ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

အသေးစားလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏အခွန်သက်သာခွင့်

          တရုတ်နိုင်ငံတွင်  အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင်ကို တက်ကြွစွာ ဖန်တီးဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် အငယ်စားနှင့်အသေးစားလုပ်ငန်းများ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကို လျော့ပါးသက်သာစေသောဘဏ္ဍာရေး အခက်အခဲများကို ဖြေရှင်းပေးသည့် စီမံဆောင်ရွက်မှုများ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံက အသေးစားလုပ်ငန်းများအတွက် အဓိကဆောင်ရွက်ပေးထားသည့် အခွန်သက်သာခွင့်များတွင် အသေးစားနှင့် အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန် ဖြတ်တောက်ပေးမှု၊ အသေးစားလုပ်ငန်းပိုင်ရှင်များအတွက် တစ်သီးပုဂ္ဂလဝင်ငွေခွန် လျှော့ချပေးမှု၊ အသေးစားအခွန်ဝန်ထမ်းများအတွက်  တန်ဖိုးဖြည့်အခွန်၊ အခြားအခွန်အခနှင့် အခကြေးငွေများ သက်သာခွင့်နှင့် အသေးစားနှင့်အငယ်စားလုပ်ငန်းများ၏ ဘဏ္ဍာရေးကုန်ကျစရိတ်များ ပိုမို သက်သာစေရန် အခွန်စီမံဆောင်ရွက်ပေးမှုများ ပါဝင်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-  နန်နင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စားအုန်းဆီဈေး ကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းမည်

          ယခင်နှစ်က တစ်ပုလင်းလျှင် ဘတ်ငွေ(၅၀-၆၀)သာရှိခဲ့သည့်စားအုန်းဆီဈေးနှုန်းများသည် ယခုကာလ(ဇန်နဝါရီလ)အတွင်း တစ်ပုလင်းလျှင်ဘတ်ငွေ(၇၀)အထိတက်သွားပြီးနောက် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပါဈေးနှုန်းမြင့်တက်သွားခြင်းကို ကိုင်တွယ် ဆောင်ရွက်မည်ဟုကတိပြုခဲ့ကြောင်း၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်ရသည့် အကြောင်းအရင်း မှာ စားအုန်းဆီအစေ့နှင့်စားအုန်းဆီကြမ်းဈေးနှုန်းများမြင့်တက်ခဲ့၍ဖြစ်ရာ ဆီအုန်းစေ့ဈေးနှုန်းများ သည်(၅)နှစ်တာကာလအတွင်း ဘတ်ငွေ(၁၀-၁၁)ထိ မြင့်တက်ခဲ့ရာ ထိုသို့ဈေးနှုန်းမြင့်မားမှုသည် တောင်သူများကို အကျိုးရှိစေမည်ဖြစ်သော်လည်း စားသုံးသူများကိုထိခိုက်စေကြောင်း၊ စိုက်ပျိုးသူ လယ်သမားများ၊ ထုတ်လုပ်သူများနှင့် စားသုံးသူများစသည့် သက်ဆိုင်သူအားလုံးတို့အတွက် ဟန်ချက်ညီမျှတစွာ အကျိုးရှိစေရန်အတွက် ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနနှင့် လုပ်ငန်းအဖွဲ့ကို

ညွှန်ကြားခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အစိုးရက ဈေးကွက်တွင်ဝင်ရောက် စွက်ဖက်၍ စားအုန်းဆီကို ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းရန်မဖြစ်နိုင်ကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ အဆိုအရ ကုန်တိုက်များနှင့် လက်လီလက်ကားဆိုင်များတွင် ရောင်းချသော စားအုန်းဆီဗူးများ၏ ဈေးနှုန်းများသည် ၎င်းတို့၏ဈေးနှုန်းများကို ထိန်းသိမ်းပေးရန် ဌာနမှတောင်းဆိုညှိနှိုင်းထားသည့် ဈေးနှုန်းအတိုင်းအတာအတွင်း ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ဆီအုန်းထွက်ရှိချိန်၌ ‌ဈေးနှုန်းအခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံတွင် စားအုန်းဆီကြမ်းသိုလှောင်ထားရှိမှုမှာ တန်ချိန် (၁၇၀၀၀၀)သာရှိရာ တိုင်းပြည်လိုအပ်ချက်ဖြစ်သည့် တန်ချိန်(၃၀၀၀၀၀)နှင့်နှိုင်းယှဉ်ပါက သိသာစွာ နည်းပါးလွန်းသည်ဟု ယူဆရကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၅၆)ဘတ်ရှိရာ ၎င်းမှာယခင်နှစ်ကာလတူ ဇန်နဝါရီလကရရှိခဲ့သည့်(၃၅)ဘတ်ထက် ပိုမို မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစားအုန်းဆီကြမ်းဈေးနှုန်းမှာ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှုန်းဖြစ်သည့် (၄၄)ဘတ်ထက် တစ်ကီလိုဂရမ်လျှင် (၁၂-၁၃)ဘတ်ခန့် မြင့်တက်နေကြောင်း၊ ယခုနှစ်တွင် ဆီအုန်းစေ့တန်ချိန်(၁၇)သန်းခန့်ထောက်ပံ့ဖြည့်တင်းနိုင် လိမ့်မည်ဟု စိုက်ပျိုးရေးစီးပွားရေးရုံးမှ ခန့်မှန်းထားကြောင်း၊ ပြည်တွင်းဝယ်လိုအားအနေဖြင့် ပြည်တွင်းထောက်ပံ့ဖြည့်ဆည်းမှုနှင့် အနီးစပ်ဆုံးကိုက်ညီမည်ဟု မျှော်မှန်းကြောင်း၊ စုစုပေါင်း ထောက်ပံ့ဖြည့်ဆည်းမှုတွင် တန်ချိန် (၁)သန်းမှာ စားအုန်းဆီထုတ်လုပ်ရန်နှင့် ကျန်ရှိသည် များမှာ ဇီဝဒီဇယ်အတွက်နှင့် သိုလှောင်ထားရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ် မြှင့်တင်ဆောင်ရွက်

          အိန္ဒိယနိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်၍ပြည်ပသို့တင်ပို့နိုင်ရေး တွန်းအား ပေးဆောင်ရွက်လျှက်ရှိရာ အိန္ဒိယစက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဉီးစီးဌာန (DPIIT) သည်ခရိုင်တစ်ခုထုတ်ကုန်တစ်ခု(ODOP Initiative)အကောင်အထည်ဖော်ဆောင်မှု ဆိုင်ရာညီလာခံဆွေးနွေးပွဲကို ဇန်နဝါရီ၊တတိယပတ်တွင် ကျင်းပခဲ့ရာ အဆိုပါဌာနမှ အရန် အတွင်းဝန်၊ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များမှအတွင်းဝန်များ၊ ပြည်နယ်စက်မှု လုပ်ငန်းမြှင့်တင်ရေးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်သည် သစ်ကြားသီးနှင့် ပန်းသီးတို့ကို ခရိုင်တစ်ခုထုတ်ကုန်တစ်ခု(ODOP)လုပ်ငန်းအဖြစ် Dubai Expo 2020 ၌ ပါဝင်ပြသလျက် ရောင်းသူဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲများပြုလုပ်ခြင်းဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ဥတာပရာဒေ့ရှ်ပြည်နယ်သည် ၎င်း၏ခရိုင်များ အားလုံးမှ လက်မှုအနုပညာရှင်များနှင့် ကုန်ထုတ်လုပ်သူများအတွက် ODOP အကောင်အထည် ဖော်ဆောင်မှုကို စံနမူနာပြလုပ်ဆောင်နိုင်သကဲ့သို့ တြိပူရပြည်နယ်သည်လည်း ပြည်နယ် အစိုးရနှင့် ODOP အဖွဲ့များအကြား ပူးပေါင်းလုပ်ကိုင်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် လမ်းပြမြေပုံအားချမှတ်နိုင်ခဲ့ပြီး ခရိုင်(၈)ခုလုံးမှ ထုတ်ကုန်(၁)မျိုးစီအား ပြည်ပတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ DPIIT ဌာနရှိ အိန္ဒိယရင်းနှီးမြှုပ်နှံမှုအေဂျင်စီသည် ODOP လုပ်ငန်းများအတွက် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်း‌ဆောင်ရည်မြှင့်တင်မှုနှင့်ကုန်သွယ်မှု လွယ်ကူစေရေး အစီအမံများကိုဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်နယ်များမှထုတ်ကုန်ရောင်းချ လိုသူများ၏ အချက်အလက်များကိုမျှဝေဖလှယ်၍ ဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရေး ODOP လုပ်ငန်းအဖွဲ့များက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု (ODOP)လုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြည်နယ် တစ်ခုစီတွင် တာဝန်ယူ‌‌ဆောင်ရွက်မည့်အရာရှိများကို ခန့်အပ်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ သည် ကျေးလက်ဒေသရှိ လက်မှုအနုပညာရှင်များ၏ ခရိုင်တစ်ခုထုတ်ကုန်တစ်ခု ODOP လုပ်ငန်းအစီအစဉ်မှ ထုတ်ကုန်များကို အင်တာနက်ကွန်ယက်စနစ်၌ အခြေပြုရောင်းချနိုင်ရေးအတွက် e-commerce  လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီကြီးများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ DPIIT ဌာနမှ ညွှန်ကြားရေးမှူးက အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင်  ODOP Initiative အား ကျယ်ပြန့်အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်နယ်များရှိ စက်မှုလုပ်ငန်းဌာနများအနေဖြင့် တက်ကြွစွာ ပါဝင်ပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံပိုမိုစိုက်ပျိုးရန်အိန္ဒိယအစိုးရလျာထား

          အိန္ဒိယနိုင်ငံ  စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည်  ယခု နှစ်အတွက် နွေသီးနှံစိုက်ပျိုးရေးသုံးသပ်မှုဆိုင်ရာ အမျိုးသားအဆင့်ညီလာခံဆွေးနွေးပွဲကို ဇန်နဝါရီနောက်ဆုံးပတ်တွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့ရာ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အဆင့်မြင့်အရာရှိများက နွေသီးနှံတိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ ကြကြောင်း၊ ထိုသို့တိုးချဲ့စိုက်ပျိုးရန် လျာထားသည့်သီးနှံများတွင်  ပဲမျိုးစုံစိုက်ဧက ဟက်တာ (၂၁.၀၅) သိန်း၊ ဆီထွက်သီးနှံဟက်တာ(၁၃.၇၈)သိန်းနှင့် အခြားသီးနှံဟက်တာ (၁၇.၈၉)သိန်း ပါဝင်မည်ဖြစ်ကြောင်း၊နွေစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်က ဟက်တာ (၄၀)သိန်းခန့်ရှိပြီး ယခုနှစ်တွင် ဟက်တာ (၃၀-၄၀)ခန့် စိုက်ပျိုးနိုင်ဖွယ်ရှိကြောင်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအား စပါးစိုက်ပျိုးရန် ရည်မှန်းထားသည့် လှပ်မြေဧရိယာနေရာများ၌ တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ နွေသီးနှံပဲမျိုးစုံတွင် ပဲတီစိမ်းသည် အဓိကသီးနှံဖြစ်ရာ ယခင်နှစ်၌ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်များ တွင်  စုစုပေါင်းဟက်တာ(၁၄.၄၅)သိန်းခန့် စိုက်ပျိုးခဲ့ပြီး မတ်ပဲကို ဒုတိယအများဆုံးအဖြစ်  ဟက်တာ(၂.၉၈)သိန်းစိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ် နွေသီးနှံရာသီ၌ ပဲတီစိမ်း ဟက်တာ(၁၇.၅၈)သိန်း၊ မတ်ပဲ ဧရိယာဟက်တာ(၃.၁၃)သိန်းနှင့် အခြားပဲများကို ဟက်တာ(၀.၃၄)သိန်း စိုက်ပျိုးရန် လျာထားကြောင်း၊ နွေရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို ယခင်နှစ်က စိုက်ဧက ဟက်တာ (၅.၉၅)သာ စိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ(၇.၆၀) သိန်း၊ နှမ်းကို ယခင်နှစ်က စိုက်ဧက ဟက်တာ(၄.၂၇)သာစိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ(၅.၂၅) သိန်းသို့ တိုးမြှင့်စိုက်ပျိုးရန်လျာထားကြောင်း၊ ယခုနှစ် စိုက်ပျိုးရေရရှိနိုင်မှုက နွေသီးနှံတိုးချဲ့စိုက်ပျိုး ရန်ကောင်းမွန်သည့်အခြေအနေကိုဖြစ်ပေါ်စေပြီး ဓါတ်မြေဩဇာသွင်းအားစု လုံလောက်စွာရရှိရေး အိန္ဒိယအစိုးရက စီမံ‌ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

ဟောင်ကောင်ဒေသသို့တင်သွင်းသည့်အစားအသောက်များဈေးနှုန်းမြင့်တက်နိုင်

          ဟောင်ကောင်‌ဒေသ၌  ကုန်ပစ္စည်းတင်လေယာဉ်များပြေးဆွဲမှုနှင့် လေယာဉ်ဝန်ထမ်းများ အသွားအလာကန့်သတ်စောင့်ကြည့်ရေးတို့နှင့်ပတ်သက်၍ တင်းကြပ်သော ဆောင်ရွက်မှုများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာနိုင်ပြီး သစ်သီးဝလံများ၊ ပင်လယ်စာများနှင့် အွန်လိုင်း မှရောင်းချသည့် အဆင့်မြင့် ထင်ရှားသော အမှတ်တံဆိပ်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာနိုင်သော်လည်း တရုတ်ပြည်မကြီးမှ ကုန်တင်ကားများဖြင့် အဓိကတင်သွင်းသည့် ဟင်းသီးဟင်းရွက်များနှင့်အသားများ ဈေးနှုန်းတည်ငြိမ်မှုရှိနိုင်ကြောင်း၊ အလွယ်တကူပျက်စီးလွယ်သော သစ်သီးဝလံ များနှင့် ပင်လယ်စာအများစုမှာ ကုန်တင်လေယာဉ်ပြေးဆွဲမှု လျှော့ချခြင်းကြောင့် ထိခိုက်မှုရှိနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကုန်ကျစရိတ်များကြောင့်စားသုံးသူများကို ရိုက်ခတ်လာနိုင်ကြောင်း၊ ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ မြင့်တက်လာနိုင်သော်လည်း တရုတ်ပြည်မကြီးနှင့် ကုန်းလမ်းကြောင်းမှ သယ်ယူပို့ဆောင်စရိတ်မှာမူ တည်ငြိမ်မှုရှိနိုင်ကြောင်း၊ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း အစားအစာများ ချက်ပြုတ်ရောင်းချရန် အသုံးပြုသည့် ဟင်းခတ်အမွှေးအကြိုင်များ၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး စားသောက်ဆိုင်များအား ဆိုင်ပိတ်ချိန် ကန့်သတ်ထားမှုကြောင့် လတ်ဆတ်သောပင်လယ်စာများနှင့်အသားများ  ဈေးလျှော့ ရောင်းချရလျက်ရှိကြောင်း၊ အဆိုပါအားလပ်ရက်ပြီးလျှင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများမှာ ပုံမှန်လုပ်ငန်းဆောင်ရွက်မှု၏ ၇၀-၈၀% ပြန်လည်လုပ်ကိုင်ဆောင်ရွက်လာနိုင်ကြောင်း၊ စားသောက်ဆိုင်များဖွင့်လှစ်ချိန် ကန့်သတ်ထားမှုကြောင့် ညစာအတွက်ရောင်းချရန် ငါးစီဖောင်း ကဲ့သို့သော ပင်လယ်အစားအစာအခြောက်အခြမ်းများကိုသာ ဝယ်ယူမှုများရှိနေသဖြင့် ပင်လယ်စာ လက်ကားရောင်းချသူများတွင် ပင်လယ်အစားအစာအခြောက်အခြမ်းများနှင့် အေးခဲအစား အစာများအပါအဝင် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ (၁) ဘီလီယံခန့် တန်ဖိုးရှိပစ္စည်းများ လက်ကျန်ရှိနေကြောင်းသိရှိရပါသည်။

(ရင်းမြစ်-  ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

နယ်စပ်ဂိတ်မှတစ်ဆင့်မြန်မာနိုင်ငံသို့ကုန်သွယ်မှုဆိုင်ရာအစည်းအဝေးကျင်းပ

          အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ မိုရေးမြို့ရှိ နယ်စပ်စုပေါင်းစစ်ဆေးရေးဂိတ်အား ဖြတ်သန်း၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလလယ်၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးသို့ LCS မိုရေးအကောက်ခွန် ဌာနမှူး၊ ICPမိုရေးဂိတ်မန်နေဂျာ၊ လက်ထောက်ကောလိပ်တော်အရာရှိနှင့် အမှတ် ၄၃ အာသံ ရိုင်ဖယ်တပ်(မိုရေး)မှ ဗိုလ်မှူးကြီး၊ နယ်စပ်ဂိတ်စခန်းနှင့် အိန္ဒိယလူဝင်မှု ကြီးကြပ်ရေးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဒေသတွင်း တရားမဝင်ကုန်သွယ်မှုလုပ်ကိုင်ရန် မျက်နှာသာ ပေးလျှက်ရှိသော ကိစ္စရပ်များ၊ မိုရေးဂိတ်အားဖြတ်သန်း၍ တရားဝင်ကုန်သွယ်မှုလုပ်ဆောင်လာစေရေး မြှင့်တင်နိုင်မည့် နည်းလမ်းများ၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေမှုအရ စိမ့်ဝင်လာနိုင်မှု၊ မြန်မာနိုင်ငံအားဖြတ်သန်း၍ တတိယနိုင်ငံတစ်ခုမှ ကုန်ပစ္စည်းများတင်သွင်းခြင်းအတွက် သီးခြားကုန်သွယ်ရေးသဘောတူညီချက်များကင်းမဲ့မှု၊ မိုရေးမြို့၌ ပြည်ဝင်ဗီဇာထုတ်ပေးနိုင်မည့် အခြေခံအဆောက်အအုံများမရရှိနိုင်မှုနှင့် အခြားအထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)      

RCEP တွင် တောင်ကိုရီးယားပါဝင်မှုပိုမိုလိုလား

          ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၏ အလုပ်အမှုဆောင်အရာရှိ ထက်ဝက်ကျော်ခန့်သည် Regional Comprehensive Economic Partnership(RCEP) တွင် တရုတ်နိုင်ငံ၏ပါဝင်မှုထက် တောင်ကိုရီးယားနိုင်ငံပါဝင်မှုကို ပိုမိုလိုလားသည်ဟု စစ်တမ်းများအရသိရှိရကြောင်း၊ ဂျပန်နိုင်ငံ မှ စီးပွားရေးလုပ်ငန်း(၁၀၀)ခန့်၏အကြီးအကဲများအား မေးမြန်းဆောင်ရွက်ခဲ့သည့် စစ်တမ်းတွင် ၅၃.၂% က RCEP အကောင်အထည်ဖော်မှုအပေါ် အကောင်းမြင်ကြပြီး တရုတ်နိုင်ငံပါဝင်မှုအပေါ် ထောက်ခံကြသူ ၄၁.၁%ရှိကြောင်းနှင့် RCEP တောင်ကိုရီးယားနိုင်ငံ၏ ပါဝင်လာမှုအပေါ်ထောက်ခံသူ ၄၆.၄% ရှိကြောင်း၊ အထက်ပါ ၃ နိုင်ငံအနေဖြင့် မတူကွဲပြားသည့် သံတမန်မူဝါဒများနှင့် ကုန်သွယ်မှု မူဝါဒများ အသီးသီးရှိကြရာ ဂျပန်နိုင်ငံသည် RCEP သဘောတူစာချုပ်အရ တရုတ်နိုင်ငံ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မည့် စီးပွားရေးလုပ်ငန်းများအား အကောက်ခွန်လျှော့ချပေးခြင်းနှင့် အခြားသော ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကို ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ပြည်တွင်းမှအစပြုကာ ကမ္ဘာ့ထောက်ပံ့ပို့‌ဆောင်မှု ကွင်းဆက်တစ်ခုလုံးကို အခိုင်အမာထိန်းသိမ်းထားလိုသည့် သဘောဆန္ဒရှိသည်ဟု သုံးသပ်ထား ကြောင်း၊ RCEPလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်တွင် တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ ဩစတြေးလျ၊နယူးဇီလန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံတို့ ပါဝင်ကြပြီး ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ တွင် ဂျပန်နှင့်တရုတ်နိုင်ငံတို့သည် သဘောတူစာချုပ်ကို အပြီးသတ်အတည်ပြုပြီးဖြစ်ကာ တောင်ကိုရီးယားနိုင်ငံသည် လာမည့်ဖေဖော်ဝါရီလတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိ ရပါသည်။

(ရင်းမြစ်-တိုကျိုမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသောကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

အင်ဒီကာဆန်အပေါ် အီးယူက အခွန်သက်သာခွင့်ပြန်လည်ပေးအပ်မည်

          မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် အီးယူမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDCs)အား ပေး အပ်ထားသည့် EBA အကောက်ခွန်သက်သာခွင့်ကို ခံစားခွင့်ရှိကြောင်း၊ ၎င်းနှစ်နိုင်ငံမှ ဆန်လုံးရှည် အမျိုးအစား(အင်ဒီကာဆန်)ကို အီးယူဈေးကွက်သို့ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းဖြင့် တင်သွင်းမှုကြောင့် ထိခိုက်သည့် အီးယူလယ်သမားများအား အကာအကွယ်ပေးနိုင်ရေးအတွက် ၎င်းဆန်တင်သွင်းမှုအပေါ်  အီးယူက ယာယီအနေဖြင့် ၂၀၁၉ ခုနှစ်တွင်  အခွန်ပြန်လည်ကောက်ခံခဲ့ရာ ထိုသို့အခွန်ကောက်ခံမှုသည် လုံးလတ်ဆန်၊ လုံးတိုဆန်၊ ဆန်ကွဲတို့အပေါ် သက်ရောက်မှုမရှိခဲ့ဘဲ ယင်းသို့ အခွန် ပြန်လည်ကောက်ခံမှုကြောင့် ၎င်းနှစ်နိုင်ငံမှဥရောပသို့ဆန်တင်ပို့မှုဈေးကွက်တွင် အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကမ္ဘောဒီးယားဆန်မွှေးသည် ထိုင်းဆန်မွှေးများနှင့် ဈေးကွက်ယှဉ်ပြိုင်ခဲ့ရကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအစိုးရက အီးယူ ၏ဆုံးဖြတ်ချက်ကိုဆန့်ကျင်၍ European Court of Justic သို့ ဉီးတိုက်လျှောက်ထားခဲ့ချိန်တွင် အီးယူ ဘက်၌ မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှ ၎င်းဆန်များတင်ပို့မှုအပေါ် အမြဲတမ်း အခွန်ကောက်ခံမှု ပုံစံသို့ ပြောင်းလဲခြင်းဖြစ်စေ၊ အခွန်ကောက်ခံမှုကို သက်တမ်းတိုးခြင်းဖြစ်စေဆောင်ရွက်ရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်းသိရှိရပါသည်။

          မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်လုံးရှည်အမျိုးအစားအပေါ် အီးယူက ၂၀၁၉ ခုနှစ်စ၍ (၃)နှစ်အခွန် ကောက်ခံခဲ့ရာ မက်ထရစ်တန်(၁)တန်လျှင် ပထမနှစ်၌ ယူရို(၁၇၅)၊ဒုတိယနှစ်၌ ယူရို(၁၅၀)၊တတိယနှစ်၌ ယူရို(၁၂၅)နှုန်းဖြင့်ကောက်ခံခဲ့ကြောင်း၊ ဆန်လုံးရှည်အပေါ်  အီးယူမှ အခွန်ရုပ် သိမ်းခဲ့မှုကြောင့် အီးယူနှင့်မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဆန်ကုန်သွယ်မှုအလားအလာနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးရှိသော်လည်း လာမည့်လများအတွင်း  မြန်မာနိုင်ငံမှ အီးယူသို့ ဆန်တင်ပို့မှု မြင့်တက်လာနိုင်သည်ဟု ဆန်ဈေးကွက်အတွင်း ခန့်မှန်းထားမှုများလည်းရှိကြောင်း၊ သွင်းကုန် အခွန်ကြောင့် ဧည့်မထဆန်အမျိုးအစားမှ ကရင်မဆန်အမျိုးအစားသို့ ပြောင်းလဲဝယ်ယူခဲ့ကြရသည့် အီးယူဝယ်လက်များသည်  အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်မှုကြောင့် ယခင်နည်းတူ မြန်မာ့ ဧည့်မထဆန်ကို ပြန်လည်ဝယ်ယူလာနိုင်သဖြင့် ဝယ်လိုအား တိုးတက်လာဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဆန်များ အီးယူဈေးကွက်အတွင်း ပြန်လည်ဝင်‌ရောက်လာမည့် အလားအလာကြောင့် ဆန်ဈေးကွက်အတွင်း ဖိအားပြန်ရှိလာမည်ဟု အီတလီရှိ ဆန်ကုန်သည်တစ်ဉီးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          EBA အခွန် သက်သာခွင့်ဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အင်ဒီကာဆန်အမျိုးအစားများ တင်သွင်းမှု မြင့်တက်ခဲ့ခြင်းကြောင့် အီးယူရှိ ပြည်တွင်းဆန်လုပ်ငန်းများအပေါ် ထိခိုက်မှုရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှစတင်၍  အဆိုပါ ဆန်အမျိုးအစားတင်သွင်းမှုအပေါ် အီးယူက Safeguard Duties အဖြစ် (၃)နှစ်တာ ကာလအတွက် အခွန်ပြန်လည်ကောက်ခံခဲ့ခြင်းဖြစ်ပြီး အီးယူ၏ အခွန်ကောက်ခံမှုကာလသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် (၃)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သဖြင့် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဒီကာဆန်အပေါ် အီးယူက အခွန်ပြဌာန်းပြီးနောက်ပိုင်းတွင် အီးယူသို့မြန်မာနိုင်ငံမှ ဂျာပိုနီကာဆန်အမျိုးအစားတင်သွင်းမှုမြင့်တက်လာကာ ၎င်းဆန်အမျိုးအစား ကိုပါ Safeguard Duties  ကောက်ခံရန် လိုအပ်ခြင်း ရှိ/ မရှိ သုံးသပ်ပေးစေလိုသည်ဟု ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အီးယူကောင်စီအစည်းအဝေး၌ အီတလီနိုင်ငံက ဆွေးနွေးခဲ့မှုများ ရှိကြောင်း၊ ယခုအခါ ဆန်လုံးရှည်အပေါ် အီးယူက Safeguard Duties ကောက်ခံသည့်ကာလမှာ သက်တမ်းကုန်ဆုံး၍ အခွန်သုညသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ဆန်လုံးရှည် အမျိုးအစားကို အီးယူဘက်မှဝယ်လိုအား တိုးတက်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဝါဈေးနှုန်းတက်လာသော်လည်းဝယ်လိုအားနည်းနေ

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်တွင် ဖြစ်ပေါ်ခဲ့သည့် 3128B  ဝါဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ(၂၂၄၅၅)ဖြစ်ပြီး ယခင်လကထက်(၂.၁၇%) မြင့်တက်လာပြီး  32S  ဝါချည်ခင် ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀၃၈၃)ဖြစ်ပြီး ယခုလဆန်းပိုင်းထက် (၀.၀၇%) မြင့်တက်လာကြောင်း၊ မကြာသေးမီအချိန်အတွင်း ဝါ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရာ ကုန်သည်များက ဈေးပို ပေး၍ ဝယ်ယူလိုလာသည်ကိုတွေ့ရသကဲ့သို့ Zheng ဝါအမျိုးအစားမှာ အတက်ဖက်တွင် ရှိနေပြီး နိုင်ငံခြားဝါအမျိုးအစားမှာလည်းဈေးမြင့်တက်လာကြောင်း၊ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ICE ဝါ အရောင်းမှာ တစ်ပေါင်လျှင်(၁၁၆.၀၂)ဆင့်ဖြစ်ပြီး နိုင်ငံတကာ ဝါ ဈေးနှုန်းအညွှန်းကိန်း(M)မှာ တစ်ပေါင်လျှင်(၁၃၁.၄၀)ဆင့်ဖြစ်သဖြင့် ယခင်ရက်သတ္တပတ်ထက် မြင့်တက်လာခြင်းဖြစ်သော် လည်း ဝါချည်ခင်နှင့်ကုန်ချောထုတ်သည့်လုပ်ငန်းများဘက်မှအမြတ်အစွန်းရရှိမှုမှာ ကျဆင်းလာပြီး ကုန်ထုတ်လုပ်ငန်းကွင်းဆက်မှာ အထစ်အငေါ့များဖြစ်နေကြောင်း၊ လက်ရှိအချိန်တွင် ထုတ်လုပ်သူ အများစု၌ အမှာစာများမလုံလောက်ဖြစ်နေပြီး ကျင်းစုနှင့် ကျဲ့ကျန်းပြည်နယ်များမှ ရက်ကန်းစက်ရုံ များ၊ပန်းရိုက်နှင့်ဆိုးဆေးစက်ရုံများမှာ ဇန်နဝါရီလလယ်ခန့်မှစ၍ နွေဉီးရာသီပွဲတော် အားလပ်ရက် သတ်မှတ်ရန်စီစဉ်နေကြခြင်း၊ ကပ်ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသဖြင့် အဝတ်အထည်ဝယ်လိုအား နည်းလာခြင်းတို့ကြောင့် ရေတိုကာလတွင် ဝါဈေးကွက်မှာဈေးနှုန်းအမြင့်ပိုင်း၌ပင် အတက်အကျ ဆက်လက်ဖြစ်ပေါ်နေနိုင်ဖွယ်ရှိသော်လည်း ရေရှည်တွင် ပြန်လည်ကျဆင်းနိုင် ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွား‌‌ရေးသံမှူးပေးပို့သည့်သတင်း)

ပန်းသီးနှင့်သစ်တော်သီးတင်ပို့မှုမြင့်တက်နိုင်ရန်အလားအလာရှိ

          တောင်အာဖရိကနိုင်ငံ၏ ပန်းသီးနှင့်သစ်တော်သီးများသည်  ယခုနှစ်ရာသီချိန်၌ မှတ်တမ်း တင်ပမာဏများစွာတင်ပို့နိုင်မည့်အခြေအနေရှိပြီး ပန်းသီးတင်ပို့နိုင်မှုအတွက် စက္ကူပုံးပေါင်း ၄၇.၄၇ သန်း(၆%)၊ သစ်တော်သီးတင်ပို့နိုင်မှုအတွက် စက္ကူပုံးပေါင်း ၁၉.၈၃ သန်း (၈%) တိုးမြှင့်တင်ပို့နိုင်ရန် ခန့်မှန်းထားသဖြင့် ၂၀၁၉ ခုနှစ်သီးနှံတင်ပို့မှုထက် ကျော်လွန်တင်ပို့နိုင်ရန် ခန့်မှန်းထားခြင်းဖြစ်ကြောင်း၊ Hortgro လုပ်ငန်းမှ Jacques du Preez က ယခုနှစ်ရာသီအတွက် ပန်းသီးနှင့်သစ်တော်သီးသည် အလားအလာများစွာကောင်းမွန်သောသီးနှံများဖြစ်ရာ ၂၀၂၂ ခုနှစ်အတွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်  များစွာဆွတ်ခူးနိုင်ရန်မျှော်မှန်းထားကြောင်း၊ ယခင်နှစ် မိုးရေနှင့် အစိုဓါတ် လုံလောက်စွာရရှိမှုသည် စိုက်ပျိုးထုတ်လုပ်သူများအတွက်  လုံလောက်သောစိုက်ပျိုးရေ ရရှိခဲ့ခြင်းဖြစ်သဖြင့်  အသီးများစွာသီးနိုင်သည့် အခြေအနေရရှိခဲ့ကြောင်း၊ လက်ရှိရာသီဥတု ကောင်းမွန်နေမှုသည် သီးနှံကောင်းမွန်ပြီး အရည်အသွေးရှိသည့် သစ်သီးများရရှိမည့်အခြေအနေရှိသော်လည်း နွေဉီးရာသီ အအေးဓါတ်ပိုမှုနှင့် နွေရာသီအစောပိုင်း အပူချိန်မြင့်တက်မှုသည် အသီးအရွယ်ပမာဏကို ထိခိုက်နိုင်သည်ဟုပြောကြားထားကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သစ်သီးအရည် အသွေးကောင်းမွန်နိုင်ရန် အကောင်းမြင်လျက်ရှိကြောင်း၊ ပန်းသီးဆွတ်ခူးသည့် ကုမ္ပဏီအချို့က ပန်းသီး ၆ % -၉ % နှင့် သစ်တော်သီး ၈%-၂၀% တိုးမြှင့်ဆွတ်ခူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ တောင်အာဖရိကနိုင်ငံပန်းသီးအတွက် အကြီးဆုံးဈေးကွက်များသည် အရှေ့ပိုင်းဒေသ၊ အရှေ့တောင် အာရှနှင့်အရှေ့အလယ်ပိုင်းဒေသများဖြစ်ပြီး သစ်တော်သီးမှာ အနောက်နိုင်ငံများ၏ ဈေးကွက်အပေါ်များစွာမှီခိုရလျက်ရှိကြောင်း၊ မကြာသေးမီကကြေငြာခဲ့သော တောင်အာဖရိကနိုင်ငံ၏ သစ်တော်သီးများကို တရုတ်နိုင်ငံအတွင်းရောင်းချနိုင်ရေးခွင့်ပြုချက်ရရှိခြင်းသည်အရှေ့ပိုင်းဒေသသို့ ပိုမိုမြှင့်တင် တင်ပို့နိုင်ရန်အတွက် မျှော်မှန်းချက်ထားရှိနိုင်ရေးပင်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ပရီတိုးရီးယားမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသောကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

အိန္ဒိယ၌ မြန်မာမတ်ပဲ‌ဈေး အနည်းငယ်ပြန်ကျ

          ယခင်အပတ်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းဈေးကွက်၌ မြန်မာမတ်ပဲ FAQ  သည် တစ်ကွမ်တယ်လျှင်  ၆၅၅၀ ရူပီး ရှိခဲ့ပြီး ၅၀ ရူပီးကျဆင်းခဲ့ကြောင်း၊ မြန်မာဘက်၌ မတ်ပဲအထွက်ကောင်းမည်ဟု ခန့်မှန်း ထားသကဲ့သို့  အိန္ဒိယ၌ မတ်ပဲခွဲခြမ်း အဝယ်နည်းနေကာ ပြည်ပမှ အဝင်ပုံမှန်ရှိနေသဖြင့် ပဲ တင်သွင်းခွင့် ကာလကို သက်တမ်းတိုးထားသည့်အပြင် ငွေလည်ပတ်မှုအခက်အခဲလည်းရှိနေ၍ ယခုကဲ့သို့  မတ်ပဲ ဈေး ပြန်အေးသွားခြင်းဖြစ်ကြောင်း၊ မွန်ဘိုင်းကဲ့သို့ ချန်နိုင်းဈေးကွက်၌လည်း မြန်မာမတ်ပဲ FAQ ၊ SQ များ ၇၅ ရူပီးကျဆင်းပြီး  တစ်ကွမ်တယ်လျှင် ၆၂၂၅ - ၆၇၂၅ ရူပီး ဈေးရှိခဲ့ကြောင်း၊ အိန္ဒိယ၊ ဥတာပရာ ဒေ့ရှ်နှင့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်များက ပုံမှန်အရည်အသွေးရှိသည့်  မတ်ပဲအသစ်များ စတင် ဝင် ရောက်နေပြီး မကြာခင်၌ နောက်ထပ်ပြည်နယ် ၂ ခုမှ မတ်ပဲအသစ်များလည်း စတင်ဝင်ရောက်လာ ဖွယ်ရှိနေကြောင်း၊ မြန်မာဈေးကွက်၌ ပြည်တွင်းဝယ်လိုအားရှိနေ၍ မတ်ပဲ FAQ ၊SQ များ CNF တစ်တန်‌ ပေါက်ဈေးများသည် အမေရိကန်ဒေါ်လာ ၈၀၅- ၉၀၀ မြင့်တက်လာကြောင်း၊အိန္ဒိယနိုင်ငံ၌ ယခင် အပတ်က မတ်ပဲဈေး ကျဆင်းခဲ့သကဲ့သို့  ပြည်တွင်း ဘုရင့်နောင်ကုန်စည်ဒိုင်၌လည်း မတ်ပဲ RC ဈေးနှုန်းက သီတင်းပတ်အစတွင်  တစ်တန်လျှင် ၁၃၆၅၀၀၀ ကျပ်ရှိခဲ့ရာမှ ၁၃၅၁၀၀၀ ကျပ်သို့ ကျဆင်း ခဲ့ကြောင်းသိရှိရပါသည်။

(Source: Current Content)

ပို့ကုန်ပဲများနှင့်အတူ အသစ်ဝင် ပဲမျိုးစုံဈေးမြင့်တက်လာ

          အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံလိုအပ်ချက် ပုံမှန်ရှိနေခြင်းအပြင် လက်ရှိ ပြည်တွင်းငွေလဲနှုန်း မြင့် တက်လာနေသဖြင့် ပို့ကုန်ပဲများအပါအဝင် အသစ်ဝင်ရောက်လာသည့် ပဲမျိုးစုံမှာလည်း ဈေး ကွက် မြင့်တက်လာသည်ဟု ပဲ၊ နှမ်းကုန်သည်များကပြောကြားခဲ့ကြောင်း၊ ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံမှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလဆန်း ပေါက်ဈေးထက် တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့် ထူး ခြားစွာမြင့်တက်လာသကဲ့သို့ မတ်ပဲဈေးမှာလည်း တစ်တင်းလျှင် ကျပ် ၄၀၀၀၀ နှင့်အထက် ရှိ လာရာမှ  ယခုသီတင်းပတ်တွင် တစ်အိတ်လျှင်  ကျပ် ၅၀၀၀၀ နီးပါးအထိ ပေါက်ဈေးရှိလာကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယသီတင်းပတ်တွင် အဆိုပါ ပို့ကုန်ပဲများအပြင် အသစ်ဝင်ပဲမျိုးစုံ ဈေးမှာလည်း  မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)ကပြောကြားခဲ့ရာ ပို့ကုန်များ ထဲ၌ ဈေးအကောင်းဆုံး ပဲစင်းငုံမှာ တစ်အိတ်လျှင် ကျပ်(၁၂၇၀၀၀-၁၂၈၀၀၀)ခန့်ဈေး ဖြစ်လာပြီး မတ်ပဲတစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀-၁၄၅၀၀၀)ဖြစ်လာကြောင်း၊ ဒေါ်လာ‌ငွေ ဈေးကောင်းလာ နိုင်ချေရှိသဖြင့် ပို့ကုန်ပဲများအပြင် ပြည်တွင်းအသစ်ဝင်ပဲများပါ ဈေးကောင်းလာပြီး မြေပဲလုံးဆံ နှင့်မြေပဲဆီဆံများကို ပြည်တွင်းဆီစက်ပိုင်များအဝယ်ကောင်းနေသဖြင့် အမျိုးအစားအလိုက် တစ် ပိဿာလျှင် ကျပ် ၁၀၀ ခန့်ဈေးတက်လာကြောင်း၊ ပဲဆီပေါက်ဈေးလည်း အရောင်းသွက်လာ၍ အနည်းငယ်ဈေးတက်လာနိုင်ကြောင်း၊မြေထောက်ပဲ၊ပဲထောပတ်များလည်း တစ်အိတ်လျှင်ကျပ် ၁၄၀၀၀၀ ဈေးနှင့် ဝင်သလောက်အဝယ်ရှိနေပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပဲမျိုးစုံ ဈေးကွက်၌ အမြင့်ဈေးဖြစ်နေကြောင်း၊ ပြည်တွင်းဒေါ်လာဈေး မြင့်တက်လာခြင်းနှင့်အတူ ဈေး ကွက်အတွင်း ထိပ်စအရည်အသွေးများဝင်ရောက်မှုနည်းလာခြင်းကြောင့်၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနက်ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင်ကျပ်(၂၀၅၀၀၀-၂၁၀၀၀၀)၊ အလတ်စ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀-၁၈၅၀၀၀) ကြား အရည်အသွေးအလိုက် ဝယ်လိုအားပြန်လည် ကောင်းမွန်လာပြီး နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ်(၁၄၈၀၀၀-၁၅၃၀၀၀)၊ နှမ်းညိုသစ်မှာ ကျပ်(၁၂၈၀၀၀)အသီးသီး ဈေးနှုန်းမြင့်တက်နေကြောင်း၊  မြေပဲဆံနှင့် မြေပဲဆီဆံပေါက်ဈေးများမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၁၀၀-၁၅၀ ခန့်ဈေးမြင့်လာကြောင်း၊ မူဆယ်နယ်စပ် မှ ပြည်တော်ပြန်မြေပဲလုံးဆံများကို ပြည်တွင်းဆီစက်များမှ ဝယ်ယူမှုကောင်းနေရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် လုံးဆံတစ်ပိဿာ ၃၀၀၀ ကျပ်၊ပြန့်လုံးဆံတစ်ပိဿာလျှင်၂၈၀၀ ကျပ် ၊ အနီလုံးဆံတစ်ပိဿာလျှင်၂၇၇၅ ကျပ်၊ ဆီးဆံတစ်ပိဿာလျှင် ၂၇၅၀ ကျပ် အသီးသီးပေါက်ဈေး ရှိကြောင်း၊လာမည့်ဖေဖော်ဝါရီလ၌အများအပြားထွက်ရှိလာမည့်မြေထောက်ပဲမှာဈေးကွက်အတွင်း လက်ရှိဝင်ရောက်မှုနည်းပါးနေသေးခြင်းကြောင့် သုံးတင်းတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်ပေါက်ဈေး ရှိနေကြောင်း၊ ပဲဈေးကွက်သို့အသစ်ဝင်ရောက်လာသည့်ပဲများတွင် စွန်တာပြာတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ပဲထောပတ်တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ နိုင်လွန်ပဲ - ပုဂံပဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဘိုကိတ်ပဲတစ်အိတ်လျှင် ၁၄၅၀၀၀ - ၁၅၅၀၀၀ ကျပ်၊ ပဲဇီးကွက်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

(Source: Current Content / times of  India)

ကော်ဖီရာသီတွင် တန်ချိန် ၄၅၀ မှ ၅၀၀ ကြား တင်ပို့သွားမည်

          ယခုနှစ်ကော်ဖီရာသီတွင် ပြည်ပနိုင်ငံများသို့ ကော်ဖီ တန်ချိန် ၄၅၀ မှ ၅၀၀ ကြားတင်ပို့ရောင်း ချ သွားမည်ဟု ပြင်ဉီးလွင်မြို့နယ် ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာနမှဖော်ပြထား ကြောင်း၊ လက်ရှိအချိန်တွင် ကော်ဖီများစတင်ထွက်ရှိနေပြီး အရည်အသွေးကောင်းကော်ဖီများမှာ ဒီဇင်ဘာလမှမတ်လအတွင်းထွက်ရှိရာ ယခုနှစ်ထွက်ရှိလာမည့်ကော်ဖီများကို အမေရိကန်၊နယ်သာလန်၊ ထိုင်းနှင့်တရုတ်နိုင်ငံများသို့ တန်ချိန်၄၅၀ မှ၅၀၀ ကြား တင်ပို့ရောင်းချသွားမည်ဖြစ်သည်ဟု အဆိုပါ ဗဟိုဌာနမှတာဝန်ရှိသူကပြောကြားခဲ့ကြောင်း၊လက်ရှိအချိန်၌ ကော်ဖီအရည်အသွေး ကောင်းသဖြင့် အပြိုင်အဆိုင်ဝယ်ယူနေကြကြောင်း၊ ကော်ဖီအရည်အသွေးအမျိုးမျိုးရှိပြီး ပြည်တွင်းဈေးနှုန်းအနေ ဖြင့် မက်ထရစ်တစ်တန်လျှင်  ကျပ် သိန်း (၄၀ -၅၀)နှင့် ပြည်ပဈေးနှုန်းအနေဖြင့် ကျပ် သိန်း (၅၀) အထက်တွင်ရှိပြီး ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၄၅၀ နှင့် ၅၀၀ ကြားတင်ပို့ခဲ့ကြောင်း၊ ယခုနှစ်ထွက်ရှိ သည့်ကော်ဖီများကို တင်ပို့ရခြင်းမရှိသေးဘဲ ယခုနှစ်တွင်လည်း ယခင်နှစ်ကပမာဏအတိုင်း တင်ပို့ သွားရန်စီစဉ်‌ဆောင်ရွက်နေရာ ကော်ဖီသီးနှံသည် ဈေးကွက်ခိုင်မာမှုရှိသည့်အပြင် ပြည်ပသို့လည်း တင်ပို့နေရသည့်အတွက် ယခုဆိုလျှင် ကော်ဖီကို ပြန်လည်စိုက်ပျိုးလာကြကြောင်း၊ အဆိုပါကော်ဖီ များကိုပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချလျှက်ရှိရာ ယခုနှစ်ကော်ဖီရာသီချိန်ပြီးပါက ဝယ်လက် များမှ လာရောက်ကာ ကော်ဖီအရည်အသွေးကို စစ်ဆေးစမ်းသပ်မြည့်စမ်းပြီးမှ ဝယ်ယူကြမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံနှင့်ဘရာဇီးနိုင်ငံတို့တွင် မုန်တိုင်းဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ဖီစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် မြန်မာ့ကော်ဖီဈေးနှုန်းမှာ သုံးနှစ်နီးပါးခန့်ကောင်းမွန်နိုင်မည်ဟု မျှော်မှန်း ထားကြောင်းသိရှိရပါသည်။

(Source:Current Content)

ပြောင်းတင်သွင်းမှုစံချိန်တင်များပြား

          တရုတ်နိုင်ငံ၌ ပြောင်း ဈေးနှုန်း တက်ခြင်းနှင့် ထုတ်လုပ်မှုကျဆင်းမှုများကြောင့် ၂၀၂၁ ခုနှစ် အတွင်း တရုတ်၏ ပြည်ပ ပြောင်းတင်သွင်းမှုသည် နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်းနှင့် ကမ္ဘာ့ အကြီးဆုံး သီးနှံဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း ပြောင်းတန်ချိန် ၂၈.၃၅ သန်း အထိတင်သွင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က တင်သွင်းမှုတန်ချိန်  ၁၁.၃ သန်းနှင့်နှိုင်းယှဉ်ပါက  ၂ ဆ ကျော်များပြားခဲ့ကြောင်း အကောက်ခွန်ဌာနကထုတ်ပြန်ထားကြောင်း၊ ထိုကဲ့သို့ပင်  ဂျုံတင်သွင်းမှု မှာလည်း ၂၀၂၀ ခုနှစ်၌ တန်ချိန် ၈.၃၈ သန်းသာရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၉.၇၇သန်းတင်ပို့ နိုင်ခဲ့ကြောင်း၊ ပြောင်းနှင့်ဂျုံကဲ့သို့ပင် ဘာလီတင်သွင်းမှုလည်းမြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ သည် ပြောင်းသိုလှောင်မှုကိုအရှိန်မြှင့်လာသကဲ့သို့ ရာသီဥတုဆိုးဝါးခဲ့ခြင်းကြောင့်လည်း ၂၀၂၁ ခုနှစ် ၌ပြောင်းထုတ်လုပ်မှုထိခိုက်လျော့နည်းပြီး ဈေးနှုန်းလည်းစံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်း ၌ လိုအပ်ချက်များလာ၍လည်း တရုတ်ဝယ်လက်များသည် ပြည်ပဈေးကွက်များဆီက  ပြောင်းနှင့် ဂျုံများကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်ပြည်တွင်း၌ ပြောင်းများထွက်ရှိလာပြီး ဈေးနှုန်းလည်းကျဆင်းလာခဲ့သဖြင့် ပြည်ပမှ တင်သွင်းမှု  ပြန်လည် နည်း ခဲ့ကြောင်းသိရှိရပါသည်။

(Source: Current Content)

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသောကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

တရုတ်နိုင်ငံ

ကောက်ပဲသီးနှံစိုက်ပျိုးထွက်ရှိမှုဆက်လက်မြင့်မား

          တရုတ်နိုင်ငံ၏ ပြည်တွင်းကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှုသည် တည်ငြိမ်စွာဖြင့် ဆက်လက် တိုးတက်လျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုပမာဏမှာ ကီလိုဂရမ် (၆၈၅)ဘီလီယံအထိရရှိခဲ့သဖြင့် (၇)နှစ်ဆက်တိုက် ကီလိုဂရမ်(၆၅၀)ဘီလီယံကျော် ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း၌ နိုင်ငံ၏အနောက်မြောက်ပိုင်းဒေသများတွင်  အချိန်အခါ အလိုက်ခြောက်သွေ့ခြင်း၊ ဟဲနန်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းစသည့် ရာသီဥတုဒဏ် ဆိုးဝါးစွာရင်ဆိုင်ခဲ့ရသော်လည်း ကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှုများ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကောက်ပဲသီးနှံစိုက်ပျိုးဧရိယာအား ပြီးခဲ့သည့်နှစ်ကထက်(၀.၇%) တိုးချဲ့ခဲ့ရာ ရာသီဥတုကောင်းမွန်ခြင်းကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးထွက်ရှိမှုနှုန်းသည် (၀.၀၆၇)ဟက်တာလျှင် (၁.၂%) အထိ မြင့်တက်လာခဲ့ပြီး နိုင်ငံတွင်းရှိ ပြည်နယ်(၃၁)ခုအနက်(၂၇)ခုမှ ကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှု မြင့်မားခဲ့ရာ အထူးသဖြင့်  ရှင်းကျန့်၊အန်းဟွေး၊ဟူနန်၊စီချွမ်နှင့်ရှန်းတုန်းပြည်နယ်များမှ ကောက်ပဲသီးနှံ ထုတ်လုပ် ထွက်ရှိမှုသည်  ကီလိုဂရမ် သန်းပေါင်း(၅၀၀)ကျော်ခဲ့သည်ဟု  တရုတ် အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များ၌ ဖော်ပြထားကြောင်း၊ ကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှု တည်ငြိမ်စေရန်အတွက်  လယ်သမားများအနေဖြင့်  ကြုံတွေ့နေရသည့် လယ်ယာစိုက်ပျိုးရေးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် အခက်အခဲများဖြစ်ပေါ်နေခြင်းအား အဆင်ပြေစေရန် အစိုးရအနေဖြင့် လိုအပ်သည့်အထောက်အပံ့များ‌ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုကဲ့သို့ပင် နောင်လာမည့် ၅ နှစ်မှ ၁၅ နှစ်တာကာလအတွင်း‌ဆောင်ရွက်မည့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာထုတ်ပြန်ချက်များ၌ အစားအစာလုံခြုံစိတ်ချရမှုရှိစေရန်နှင့် အ‌ရေးကြီးသည့် လယ်ယာစိုက်ပျိုးရေးပစ္စည်းများ လုံလောက်စွာရရှိနိုင်ရန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု‌ ဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ

တိုက်ရိုက်ရောင်းချခြင်းနည်းဥပ‌ဒေများထုတ်ပြန်

          အိန္ဒိနိုင်ငံအစိုးရ၊စားသုံးသူရေးရာ၊စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည်  ၂၈-၁၂- ၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် G.S.R 889 (E)ဖြင့်  ၂၀၂၁ ခုနှစ် စားသုံးသူအကာ အကွယ်‌ပေးရေးဆိုင်ရာ တိုက်ရိုက်‌ရောင်းချခြင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ နည်းဥပဒေများ၌ တိုက်ရိုက်ရောင်းချခြင်းလုပ်ကိုင်သည့်ကုမ္ပဏီများနှင့် ၎င်းတို့၏ အရောင်းကိုယ်စားလှယ်များအနေဖြင့်  ပိရမစ်ပုံစံရောင်းချခြင်း (သို့) အဖွဲ့ဝင်သစ် စုဆောင်းမှုဖြင့် ငွေကြေးလည်ပတ်မှု ပြုလုပ်ခြင်းကို လုပ်ကိုင်ဆောင်ရွက်မှုမပြုရန် တားမြစ်ထားကြောင်း၊ တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သူများသည် ပြည်တွင်း၌ အနည်းဆုံးအားဖြင့် တည်နေရာလိပ်စာတစ်ခုတွင်မှတ်ပုံတင်၍ ရုံးခန်းဖွင့်လှစ်ထားရှိရမည် ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူသည့် စားသုံးသူများ၏ နစ်နာမှုနှင့် တိုင်ကြားလာသည့်ကိစ္စရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းမည့်စနစ်တစ်ရပ်အား ထူထောင် ထားရှိရမည်ဖြစ်သည့်အပြင် ၎င်းတို့၏အရောင်းကိုယ်စားလှယ်များမှရောင်းချသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများမှဖြစ်ပေါ်လာသော စားသုံးသူများ၏နစ်နာမှုကိုလည်း တာဝန်ခံရမည်ဖြစ်ကြောင်း၊ တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သည့် ကုမ္ပဏီများသည် စားသုံးသူများ၏အခွင့်အရေးများ လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ၎င်းတို့ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ၊ ငွေပေးချေရမည့် ကာလ၊ ငွေပေးချေမှုနည်းလမ်းများ၊ ကုန်စည်ပြန်လည်အပ်နှံမှု၊ ကုန်ပစ္စည်းလဲလှယ်မှု၊ ငွေပြန်အမ်းပေးမည့်မူဝါဒ၊ ရောင်းချပြီးနောက်ပိုင်း၌ ဝန်ဆောင်မှုပေးမည့်စနစ် စသည့်အသေးစိတ်အချက်များကို အသိပေးဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံရှိ ပြည်နယ်/ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့များအနေဖြင့် တိုက်ရိုက်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                        ရောင်းချမှုလုပ်ကိုင်သည့် ကုမ္ပဏီနှင့်လူပုဂ္ဂိုလ်များ၏ လုပ်ငန်း‌ဆောင်ရွက်မှုများကို စောင့်ကြည့်ကြပ်မတ်ရန်အတွက်  ယန္တယားတစ်ရပ်ကို ထူထောင်ထားရှိရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ တိုက်ရိုက်ရောင်းချခြင်းကို လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီများအနေဖြင့် စားသုံးသူရေးရာဝန်ကြီးဌာန၏ အထက်ပါအမိန့်ကြော်ငြာစာအား အစိုးရ Gazette ၌ ထုတ်ပြန်‌ဖော်ပြသည့်နေ့ရက်မှ ရက်ပေါင်း(၉၀)အတွင်း နည်းဥပဒေများနှင့်လျော်ညီမှုရှိအောင် ပြင်ဆင်‌ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိန္ဒိယ တိုက်ရိုက်ရောင်းချသူများအသင်း(IDSA)ဥက္ကဋ္ဌ က ၎င်းတို့အနေဖြင့် တိုက်ရိုက်ရောင်းချမှု လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍

လွန်ခဲ့သော ၂ နှစ်ကပင် အစိုးရနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့နည်းဥပဒေများအား ထုတ်ပြန်ပြဌာန်းခဲ့မှုမှာ ဈေးကွက်အတွင်း ရှင်းလင်းပြတ်သားမှုကို ဆောင်ကြဉ်းလျက် တိုက်ရိုက် ရောင်းချမှုလုပ်ငန်းနယ်ပယ်အတွက် တွန်းအားပေးမှုကိုဖြစ်ပေါ်စေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက် ရောင်းချမှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ တိုက်ရိုက် ရောင်းချမှုလုပ်ငန်းပမာဏသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၃)ဘီလီယံ (ရူပီးငွေကုဋေ၂၂၅၀၀ခန့်) ရှိပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၂၈.၃% ရှိ ကြောင်း၊ အမျိုးသမီးဉီးရေ ၅၀%ကျော်  ပါဝင်သည့် အရောင်းကိုယ်စားလှယ် ၇.၄ သန်းကျော်ရှိသော အိန္ဒိယတိုက်ရိုက်ရောင်းချမှုလုပ်ငန်းနယ်ပယ်သည် ကမ္ဘာပေါ်၌ အလျင်မြန်ဆုံး တိုးတက်လျက်ရှိသော ဈေးကွက်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံ

စူပါမားကတ်များတွင် ကုန်စည်ပြတ်လပ်မှုများ ဖြစ်ပေါ်လျှက်ရှိ

          နယူးဆောက်ဝေးပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားသူအရေအတွက် တိုးလာခြင်းကြောင့် ပြည်နယ်တစ်ဝှမ်းရှိ စူပါမားကတ်များတွင် ကုန်ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း၊ ပြည်နယ် တစ်ဝှမ်းရှိ ဝယ်ယူသူများသည် အဓိက စူပါမားကတ်အချို့တွင် လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့်အသားများ စသည့်ထုတ်ကုန်များပြတ်လပ်မှုကို သတိပြုမိလျက်ရှိကြောင်း၊ Woolworths စူပါမားကတ်မှ တာဝန်ရှိသူက ဆက်လက်ဖြစ်ပွားနေသော ကျန်းမာရေးအကျပ်အတည်းသည် ထောက်ပံ့ပို့ဆောင်ရေးကို ကြီးမားစွာအနှောက်အယှက်ဖြစ်စေရာ အဆိုပါထောက်ပံ့ရေးပစ္စည်းများသည် အဓိကအားဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုအရေအတွက်များပြားသော Great Sydney ဧရိယာ တွင်တည်ရှိကြောင်း၊ ယခုပြဿနာမှာ ကုန်စည်ပြတ်လပ်ခြင်းမဟုတ်ဘဲ ကုန်ပစ္စည်းများကို စတိုးဆိုင်များနှင့် စင်များပေါ်အရောက်တင်ရန် ထောက်ပံ့ပို့ဆောင်မှုကို စီမံခန့်ခွဲနိုင်မှု မရှိ၍ဖြစ်ကြောင်း၊ လုပ်သားများ ကူးစက်ခံရမှုကြောင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်းမရှိသည့်အချိန်တွင် စားသုံးသူများ၏ ကြောက်ရွံ့မှုကြောင့် ဝယ်ယူမှုများများပြားလာခြင်းက ထောက်ပံ့မှုကွင်းဆက်ကို တစ်ဖန်အနှောက်အယှက် ဖြစ်ပေါ် စေကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

တရုတ်နိုင်ငံ

ပဲပုပ်စိုက်ပျိုးရန် မျိုးစေ့ပိုင်းဆိုင်ရာ နည်းပညာပြင်ဆင်အသုံးပြုရန် စီစဉ်ထားခြင်း

          တရုတ်နိုင်ငံသည် မျိုးရိုးဗီဇပြုပြင်ထားသော Genetically Modified(GM) အတည်ပြုချက် ရရှိရန် အရှိန်မြှင့်တင်နိုင်မည့် ပဲပုပ်နှင့်အခြားသောဆီထွက်သီးနှံများအား ပြည်တွင်း၌ စိုက်ပျိုးထုတ် လုပ်မှုကိုမြှင့်တင်ရန် ကြိုးပမ်းအားထုတ်လျှက်ရှိပြီး ပဲပုပ်နှင့် အခြားသောဆီထွက်သီးနှံများ တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် လာမည့်နှစ်အတွင်း တရုတ်နိုင်ငံ၌ နှံစားသီးနှံနှင့် ပြောင်းထွက်ကုန်များ ထုတ်လုပ်ပံ့ပိုးမှု တည်ငြိမ်ရန်မျှော်မှန်းထားကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပဲပုပ်၊ ပြောင်း၊ မုန်ညင်းစေ့နှင့် ဆီအုန်းဝယ်ယူမှုတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အများဆုံးဝယ်ယူသည့်နိုင်ငံဖြစ်ပြီး ပဲပုပ် ကုန်သွယ်မှုမှာ နိုင်ငံရေး၊ သံတမန်ရေးတို့နှင့်ဆက်စပ်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများအပေါ် မှီခိုမှု လျှော့ချခြင်းဖြင့် ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးအား အထောက်အပံ့ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မျိုးရိုးဗီဇပြုပြင်ထားသော GM သီးနှံများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရန် အဆိုပြု ထားခြင်းမှာ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိချိန်တွင်  တရုတ်နိုင်ငံ၏ မျိုးစေ့ ထုတ်လုပ်ငန်းအား ပိုမိုအားကောင်းစေမည်ဖြစ်သည်ဟု South China Morning Post သတင်းစာ၌ ဖော်ပြထားရာ အဆိုပါသတင်း၌ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ပြောင်းလဲရန်အတွက် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သည့်နှံစားသီးနှံများ ပံ့ပိုးဖြည့်ဆည်းမှုမြှင့်တင်နိုင်ရန် ပေကျင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန် မူဝါဒများ ပိုမို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်စားသုံးဆီတင်သွင်းမှုတွင် လိုအပ်ချက်၏ (၂၀%) တင်သွင်းလျှက်ရှိပြီး ကမ္ဘာ့ဒုတိယအများဆုံး တင်သွင်းနေသည့်နိုင်ငံဖြစ်ရာ ပြည်ပနိုင်ငံများမှ  ဆီအုန်းနှင့် ပဲပုပ်များတင်သွင်းရန် မှီခိုအားထားမှု မြင့်မားလျက်ရှိသော်လည်း ပြောင်းနှင့်ပဲပုပ်သီးနှံများအတွက် မျိုးရိုးဗီဇပြုပြင်ထားသောမျိုးစေ့များ စီးပွားဖြစ်ထုတ်လုပ်လာမှုမှာ ပုံမှန် လည်ပတ် လုပ်ကိုင်ဆောင်ရွက်လာကြောင်း ရေးသားဖော်ပြထားသည်ကို သိရှိရပါသည်။

(ရင်းမြစ်- ဟောင်ကောင်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ဂျပန်နိုင်ငံ

၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာများရှိကြောင်းမျှော်လင့်

          ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ၈၄% ခန့်သည် ၂၀၂၂  ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ကျဆင်းသွားပြီး တစ်ဉီးချင်းစားသုံးမှုနှုန်းများလည်း ပြန်လည်မြင့်တက်လာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာများရှိသည်ဟု မျှော့်လင့်နေကြသည်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက် နေ့တွင်ထုတ်ပြန်ခဲ့သော ကျိုဒိုသတင်းဌာနကဆောင်ရွက်သည့် စစ်တမ်းအဖြေများအရ သိရှိရကြောင်း၊ ကုမ္ပဏီပေါင်း(၁၀၆)ခု အပေါ် စစ်တမ်းကောက်ယူခဲ့ရာ၌ ကုမ္ပဏီ(၁၃)ခုကသာ ကူးစက်ရောဂါနှင့်ပတ်သက်၍  စိုးရိမ်မှုများရှိနေပြီး ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက်ကျဆင်းမည့် အလားအလာရှိသည်ဟု ခန့်မှန်းထားပြီး ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာခြင်း၊ စားသုံးသူများ၏ သုံးစွဲနှုန်း လျော့ကျ နေဆဲဖြစ်သည်ဟုယူဆခြင်းနှင့် လက်ရှိ၌ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုများ ရှိနေဆဲဖြစ်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးတိုးတက်လာမှုနှုန်း သိသာစွာမြင့်တက်လာနိုင်မည် မဟုတ်ဟုယူဆကြောင်း၊ ကုမ္ပဏီ(၈၄)ခုကမူ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးမှာ အလယ်အလတ်နှုန်းထားဖြင့် တိုးတက်လာမည်ဟုမျှော်လင့်ထားပြီး ကုမ္ပဏီ(၅)ခုက ထိုထက်ပို၍ စီးပွားရေးတိုးတက်လာနိုင်သည်ဟု မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံမှ စားသုံးသူများသည် ကုန်ကြမ်းပစ္စည်းများ ဈေးတက်လာခြင်းနှင့် ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် နေ့စဉ်အသုံးစရိတ်များ ချွေတာလာကြသည်ကို တွေ့ရကြောင်း၊       ဝန်ကြီးချုပ်၏ အဓိကမူဝါဒရေးရာများနှင့်ပတ်သက်၍ ကျိုဒိုသတင်းဌာနမှ စစ်တမ်းကောက်ယူရာတွင်  ကုမ္ပဏီအားလုံး၏ ၅၄% မှာ ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းရေးကိုလက်ခံကြပြီး ၄၈% ကမူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချမှုဆိုင်ရာမူဝါဒကို ထောက်ခံကြောင်း၊ ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ဓါတ်ငွေ့လျှော့ချရေးရည်မှန်းချက်ကို အောင်မြင်စွာဖော်ဆောင်နိုင်ရန် ဂျပန်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချမှုကို ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းက အသုံးချမှု ၁၈% ထက် နှစ်ဆ ပိုမိုကာ ၂၀၃၀ ဘဏ္ဍာနှစ်အတွင်း ၃၆%မှ ၃၈%သို့ရောက်ရှိရန် ကြိုးပမ်းနေကြောင်းသိရှိရပါသည်။

(ရင်းမြစ်- တိုကျိုမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ထိုင်းနိုင်ငံ

၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၄.၂% ရရှိရန်မျှော်မှန်း

          အစိုးရအနေဖြင့် ၎င်း၏ ၂၀၂၃-၂၀၂၆ အလယ်အလတ် ဘဏ္ဍာရေးမူဝါဒမူဘောင်အရ စီးပွားရေးတိုးတက်မှုနှုန်းကို ၄.၂% အထိရရှိရန် မျှော်မှန်းထားပြီး ထိခိုက်ပျက်စီးလွယ်သော စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဘတ်ဂျတ်လိုငွေပြမှုကို ထိန်းထားနိုင်ရန် စီစဉ်လျက်ရှိရာ အစိုးရ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိ၏အဆိုအရ အစိုးရအဖွဲ့မှ အတည်ပြုခဲ့သော စီးပွားရေးမူဘောင်အရ  စီးပွားရေးတိုးတက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ( ၃.၂%-၄.၂%)၊ ၂၀၂၄ ခုနှစ်တွင်  ( ၂.၉ %- ၃.၉ %)နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်များတွင် (၂.၈%-၃.၈%) ရရှိရန်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၆ ခုနှစ်အတွက် အသားတင် ဝင်ငွေမှာ ထိုင်းဘတ်ငွေ (၂.၄၉)ထရီလီယံ၊ (၂.၅၆)ထရီလီယံ၊(၂.၆၄)ထရီလီယံ၊ (၂.၇၂) ထရီလီယံတို့ဖြင့် အသီးသီးရရှိရန် ခန့်မှန်းထားပြီး အသုံးစရိတ်ဘတ်ဂျတ်မှာ ဘတ်ငွေ(၃.၁၉)ထရီလီယံ၊ (၃.၂၇)ထရီလီယံ (၃.၃၆)ထရီလီယံနှင့် (၃.၄၆)ထရီလီယံတို့ဖြင့် အသီးသီးသုံးစွဲရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၃-၂၀၂၆ မူဘောင်အရ ဘတ်ဂျတ်လိုငွေပြမှုသည် ထိုင်းဘတ်ငွေ (၆၉၅)ဘီလီယံ၊ (၇၁၀)ဘီလီယံ၊ (၇၂၃)ဘီလီယံ၊ (၇၃၆)ဘီလီယံတို့ဖြင့် အသီးသီးရရှိမည်ဟုခန့်မှန်းထားကြောင်း၊ အဆိုပါမူဘောင်သည် စီးပွားရေးနှင့် လိုက်လျောညီထွေရှိစေရန် အချိန်အခါ အလိုက်ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၅ ခုနှစ်၊ စီးပွားရေးမူဘောင်အရ စီးပွားရေးတိုးတက်မှုမှာ  ၂၀၂၂ ခုနှစ်အတွက်  (၃-၄%)၊ ၂၀၂၃ ခုနှစ်အတွက် (၂.၇-၃.၇%)၊ ၂၀၂၄ ခုနှစ်အတွက် (၂.၉-၃.၉%)ရရှိရန်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဗန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

တရုတ်နိုင်ငံ

ငွေကြေးလဲလှယ်မှုတွင် အချက်အချာကျသည့်ဒေသအဖြစ် ဟောင်ကောင်ဒေသအား ပံ့ပိုးသွားမည်

          တရုတ်နိုင်ငံသည်  နိုင်ငံခြားငွေကြေး အရန်ငွေထားရှိမှု အမျိုးမျိုးခွဲထားနိုင်ရန် လာမည့်  ၂၀၂၂ ခုနှစ်အတွင်း တရုတ်ယွမ်ငွေကြေးလဲလှယ်မှုတွင်  ပြည်ပအချက်အချာကျသည့်ဒေသအဖြစ် ဆောင်ရွက်နိုင်ရန် ပေကျင်းမှ ဟောင်ကောင်ဒေသအား ပံ့ပိုးသွားမည်ဖြစ်ရာ ထိုသို့ပံ့ပိုးပေးရန်မှာ ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ်အတွင်း ဉီးစားပေးအချက်ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများတွင် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသသည် ကမ္ဘာလုံးဆိုင်ရာငွေကြေးဗဟိုဌာနအနေဖြင့် အဓိက အချက်အချာကျသည့်‌ ဒေသဖြစ်သည့်အပြင် မဟာပင်လယ်ကွေ့ဒေသ၏ စီမံကိန်းအရ မကာအိုနှင့် တရုတ်ပြည်မကြီးမှ မြို့ကြီးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု South China Morning Post သတင်းစာ၌ ဖော်ပြထားကြောင်း၊ ဟောင်ကောင်ဒေသအား ပံ့ပိုးပေးမည့် မူဝါဒနှင့်ပတ်သက်၍ တရုတ်နိုင်ငံဗဟိုဘဏ်မှ ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် ရှင်းလင်းဖော်ပြထားခြင်းမရှိသော်လည်း ယွမ်ငွေကြေး သုံးစွဲမှုများ၊ ကုန်သွယ်ရေးအတွက် ပေးချေမှုနှင့် ဒစ်ဂျစ်တယ်ယွမ်သုံးစွဲမှုတို့အတွက် အလားအလာကောင်းများရှိကြောင်း၊ အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကို ပယ်ဖျက်နိုင်ရန်နှင့် ငွေကြေးစနစ်တွင်  အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုအားဝါရှင်တန်မှ တင်းကြပ်မှုများပြုလုပ်မည်ကို ၂၀၁၈ခုနှစ်ကတည်းက စိုးရိမ်မှုများဖြစ်ခဲ့သောကြောင့် ပေကျင်းသည် တရုတ်နိုင်ငံ၏ ယွမ်ငွေကြေးအား နိုင်ငံတကာအသုံး ပြုနိုင်ရေးအစီအစဉ်ကို ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ယွမ်ငွေကြေးအား နိုင်ငံတကာ အသုံးပြုနိုင်ရန်ဆောင်ရွက်မှုမှာ နှေးကွေးလျက်ရှိပြီး နိုင်ငံတကာငွေပေးချေမှု၊ အရန်ငွေကြေး နှင့်နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်မှုများတွင်  အမေရိကန်ဒေါ်လာ၏ နောက်တွင် ရှိဆဲဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ငွေကြေးများအား နယ်မြေဖြတ်ကျော် ပေးချေမှုစနစ်များ လေ့လာနိုင်ရန် တရုတ်နိုင်ငံ People’s  Bank of  China သည် ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့၊ ထိုင်းနိုင်ငံရှိ ဗဟိုဘဏ်၊ ယူအေအီးတို့နှင့်တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာလုပ်ငန်းကုမ္ပဏီကြီးများအနေ ဖြင့်  နိုင်ငံခြားငွေလဲလှယ်မှုများ ပိုမိုလွယ်ကူစေရန် ယွမ်ငွေကြေးပမာဏအများအပြား ကိုင်ဆောင် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကရှယ်ယာလုပ်ငန်းများ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် အသေးစားစီမံကိန်း‌ ဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့်ထည့်သွင်းစဉ်းစားမည်ဖြစ်သည်ဟု ရေးသားဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ

ပဲပုတ်ဆီကြိတ်ဖတ်အား အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ သိုလှောင်နိုင်ခွင့်ကန့်သတ်ခြင်း

          အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် အရေးကြီးကုန်စည်များ အက်ဥ‌ပဒေကိုကျင့်သုံးလျှက်  ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုလုပ်ငန်းများကို ထိန်းသိမ်းကြပ်မတ်နိုင်ရန်အလို့ငှာ ပဲပုတ်ဆီကြိတ်ဖတ်အား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်သည်အမိန့်ကို ၂၃-၁၂-၂၀၂၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့ရာ အိန္ဒိယပြည်တွင်းဈေးကွက်တွင် အဓိကတိရစ္ဆာန်မွေးမြူ‌ရေးအစားအစာ ဖြစ်သော ပဲပုတ်ဆီကြိတ်ဖတ်၏ ဈေးနှုန်းများကိုလျှော့ချနိုင်ရန် အရေးကြီးကုန်စည်အဖြစ်သတ်မှတ် ရခြင်းဖြစ်ကြောင်း၊ ယခုဆုံးဖြတ်ချက်သည် ဗဟိုအစိုးရနှင့်ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရ အဖွဲ့များအား ပဲပုတ်ဆီကြိတ်ဖတ် ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးမှုကိုကြပ်မတ်ရန် အခွင့်အာဏာ ရရှိစေမည် ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ကုန်စည်ရရှိနိုင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုတို့ကို လွယ်ကူချောမွေ့ စေမည်ဖြစ်သကဲ့သို့ သင့်တင့်မျှတမှုမရှိသော ဈေးကွက်အလေ့အထများကိုလည်း တားဆီးနိုင်မည် ဖြစ်ကြောင်း၊ ပဲပုတ်ဆီကြိတ်ဖတ်များ လက်ဝယ်သိုလှောင်ထားရှိနိုင်ခွင့်ပမာဏကို ၂၀၂၂ခုနှစ်၊ဇွန်လ (၃၀)ရက်နေ့ထိကန့်သတ်သည့်အမိန့်ကို၂၃-၁၂-၂၀၂၁ရက်နေ့တွင်ထုတ်ပြန်ခဲ့ရာကြိတ်ခွဲထုတ်လုပ်/ ပြုပြင်သူများအနေဖြင့်၎င်းတို့၏(၁)ရက်တာကြိတ်ခွဲထုတ်လုပ်နိုင်မှုစွမ်းအားအပေါ်အခြေပြု၍အများ ဆုံးရက်ပေါင်း(၉၀)အတွက်သုံးစွဲရန်လိုအပ်သော ပဲပုတ်ဆီကြိတ်ဖတ်ပမဏကိုသာ သိုလှောင်ထားရှိ နိုင်မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာ၌ ကုန်သွယ်မှုလုပ်ငန်း မှတ်ပုံတင်ထားရှိသည့် ကုမ္ပဏီများ၊ ကုန် သည်များအနေဖြင့် အများဆုံးတန်ချိန် (၁၆၀)ထိ သိုလှောင်နိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပဲပုတ်ဆီကြိတ်ဖတ်များအား မည်သည့်နေရာဒေသတွင်သိုလှောင်ထားရှိသည်ကို ထုတ်ဖော်ကြေညာ ရမည်ဖြစ်ပြီး မိမိလက်ဝယ်၌ ပဲပုတ်ဆီကြိတ်ဖတ်ပမာဏသည် သတ်မှတ်ပြဌာန်းချက်ထက် ပိုမို လျှက်ရှိပါက စားနပ်ရိက္ခာနှင့် ပြည်သူ့ ဖြန့်ဖြူးမှုရေးရာဉီးစီးဌာန၏ အင်တာနက်စင်္ကြန်ဖြစ်သော http://evegoils.nic.in/soya_meal_Stock/login သို့ ထုတ်ဖော်ကြေညာရလျှက် ရက်ပေါင်း(၃၀) အတွင်း ယခုအမိန့်စာပါပမာဏသို့ လျှော့ချသိုလှောင်ရမည်ဖြစ်ကြောင်း၊ထိုသို့အင်တာနက်စင်္ကြန်၌ တင်ပြထားသည့် ပဲပုတ်ဆီကြိတ်ဖတ်သိုလှောင်မှုအချက်အလက်များကို အိန္ဒိယ တိရစ္ဆာန်မွေးမြူရေး နှင့်နို့ထွက်ပစ္စည်းဉီးစီးဌာနကပုံမှန်ကြပ်မတ်စစ်ဆေးလျှက်လိုအပ်သလိုဆောင်ရွက်မည်ဖြစ်ကြောင်း၊

မျိုးရိုးဗီဇပြုပြင်ထားခြင်းမရှိသောအိန္ဒိယပဲပုတ်ဆီကြိတ်ဖတ်များအ‌ပေါ်ပြည်ပမှဝယ်လိုအားများပြား လာမှုနှင့်အတူ ပဲပုတ်စေ့ဈေးနှုန်းများမြင့်တက်လာခြင်းက ပြည်တွင်း၌ ပဲပုတ်ဆီကြိတ်ဖတ် ဈေးနှုန်း များကိုမြင့်တက်လာစေခဲ့ကြောင်း၊အိန္ဒိယ ပဲပုတ်ဆီကြိတ်ခဲထုတ်လုပ်မှုနယ်ပယ်မှ အချက်အလက် များအရ၂၀၂၀-၂၀၂၁ ခုနှစ်၌ ပြည်ပသို့မျိုးရိုးဗီဇပြုပြင်ထားခြင်းမရှိသောပဲပုတ်ဆီကြိတ်ဖတ်တန်ချိန် (၁.၅၆)သန်း တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘရာဇီးလ် ပဲပုပ်သီးနှံမှာ မိုးခေါင်မှု ပြင်းထန်လာခြင်းကြောင့် အထွက်နှုန်း လျော့ကျ

         ဘရာဇီးလ် နိုင်ငံ၏ပဲပုပ်ထုတ်လုပ်မှုမှာ ယခင်နှစ်တွင် တန်ချိန် ၁၄၅.၁၁သန်းထိ ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် တန်ချိန်၁၃၄ သန်းသာ ထုတ်လုပ်နိုင်သည့်အတွက် ယခင်နှစ်ကထက် ၁၁ တန်လျော့ကျခဲ့ရာ ပဲပုပ်အဓိက စိုက်ပျိုးသည့် ဒေသများတွင် မိုးခေါင်ခြင်းမှာ အဓိကအချက်ဖြစ်ကြောင်း ပုဂ္ဂလိကခန့်မှန်းသူများမှ သုံးသပ် ခန့်မှန်းထားကြကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ ဘရာဇီးလ်နိုင်ငံ၏ ထုတ်လုပ်မှုမှာ  တန်ချိန် ၁၄၄ သန်း ခန့်မှန်းထားသော်လည်း ပိုမိုလျော့ကျနိုင်ကြောင်း၊ ပဲပုပ်သီးနှံများမှာ စိုက်ပျိုးပြီးစီးသော်လည်း မိုးမရွာသွန်းမှုကြောင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မတ်ဆိုပိုလို၊ စာအိုပိုလိုနှင့် ဥရုဂွေးဒေသများတွင် ရေ ၅ မီလီမီတာထိ လျော့ကျခဲ့ကြောင်း၊  မတ်ဆိုပိုလိုဒေသ၏ ပဲပုပ်သီးနှံ ထုတ်လုပ်မှုအနေဖြင့် ၈ ရာခိုင်နှုန်းဖြစ်ပြီး၊ ပါရန်ဒါနှင့် ရီကာဇန်ဒိုဒေသများအပါအဝင် အခြားဒေသများ၌ ၁၈ ရာခိုင်နှုန်းအထိ ပဲပုပ်များ ထုတ်လုပ်ကြောင်း သိရှိရပါသည်။

          သို့ရာတွင် ဘရာဇီးလ် နိုင်ငံ တောင်ဘက်ပိုင်းတွင် မိုးခေါင်မှု ဖြစ်ပေါ်ခဲ့သော်လည်း မြောက်ဘက်ပိုင်းတွင် ပဲပုပ်သီးနှံအဓိကစိုက်ပျိုးသည့် ဒေသများ၌ မိုးရွာသွန်းခဲ့သည်ဟု USDA၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ မတ်တိုဂရိုဆို ဒေသသည် ဘရာဇီးလ် နိုင်ငံ၏ အဓိက ပဲပုပ်စိုက်ပျိုးသည့်ဒေသဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ၏ ၂၅ ရာခိုင်နှုန်းထိရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် ရိတ်သိမ်းမှုမှာ ဖေဖော်ဝါရီလမှစ၍ မေလတွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ပဲပုပ်ထုတ်လုပ်မှု လျော့နည်းလာခြင်းနှင့်အတူ ပဲဆီတင်ပို့မှုမှာလည်း ၀.၁၉ ရာခိုင်နှုန်း ထိ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

          အာဂျင်တီးနားနိုင်ငံတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မမျှော်မှန်းထားသော မိုးရွာသွန်းမှုများကြောင့် ပဲပုပ်အစိုဓါတ် ပါဝင်မှုကို လျော့နည်းရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ အာဂျင်တီးနားနိုင်ငံ၏ ပဲပုပ် စိုက်ပျိုးရန်မျှော်မှန်းသည့် ဧရိယာမှာ တန်ချိန် ၄၉.၅၀ သန်းဖြစ်ပါကြောင်း၊ CBOT websites တွင် ဖော်ပြထားသည့် ဈေးနှုန်းများအရ US$ 358.60 မှ US$ 411.30 ထိ  မြင့်တက်ခဲ့ရာ 14.76ရာခိုင်နှုန်း ထိ တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။        

ရင်းမြစ် - Palm oil analytics

မလေးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုများကြောင့် ဆီထွက်သီးနှံများ ပျက်စီး

          မလေးရှားနိုင်ငံကမ်းရိုးတန်းအရှေ့၊ အနောက်နှင့် တောင်ဘက်ခြမ်း ဒေသများတွင် မှတ်တမ်းဝင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိလာမည့် ဆီထွက်သီးနှံများစွာ ပျက်စီးခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် ထွက်ရှိရမည့် သီးနှံများစွာ ပျက်စီးခဲ့ရကြောင်း၊ မလေးရှားနိုင်ငံ၏ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်လုပ်မှုမှာ ၂၀၂၁ ဒီဇင်ဘာလအတွင်း မျှော်မှန်းထားသည်ထက် များစွာ လျော့နည်းခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီအုန်း စိုက်ပျိုးသည့် ဒေသများတွင် သစ်ပင်များ၊ လမ်းများပျက်စီးခဲ့မှုများသည် ကျေးလက်ဒေသများတွင် ပိုမိုဖြစ်ပွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ မလေးရှားနိုင်ငံ ပဟန်း ဒေသတွင် မြစ်ရေမှာ အမြင့်ပေ ၃၀ မီတာထိ မြင့်တက်ခဲ့ပြီး ကျေးလက် လူနေအိမ်များ အနီးထိ ရောက်ရှိခဲ့ပါကြောင်း၊ ရာသီဥတုအခြေအနေ ပိုမိုဆိုးရွားလာပါက ပင်နီဆူးလာ တောင်ဘက်ရှိ အဓိကဆီအုန်းထုတ်လုပ်ဒေသဖြစ်သည့် ဂျိုဟိုဒေသ ထိရောက်ရှိလာနိုင်ကြောင်းနှင့် ဂျိုဟိုဒေသည် ဆီအုန်း ထုတ်လုပ်သည့် အကြီးဆုံးဒေသ ဖြစ်ကြောင်းသိရှိရပါသည်။

           မလေးရှားနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ အချက်အလက်များအရ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ထုတ်လုပ်မှုအနေဖြင့် ၈.၅ ရာခိုင်နှုန်း မျှော်မှန်းထားသော်လည်း မျှော်မှန်းထားသည် ထက် ၁၀ ရာခိုင်နှုန်းပိုမိုလျော့ကျလာနိုင်ပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ ၅ရက်နေ့မှ စ၍ ပိုမိုလျော့ကျနိုင်ကြောင်း၊ မလေးရှားနိုင်ငံ ဆီအုန်းအသင်း၏ အချက် အလက်များအရ ပင်နီ ဆူးလားဒေသမှထုတ်လုပ်မှုမှာ ၁၅ ရာခိုင်နှုန်း ထိလျော့ကျပြီး၊ မလေးရှား တစ်နိုင်ငံလုံး အနေဖြင့် ၁၀ ရာနိုင်နှုန်း ထိလျော့ကျနိုင်ကြောင်း သိရှိရပါသည်။

ရင်းမြစ် - PALM OIL ANALYTICS

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

ဘရာဇီးလ်နိုင်ငံ
စတော့ဈေးကွက်များတွင် သကြားဈေးနှုန်း အတက်အကျများ ဖြစ်ပေါ်လျှက်ရှိခြင်း
၂၃-၁၂-၂၀၂၁ရက်နေ့တွင် လန်ဒန်စတော့ဈေးကွက်၌ သကြားကြိုပွိုင့်ဈေးနှုန်းများ(၀.၄၆%) ကျဆင်းခဲ့ကာ သကြားဖြူ (၁) တန်လျှင် အမေရိကန်ဒေါ်လာ(၅၀၀.၆၀)ဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း၊ နယူးယောက်ဈေးကွက်တွင် (၀.၅၇%)ကျဆင်းခဲ့ပြီး သကြား ၁ ပေါင်လျှင် (၁၉.၁၅)ဆင့် ဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း၊ လတ်တလောအချိန်တွင်ဖြစ်ပေါ်နေသည့် အမေရိကန်ဒေါ်လာငွေ တန်ဖိုး မတည်ငြိမ်မှုသည် သကြားဈေးကွက်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လျှက်ရှိရာ ၂၂-၁၂-၂၀၂၁ ရက်နေ့၌လည်း နယူးယောက်စတော့ဈေးကွက်တွင် (၂.၇၇%) ဈေးနှုန်းမြင့်တက် ခဲ့ပြီး သကြား ၁ ပေါင်လျှင် (၁၉.၂၆)ဆင့်မှ (၁၉.၃၈)ဆင့်ထိ ဈေးနှုန်းများဖြစ်ပေါ်ခဲ့ကြောင်း၊ လန်ဒန် (၂.၁၉%) ဈေးနှုန်းမြင့်တက်ခဲ့ကာ သကြားဖြူ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၀၂.၉၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကမ္ဘာ့လောင်စာဆီဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုးတို့၏ ဈေးနှုန်းအတက်အကျများသည် အချိန်နှင့်အမျှ ဖြစ်ပေါ်လျှက်ရှိရာ စတော့ဈေးကွက်ရှိ ဈေးနှုန်းများ မှာလည်းအတက်အကျများလျင်မြန်စွာဖြစ်ပေါ်လျှက်ရှိကြောင်း၊လက်ရှိကာလတွင်ဖြစ်ပေါ်နေသောလောင်စာဆီဈေးနှုန်းမြင့်တက်မှုနှင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုသည် သကြားဈေးနှုန်း များအား ပိုမိုမြင့်တက်စေခဲ့ကြောင်း၊ဒေါ်လာငွေကျဆင်းမှုနှင့်အတူ ပြည်ပပို့ကုန်တင်ပို့မှုလည်း ကျ ဆင်းခဲ့မှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် ထုတ်ကုန်ပစ္စည်းတန်ဖိုးများ ဈေးနှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း၊ လောင်စာဆီဈေးနှုန်းသည် စက်ရုံများလည်ပတ်နိုင်မှုအတွက် အဓိကအရေးပါသည့်အပြင် ကိုဗစ်-၁၉ ရောဂါပိုးအသစ်ဖြစ်သည့် အိုမီခရွန်တွေ့ရှိမှုများကလည်း ကမ္ဘာ့ထုတ်လုပ်မှုအပေါ် ပိုမိုထိခိုက် စေလျှက်ရှိကြောင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနှင့်အတူ သကြားဈေးနှုန်းများ ပိုမိုမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- Brasilia စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဩစတြေးလျနိုင်ငံ
နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုကို ပိုမိုလွယ်ကူစေရန် အစိုးရက ဆောင်ရွက်လျှက်ရှိခြင်း
ဩစတြေးလျအစိုးရသည်စီးပွားရေးလုပ်ငန်းများအတွက် ပို့ကုန်များတင်ပို့ခြင်းနှင့် သွင်းကုန် များတင်သွင်းရာ၌ လွယ်ကူပြီး ဈေးနှုန်းသက်သာစေရေးအတွက် လုပ်ထုံးလုပ်နည်းများကို လွယ်ကူ ရိုးရှင်းစေခြင်း၊ နှစ်ထပ်ဖြစ်မှုများကို လျှော့ချခြင်း၊ ကုန်စည်ရှင်းလင်းမှုအတွက် One-stop Digital System ကို ဖန်တီ‌ပေးခြင်းတို့ဖြင့် ဩစတြေးလျကုန်သွယ်မှုစနစ်ကို ပြန်လည်ပြင်ဆင်ရန် ဆောင် ရွက်ပေးလျှက်ရှိရာ (၄)နှစ်အတွင်း နောက်ထပ် ဩစတြေးလျဒေါ်လာ ၁၃၇.၇ သန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် ကတိကဝတ်ပြုလိုက်သည်ဟု ကုန်သွယ်ရေးဝန်ကြီး၊ ပြည်ထဲ‌ရေးဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ရုံးမှဝန်ကြီးတို့က ပူးတွဲသတင်းထုတ်ပြန်ထားကြောင်း၊ ကုန်သွယ်ရေး၊ခရီး သွားလုပ်ငန်းနှင့် ရင်းနှှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးက အဆိုပါဆောင်ရွက်ချက်များသည် စီးပွားရေး ခံနိုင်ရည်ကို အားကောင်းစေခြင်းနှင့် ဩစတြေးလျ၏ ကိုဗစ်-၁၉ မှ စီးပွာ‌ရေးပြန်လည်အားကောင်း လာစေခြင်းတို့ဖြင့် ကုန်သွယ်မှုကိုချောမွေ့စေမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန် သွယ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရန် အစိုးရသည် မက်ခရိုစီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလျှက် ရှိကြောင်း၊အဆိုပါအစီအမံများသည် နိုင်ငံတကာကုန်သွယ်မှုတွင်ကြုံတွေ့ရလျှက်ရှိသော စီးပွားရေး လုပ်ငန်းအများအပြားအတွက်ရည်ရွယ်သည်ဟုပြောကြားခဲ့ကြောင်း၊ ဩစတြေးလျ စိုက်ပျိုးမွေးမြူ ရေးဝန်ကြီးဌာနနှင့် ဩစတြေးလျမြောက်ပိုင်းဝန်ကြီးက ကုန်စည်ခြေရာခံနိုင်မှု စံချိန်စံညွှန်းများနှင့် ဒေတာများကို ဟန်ချက်ညီစေရန်၊ ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်း‌ပေးနိုင်ရန် ပို့ကုန် လုပ် ငန်းရှင်များ၏စွမ်းရည်ကို အကောင်းဆုံးအသုံးချနိုင်ခြင်းနှင့် ၎င်းတို့၏အရည်အသွေးမြင့်ထုတ်ကုန် များအတွက် ဈေးနှုန်းကောင်းများရရှိစေခြင်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် ဩစတြေးလျစိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် တင်ပို့သူများအတွက် နှစ်ဖက်အနိုင်ရရှိသည့် Win-Win အခြေအနေဖြစ်ကြောင်း၊ပြည်ထဲ‌ရေးဝန်ကြီးက ဩစတြေးလျနိုင်ငံသားများသည် နယ်စပ် လုံခြုံရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအကြား မှန်ကန်သောမျှတမှုရှိရန် အစိုးရကို ယုံ ကြည်နိုင်ပါကြောင်း၊နိုင်ငံတကာကုန်သွယ်မှုစနစ်မှ စက္ကူစာရွက်စာတမ်းများကိုဖယ်ရှား၍ ကမ္ဘာကို ဉီး‌ဆောင်ရန် Digital နည်းပညာအသစ်များကို အသုံးပြုခြင်းကြောင့် ကုန်သွယ်မှုကို ပိုမို မြန်ဆန်ထိ ရောက်ပြီး ပိုမိုလုံခြုံစေသည်ဟုပြောကြားခဲ့‌ကြောင်း၊ အဆိုပါအစီအမံများသည် စိုက်ပျိုးမွေးမြူရေး ပို့ကုန်နှင့် သွင်းကုန်စနစ်များနှင့် လုပ်ငန်းစဉ်များခေတ်မီစေရန် အစိုးရ၏ ဆက်လက်ရင်းနှီးမြှုပ်နှံမှု ကို ပံ့ပိုးပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဍမှ ဝင်ငွေ ဩစတြေးလျဒေါ်လာ ၁၀၀ ဘီလီယံရရှိရေးအတွက် အထောက်အပံ့ပြုပေးမည့် ကတိကဝတ်များနှင့် Commonwealth Biosecurity 2030 အစီအစဉ်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ