယ်ယူရေးရာသီဖြစ်သော ၂ဝ၂၃-၂၄ ခုနှစ် (အောက်တိုဘာ-စက်တင်ဘာ) အတွင်း အစိုးရအေဂျင်စီများ၏ စပါးဝယ်ယူမှုမှာ တန်ချိန် ၆၈.၅၉ သန်း (ညီမျှသည့် ဆန်တန်ချိန် ၄၅.၉၅ သန်း) ရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလထက် ၇% လျော့နည်းခဲ့ပါသည်။

     အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများသည် ဆောင်းသီးနှံများအား ဈေးကွက်တင်ရောင်းချသည့် ရာသီကာလအတွင်း ဩဒိသျှ၊ တဲလန်ဂါနာ၊ တမီနာဒူနှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်များမှ အရန်ဆန် တန်ချိန် ၁၀ သန်းကို ဝယ်ယူရန် လျာထား ဆောင်ရွက်လျက်ရှိရာ အရန်ဆန်သိုလှောင်မှု လက်ကျန် ပိုမိုများပြားလာမည်ဟု ခန့်မှန်းရပါသည်။ အိန္ဒိယအစိုးရသည် ၂ဝ၂၂-၂၃ ရာသီကာလတွင် ဆန်တန်ချိန် ၅၆.၈၇ သန်းကို ဝယ်ယူခဲ့ပါသည်။ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်းအနေဖြင့် ဆန်ထောက်ပံ့မှု အစီအစဉ်အရ  အကျိုးခံစားခွင့်ရှိသည့် လူဦးရေ သန်း ၈၀၀ သို့ ဖြန့်ဝေပေးရန်အတွက်  နှစ်စဉ်ဆန်တန်ချိန် ၄ဝ သန်းကို စုဆောင်းရန် လိုအပ်လျက်ရှိပါသည်။

Source: Financial Express, May 13, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လက်ရှိဘဏ္ဍာနှစ် ပထမ ၉ လ၌ ပါကစ္စတန်၏ ဆန်တင်ပို့မှုတန်ဖိုး ၇၆% ကျော်တိုးတက်

     ပါကစ္စတန်နိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်တွင် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ ပထမ ၉ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂.၆၉ ဘီလီယံရရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ၌ ဆန်ပို့ကုန်မှ ရရှိခဲ့သောဝင်ငွေ ဒေါ်လာ ၁.၅၂၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇၆.၅၇% တိုး တက်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်၏ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရှိရသည်။

      ပါကစ္စတန်၏ ယခုနှစ် မတ်လ၌ ပြည်ပသို့ ဆန်တင်ပို့မှုမှ ဝင်ငွေမှာ ဒေါ်လာ ၃၅၅.၄၄ သန်း ရှိပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ရရှိခဲ့သော ဒေါ်လာ ၂၀၀.၈၄ သန်းကို ကျော်လွန် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇွန်လတွင် ကုန်ဆုံးခဲ့သော ယခင်ဘဏ္ဍာနှစ် ၁ နှစ်တာအတွင်း ပါကစ္စတန် နိုင်ငံသည် ဆန်တင်ပို့မှုမှ ဝင်ငွေစုစုပေါင်း ဒေါ်လာ ၂.၁၀ ဘီလီယံရရှိခဲ့သည်။

      ပါကစ္စတန်နိုင်ငံ အနေဖြင့် လက်ရှိဘဏ္ဍာနှစ် ပထမ ၉ လအတွင်း ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သောဆန် ၂ မျိုးလုံးကို တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်း ဘာစမာတီဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၆၃၁.၃၃ သန်းရရှိခဲ့ရာ ယခင်နှစ်ကာလတူတင်ပို့မှုအပေါ် ၄၅% ပိုမိုခဲ့ကြောင်း၊ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုမှာ တန်ဖိုး ဒေါ်လာ ၂.၀၅၈ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလတင်ပို့မှုထက် ၈၉.၃၇% တိုးတက်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Minute Mirror, 14 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တောင်သူများထံမှ ပဲမျိုးစုံနှင့် ကြက်သွန်နီဝယ်ယူရရှိရေး ကြိုတင်မှတ်ပုံတင်ရန် အိန္ဒိယအစိုးရ စီစဉ်

    အိန္ဒိယနိုင်ငံတွင် လာမည့်မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိမည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ကြက်သွန်နီတို့ကို အရန်ရိက္ခာထားရှိရေး ဝယ်ယူရန်အတွက် တောင်သူများအနေဖြင့် စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်စင်္ကြန်တွင် ကြိုတင်မှတ်ပုံရန် အစိုးရဝယ်ယူရေးအေဂျင်စီ များဖြစ်သော အမျိုးသားလယ်ယာထွက်ကုန် သမဝါယမဈေးကွက် အသင်းချုပ် (NAFED) နှင့် အမျိုးသား စားသုံးသူ သမဝါယမအသင်းချုပ် (NCCF) တို့က တွန်းအားပေးဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

    အစိုးရအရာရှိများ၏ ပြောဆိုချက်အရ တောင်သူများ၏ ကြိုတင်မှတ်ပုံတင် စာရင်းပေးမှုမှတစ်ဆင့် ဝယ်ယူရရှိနိုင်မည့် သီးနှံပမာဏကို အကဲဖြတ်ချင့်ချိန်လျက် ပဲမျိုးစုံနှင့် ကြက်သွန်နီတို့၏ သိုလှောင်မှု၊ ဖြန့်ဖြူးမှု စသည့် ထောက်ပံ့ပို့ဆောင်ရေး အစီအမံများကို အစိုးရ‌အေဂျင်စီများက လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရ၏ အချက်အလက်စင်္ကြန်၌ မှတ်ပုံတင်ထားသော်လည်း အစိုးရက ကမ်းလှမ်းသည့် ဈေးနှုန်းထက် ပုဂ္ဂလိကကုန်သည်များ၏ ဈေးနှုန်းက ပိုမိုမြင့်မားမှုရှိပါက တောင်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို လွတ်လပ်စွာ ရောင်းချနိုင်ခွင့်ရှိမည်ဖြစ် ကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

      ပဲစင်းငုံ ဝယ်ယူရေးကို သမားရိုးကျ ဆောင်ရွက်လေ့မရှိသော ဘီဟာ၊ ဥတာပရာဒေ့ရှ်နှင့် ဂျားခန် ပြည်နယ်များ၌  လာမည့်မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှ ဝယ်ယူရရှိနိုင်ရေးအတွက် လိုအပ် သော အခြေခံအဆောက်အအုံများကို ထူထောင်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရအရာရှိတစ်ဦး က ပြောဆိုခဲ့သည်။ အနိမ့်ဆုံး အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် တောင်သူများ၏ ကုန်စည်များအား ရောင်းချနိုင်မှု သေချာခိုင်မာစေရေး ရည်ရွယ်ဆောင်ရွက်သော ဈေးနှုန်းထောက်ပံ့မှု အစီအစဉ် အောက်၌ NAFED နှင့် NCCF တို့သည် ရာဂျပ်စတန်၊ မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတကာနှင့် မဟာရဋ္ဌ ပြည်နယ်များရှိ တောင်သူများထံမှသာ ပဲမျိုးစုံဝယ်ယူခြင်းကို အဓိက ဆောင်ရွက်လေ့ရှိသည်။

     အရန်ကြက်သွန်နီ ဝယ်ယူခြင်းကိုမူ မဟာရဋ္ဌပြည်နယ်၌သာ အဓိကထား လုပ်ဆောင်ခြင်း ဖြစ်သည်။ အိန္ဒိယအစိုးရသည် လက်ရှိဘဏ္ဍာနှစ်အတွင်း ကြက်သွန်နီ တန်ချိန် ၅ သိန်း ဝယ်ယူ၍ အရန်ရိက္ခာထားရှိရန် လျာထားပြီး ကြက်သွန်နီ ၁ ကီလိုဂရမ်လျှင် ၁၇ ရူပီးမှ ၂၀ ရူပီးအတွင်းရှိ သောဈေးနှုန်းဖြင့် တောင်သူများထံမှ ဝယ်ယူခြင်းကို NCCF အသင်းချုပ်က လုပ်ကိုင်လျက်ရှိသည်။

Source: Financial Express, 16 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဂျပန်-ထိုင်း ကုန်သွယ်ရေးနှင့်စီးပွားရေးကော်မတီအစည်အဝေးကို တိုကျိုတွင်ပြုလုပ်ခဲ့

       ထိုင်နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai သည် ထိုင်းကိုယ်စားလှယ်အဖွဲ့အားတိုကျိုမြို့ရှိ Imperial Hotel တွင် မကြာသေးမှီကဦးဆောင်ခဲ့ပြီး ဂျပန်-ထိုင်း ကုန်သွယ်ရေးနှင့်စီးပွားရေးကော်မတီဥကဠ Suzuki Jun နှင့် ဂျပန်စီးပွားရေးအဖွဲ့ချုပ် (Keidanren) တို့မှ အမှုဆောင်အရာရှိများနှင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ထိုင်နှင့်ဂျပန်နှစ်နိုင်ငံကြားစီးပွားရေး ဆက်ဆံရေးနှင့် ပက်သက်၍ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါသည်။မကြာသေးမီက ရက်ပေါင်း (၃၀)အထိ အလည်အပတ်လာရောက်သောဂျပန်နိုင်ငံ၏စီးပွားရေးသမားများအတွက် ဗီဇာကင်းလွတ်ခွင့်များကို မီးမောင်းထိုးပြခဲ့ပြီးထိုင်းနိုင်ငံတွင် နောက်ထပ်ရင်းနှီးမြုပ်နှံမှုများ ရေရှည်တည်တံ့ရေးနှင့် စက်မှုလုပ်ငန်းတွင် ဂျပန်စီးပွားရေးလုပ်ငန်းများကိုထည့်သွင်းစဥ်းစားရန် ဂျပန်လုပ်ငန်းရှင်များကို ဖိတ်ကြားခဲ့သည်။

          ထိုင်းနိုင်ငံဂျပန်မော်တော်ကားကုမ္ပဏီ ၈၀၀ ခန့်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ မီးရထားစနစ်များအပါအဝင် အခြားကဏ္ဍများသို့ကူးပြောင်းရန် အခွင့်အလမ်းများကို နှစ်ဖက်စလုံးကရှာဖွေခဲ့ကြသည်။ များပြားလှသောကုမ္ပဏီများနှင့် အသင်းအဖွဲ့များ၏ကွန်ရက်များပါဝင်သော  Keidanren သည် ထိုင်းနိုင်ငံကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ဂျပန်ကုမ္ပဏီပေါင်း(၅၈၀၀) ကျော်ဖြင့် ဂျပန်နိုင်ငံ၏ထောက်ပံ့ရေးကွင်းဆက်များတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို အတည်ပြုခဲ့သည်။

          Suzuki Jun သည်နှစ်နိုင်ငံဆက်ဆံ‌ရေး တိုးမြှင့်စေရန်အတွက် အားတက်သရောထုတ်ဖော်ပြောကြားခဲ့ပြီး ဒီဇင်ဘာလတွင်ကျင်းပသည့် (၂၅)ကြိမ်မြောက်ဂျပန်-ထိုင်း ကုန်သွယ်မှုနှင့် စီးပွားရေးကော်မတီအစည်အဝေးသို့ထိုင်းဝန်ကြီးအားဖိတ်ကြားခဲ့သည်။

DOCA(ရန်ကုန်)

 

ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၇၀ ရရှိခဲ့သည့် ကမ္ဘောဒီးယား

          ယခုနှစ်၏ ပထမလေးလတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာသန်း (၁၇၀) ပမာဏရှိသည့် ဆန်တန်ချိန် ၂၄၈၄၉၁တန်ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းအဖွဲ့ချုပ်၏ (၈-၅-၂၀၂၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဧပြီလတစ်လတည်းတွင် ဆန်တန်ချိန် ၈၂၄၉၁တန်တင်ပို့ခဲ့ခြင်းမှ အမေရိကန်ဒေါ်လာ ၄၆.၆သန်းရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ယခုနှစ်၏ ပထမလေးလတွင် အမေရိကန်ဒေါ်လာ ၄၂.၂၈သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၆၇၄၅၇တန်ဝယ်ယူခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၁၀၅၇၉၉တန်ကို ဥရောပရှိ နိုင်ငံ ၂၆နိုင်ငံကိုတင်ပို့ခဲ့ပြီး ၅၇၇၆၆တန်ကို အာဆီယံဒေသရှိနိုင်ငံ ၇နိုင်ငံနှင့် ၂၁၄၆၉တန်ကို အခြားဒေသများသို့ တင်ပို့ခဲ့သည်ဟုသိရပါသည်။ တင်ပို့ခဲ့သည့် ဆန်များထဲတွင် ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များပါဝင်ပြီး ဆန်မွှေးတင်ပို့မှုမှ စုစုပေါင်းဆန်တင်ပို့မှု၏ ၇၃ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘောဒီးယားနိုင်ငံသည် မကြိတ်ခွဲရသေးသည့် ရိတ်သိမ်းပြီးသော စပါးတန်ချိန် ၁၂သန်းနှင့် ကြိတ်ခွဲပြီးသောဆန် ၇သန်းထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းလိုအပ်ချက်၏ ၅၀ရာခိုင်နှုန်းပိုမိုကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ အနာဂတ်ရည်မှန်းချက်မှာ အစားအစာများဖူလုံစိတ်ချရမှုရှိရေးနှင့် လယ်သမားများကို ပံ့ပိုးပေးနိုင်ရန်အပြင် တည်ငြိမ်သေစီးပွားရေးနှင့် ပတ်ဝန်းကျင်ကိုဖန်တီးရန်ဖြစ်ကြောင်း ကမ္ဘောဒီးယားဆန်စပါးကဏ္ဍသည် နိုင်ငံတော်အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစားအစာများထုတ်လုပ်ရာတွင် အောင်မြင်မှုရရှိရုံသာမက ကမ္ဘာ့အစားအစာဖူလုံစိတ်ချရမှုရှိစေရေးတွင်လည်း ပူးပေါင်းပါဝင်လျက်ရှိကြောင်း အတွင်းရေးမှူးက ဆက်လက်ပြောကြားခဲ့ပါသည်။ ၂၀၂၄ခုနှစ်၏ ပထမလေးလပတ်ကာလတွင် စပါးနှင့် ကြိတ်ခွဲပြီးသားဆန်များတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ ပထမလေးလပတ်ကာလထက် ၃၀ရာခိုင်နှုန်း တိုးတက်လာကြောင်းသိရပါသည်။

        ၂၀၁၅ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန် ၁သန်းတင်ပို့နိုင်ရန် ရည်မှန်းချက်ထားခဲ့သော်လည်း ဆယ်စုနှစ် ၁စုနီးပါးကြာသည့်အချိန်ထိ ရည်မှန်းချက်မအောင်မြင်သေးကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၅ခုနှစ်တွင် အနည်းဆုံးဆန်တန်ချိန် ၁သန်းတင်ပို့နိုင်ရန် ရည်မှန်းချက်ထားလျက်ရှိပါသည်။ လွန်ခဲ့သည့်လေးနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ တစ်နှစ်ကို ဆန်တန်ချိန် ၆သောင်းကျော် ပုံမှန်တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

Source : Khmar Times

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကို လွှမ်းမိုးထားသည့်ထိုင်းနိုင်ငံကို ဗီယက်နမ်နိုင်ငံစိန်ခေါ်လာ

       တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့သည့်နိုင်ငံများတွင် ထိပ်ဆုံးနေရာတွင်ရပ်တည်နေသည့် ထိုင်းနိုင်ငံသည် စိန်ခေါ်မှုများရင်ဆိုင်လာရသည်ဟု ဒူးရင်းသီးစျေးကွက်အရင်းအမြစ်အရ သိရပါသည်။ ယခုနှစ် ပထမသုံးလပတ်ကာလတွင် ဒူးရင်းသီးတန်ချိန်(၄၈၀၀၀) ကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ပြီး အဆိုပါပမာဏထဲမှတန်ချိန်(၃၅၀၀၀)ကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ တန်ချိန်(၁၃၀၀၀)ကိုသာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ရှင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရသိရပါသည်။ အဆိုပါဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံက တင်ပို့မှု (၄၈.၁)ရာခိုင်နှုန်းတိုးတက်လာပြီး ထိုင်းနိုင်ငံက (၅၉.၅)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကျဆင်းရခြင်းမှာ မိုးခေါင်ခြင်းနှင့် ရာသီဥတုပူပြင်းသောကြောင့် ထုတ်လုပ်မှကျဆင်းသောကြောင့်ဖြစ်သည်ဟုသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် ဒူးရင်းသီးတန်ချိန်(၁.၄၂)သန်းတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ (၉၂၈၆၄၄)တန်၊ ရာခိုင်နှုန်းအားဖြင့် (၆၅.၁၉)ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံထံမှ (၄၉၂၁၁၁)တန်၊ ရာခိုင်နှုန်းအားဖြင့် (၃၄.၅၅)ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံထံမှ (၃၇၇၀)တန်၊ ရာခိုင်နှုန်းအားဖြင့် (၀.၂၆)ရာခိုင်နှုန်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံဒူးရင်းသီးစားသုံးသူများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့၏ ယှဥ်ပြိုင်မှုကိုရင်ဆိုင်နေရကြောင်းသိရပါသည်။ တရုတ်နိုင်ငံရှိ ဒူးရင်းသီးအဓိကတင်သွင်းသူတစ်ဦးက (၂၀၂၃)မတိုင်မီတွင် ကုမ္ပဏီသည် ထိုင်းနိုင်ငံထံမှသာ ဒူးရင်းသီးများတင်သွင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်မြင့်တက်လာမှုကြောင့် ထောက်ပံ့ရေးအရင်းအမြစ်များ တစ်နိုင်ငံမက လိုအပ်လာကြောင်း ရှင်ဟွာသတင်းဌာနကိုပြောကြားခဲ့ပါသည်။ တင်သွင်းသူတစ်ဦးကလည်း ဒူးရင်းသီးတင်သွင်းမှုမှာ ယခုအခါ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံဟူ၍ နှစ်ပိုင်းကွဲသွားကြောင်း၊ ဗီယက်နမ်နိုင်ငံသည် သယ်ယူရသည့်လမ်းကြောင်းပိုမိုတိုတောင်းခြင်းနှင့် ကုန်ကျမှုနည်းပါးခြင်းကြောင့် ထိုင်းနိုင်ငံထက် အသာရကြောင်းနှင့် ထိုင်းနိုင်ငံသည် (၂၀၂၂)ခုနှစ်၊ စက်တင်ဘာမှစ၍ ၎င်းတို့၏စျေးကွက်ဝေစုလျော့ကျလာကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ယှဥ်ပြိုင်နိုင်စွမ်းကိုဆက်လက်ထိန်းသိမ်းရန် ၎င်းတို့တင်ပို့မည့်ဒူးရင်းသီးများ၏ အရည်အသွေး ထိမ်းချုပ်မှုအတိုင်းအတာများကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားသင့်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့‌ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်းသိရပါသည်။ နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်မှုဌာန၏ တရားဝင်ဖော်ပြချက်အရ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထံမှ ဒူးရင်းသီးများကိုသာတင်သွင်းခွင့်ပြုကြောင်းသိရှိရပါသည်။

Source; Bangkok Post

DOCA(ရန်ကုန်)        

အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှု ယခုနှစ် ဧပြီလ၌ ၄၁% မြင့်တက်ခဲ့

     စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာမှုအရ ပြန်လည်သန့်စင်သည့် စက်ရုံများ၏ ဝယ်ယူမှု များပြားလာသဖြင့် အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း စားအုန်းဆီတင်သွင်းမှုသည် ယခင် လကထက် ၄၁% မြင့်တက်လျက် သုံးလတာကာလ၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ကုန်သည် လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်သွင်းသည့် နိုင်ငံဖြစ်သော အိန္ဒိယ၏ ဝယ်ယူမှုမြင့်မားခြင်း က မလေးရှား စားအုန်းဆီကြိုရောင်းဈေးကွက်၌ စံပြုရောင်းဝယ်သည့် FCPOc3 အဆင့် စားအုန်း ဆီကြမ်း၏ ၃ လအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေမှုကို တိုးတက်လာစေဖွယ်ရှိသည်။ အဆိုပါ ကုန်သည်များက အိန္ဒိယနိုင်ငံအနေဖြင့် ဧပြီလအတွင်း စားအုန်းဆီ တန်ချိန် ၆၈၂၀၀၀ တန် ခန့် တင်သွင်းခဲ့သည်ဟု ခန့်မှန်းထားကြသည်။

     စားသုံးဆီကုန်သွယ်မှုနှင့် ပွဲစားလုပ်ငန်းတစ်ခုဖြစ်သော GGN Research မှ စီမံခန့်ခွဲရေး မိတ်ဖက်ဆောင်ရွက်သူ Rajesh Patel က မကြာသေးမီကာလ၌ ဈေးနှုန်းများ ပြန်လည်ချိန်ညှိခဲ့မှု အရ စားအုန်းဆီသည် ပဲပုပ်ဆီနှင့် နေကြာဆီတို့ထက် ဝယ်ယူသူများအား ပိုမိုဆွဲဆောင်နိုင်မှု ရှိလာ ကြောင်း ပြောကြားခဲ့သည်။ ကုန်သည်များ၏ ပြောဆိုချက်အရ ဇွန်လတွင် အိန္ဒိယဆိပ်ကမ်း အရောက် တင်ပို့မည့် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်စရိတ်များ ပါဝင်သော CIF ဈေးနှုန်းသည် စားအုန်းဆီကြမ်းအတွက် ၁ တန်လျှင် ၉၂၀ အမေရိကန်ဒေါ်လာ (မလေးရှား ရင်းဂစ် ၄၃၈၄) ခန့်ရှိပြီး ပဲပုပ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့မှာ ၁ တန်လျှင် ၉၂၀ ဒေါ်လာနှင့် ၉၄၅ ဒေါ်လာခန့် အသီးသီးရှိကြောင်း သိရှိရသည်။ လွန်ခဲ့သော ၁ လခန့်ကမူ စားအုန်းဆီကြမ်း၏ ဈေးနှုန်းသည် အဆိုပါ ပြိုင်ဘက် စားသုံးဆီများထက် ၁ တန်အပေါ်တွင် ဒေါ်လာ ၅၀ ခန့် ပိုမို မြင့်မားနေခဲ့သည်။

     ဝယ်ယူသူများအနေဖြင့် နေကြာဆီတင်သွင်းမှုကို လျှော့ချလျက် စားအုန်းဆီသို့ ပြောင်းလဲ ဝယ်ယူလာကြသဖြင့် အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုမှာ မေလတွင် တန်ချိန် ၇ သိန်းခန့်အထိ မြင့်တက်လာနိုင်သည်ဟု Sunvin Group စားသုံးဆီကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Sandeep Bajoria က ပြောဆိုသည်။

     ဧပြီလအတွင်း အိန္ဒိယ၏ နေကြာဆီတင်သွင်းမှုမှာ တန်ချိန် ၂၃၃၀၀၀ ခန့်ရှိပြီး ယခင်လ ထက် ၄၈% ကျဆင်းခဲ့ကြောင်း၊ ပဲပုပ်ဆီတင်သွင်းမှုမှာမူ တန်ချိန် ၃၉၁၀၀၀ ရှိပြီး ၇၉% တိုးတက် လျက် ၁၀ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ ပြန်လည်သန့်စင်ထုတ်လုပ်ရာတွင် အမြတ် အစွန်း ပိုမိုရရှိသဖြင့် ထိုကဲ့သို့ တင်သွင်းမှုမြင့်တက်ရခြင်းဖြစ်ကြောင်း၊ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ ကို တင်သွင်းမှုမြင့်မားခြင်းက အိန္ဒိယ၏ ဧပြီအတွက် စားသုံးဆီတင်သွင်းမှုကို ၁၃% တိုးတက် လျက် တန်ချိန် ၁.၃ သန်းအထိ ရောက်ရှိစေခဲ့ကြောင်း ကုန်သည်များက ပြောကြားခဲ့ကြသည်။

Source: The Edge Malaysia, 2 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗြိတိန်၏ သစ်တောဥပဒေသည် စားအုန်းဆီကုန်သွယ်မှုအပေါ် တရားမျှတမှုရှိရန် လိုအပ်ကြောင်း အင်ဒိုနီးရှားပြောဆို

     စားအုန်းဆီကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိစေမည့် ဗြိတိန်၏ သစ်တောကဏ္ဍအပေါ် ဆိုးကျိုး အန္တရာယ်ဖြစ်စေသည့်ကုန်ပစ္စည်းဆိုင်ရာ ဥပဒေ (Due Diligence Law) အား မျှတမှုရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး အင်ဒိုနီးရှားနိုင်ငံက ဗြိတိန်နိုင်ငံသို့ တောင်းဆို တိုက် တွန်းထားကြောင်း Antara News ဌာနက မေလ ၁ ရက်နေ့တွင် ဖော်ပြပါသည်။

    အင်ဒိုနီးရှား စီးပွားရေးရာညှိနှိုင်းရေး ဝန်ကြီး Mr. Airlangga Hartarto သည် ဗြိတိန်နိုင်ငံ၊ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာ ဝန်ကြီး Mr. Richard Henry Ronald Benyon နှင့် ၃၀-၄-၂၀၂၄ ရက်၊ အင်္ဂါနေ့၌ လန်ဒန်မြို့တွင် တွေ့ဆုံစဉ် အဆိုပါတောင်းဆိုချက်ကို ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

     အဆိုပါ Due Diligence Law သည် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေခြင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းအပေါ် ခွဲခြားဆက်ဆံခြင်းတို့ ပြုလုပ်ခြင်းမပြုစေလိုကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်တည်တံ့သော ဘက်စုံကုန်သွယ်မှုစနစ်ကို တည်ဆောက်ပိုင်ခွင့်ရှိ ကြောင်း၊ ဗြိတိသျှအစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု၊ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေးနှင့် နိုင်ငံစုံ ကုန်သွယ်မှု စည်းမျဉ်းများနှင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာမည်ဟု မျှော်လင့်ကြောင်း ၁-၅-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်ခဲ့သည့် အင်ဒိုနီးရှား၊ စီးပွားရေးရေးရာညှိနှိုင်းရေးဝန်ကြီး Mr. Hartarto ၏ တိုက်တွန်းချက်တွင် ပါဝင်ကြောင်း သိရပါသည်။

      ဗြိတိန်နိုင်ငံ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီး Mr. Benyon ၏ ပြောကြားချက်မှာ ဗြိတိန်အစိုးရသည် မိတ်ဖက်နိုင်ငံများရှိ စံချိန်စံညွှန်းများနှင့် အသိအမှတ်ပြုလက်မှတ်များကို ထည့်သွင်းစဉ်းစားလျက်ရှိပြီး တိကျသေချာသောနည်းဥပဒေများဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းကို အသုံးပြုမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စံနှုန်းများတွင် အင်ဒိုနီးရှား၏ စဉ်ဆက်မပြတ်စားအုန်းဆီ ထုတ်လုပ်ရေးစနစ် (ISPO) နှင့် စဉ်ဆက်မပြတ် စားအုန်းဆီဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးချက် (RSPO) တို့ပါဝင်ကြောင်း၊ အင်ဒိုနီးရှား၏ ဆီအုန်းစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် လုပ်ကွက်ငယ်တောင်သူမျာ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအပေါ် ဗြိတိန်အစိုးရအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ဖော်ပြပါရှိပါ သည်။

     ဗြိတိန်နိုင်ငံ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီး Mr. Benyon က သစ်တောကဏ္ဍအပေါ် ဆိုးကျိုးအန္တရာယ်ဖြစ်စေသည့်ကုန်ပစ္စည်းဆိုင်ရာနည်းဥပဒေကို အကောင်အထည်‌ ဖော်ဆောင်ရွက်ရာတွင် ဗြိတိန်သည် ဥရောပသမဂ္ဂနှင့် ကွဲပြားနေပြီး သစ်တောရေရှည်တည်တံ့မှုအတွက် ဆိုးကျိုးအန္တရာယ်မရှိဘဲ ရေရှည်တည်တံ့သော ထုတ်ကုန်များ ထောက်ပံ့ရေးကွင်းဆက်ကို အင်ဒိုနီးရှားနှင့် တည်ဆောက်လိုကြောင်း ပြောကြားခဲ့သည်။

     အင်ဒိုနီးရှား၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Mr. Hartarto သည် ဇီဝဒီဇယ် ထုတ်လုပ်ရေး (B40) အစီအစဉ်၊ ဒီရေတော စိုက်ခင်းနှင့် စွမ်းအင်အကူးအပြောင်း အရှိန်မြှင့်ခြင်း စသည့် အစီအမံ များမှတစ်ဆင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ရာတွင် အင်ဒိုနီးရှား၏ တိုးတက်မှုကို အဆိုပါတွေ့ဆုံမှုအတွင်း မျှဝေခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ၎င်း၏ ခိုင်မာသော ကတိကဝတ်ပုံစံတစ်ခုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အဆင့်မြှင့်တင်ထားသည့် Nationally Determined Contributions (NDCs) စာတမ်းကို ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) အတွင်းရေးမှူးရုံးသို့ တင်သွင်းခဲ့ကြောင်း၊ ဤစာတမ်း တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၃၁.၈၉ ရာခိုင်နှုန်းကို ခြွင်းချက်မရှိ သို့မဟုတ် နိုင်ငံတကာ အကူအညီမပါပဲ ဖြတ်တောက်နိုင်ရန် ဦးတည်ဆောင်ရွက်နေသည်ကို ဖော်ပြထားကြောင်း သတင်း ရရှိပါသည်။

Source: Antara News, May 1, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ