Main menu

HighLight News

Powered by Drupal

ပခုက္ကူမြို့နယ်ရှိ အာလူးစိုက်တောင်သူများထံ သွားရောက်တွေ့ဆုံဆွေးနွေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပခုက္ကူခရိုင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့နယ် ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှရွာ ရွာသစ်ရှိ တောင်သူဦးဝင်းဆန်းနှင့် ဦးဝင်းဗိုလ် တို့၏ အာလူးစိုက်ခင်းများသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ရာ ရွာသစ်ကျေးရွာရှိ အာလူးစိုက် တောင်သူများသည် ဒေသမျိုးနှင့် တရုတ်ဖြူမျိုးများကို ဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း၊  မျိုး တန်ဖိုး မှာ တစ်ပိဿာ (၂၀၅၀)ကျပ်ဖြစ်ပြီး တစ်ဧက ပိဿာ(၇၅၀)ခန့် သုံးစွဲရသည့်အတွက် မျိုးဖိုးအနေဖြင့် တစ်ဧက (၁၅)သိန်းကျော်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။

          အာလူးစိုက်ပျိုးသည့်အချိန်မှာ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး အာလူးတစ်လုံးတွင် အပင်ပေါက်မည့် မျက်ကွက်များ ပါရှိမှုပေါ်မူတည်၍ တစ်လုံးလျှင် လေးစိပ် (သို့မဟုတ်)နှစ်စိပ်ရရှိကြောင်း၊ စတင်စိုက်ပျိုးပြီး (၇)ရက်မြောက်နေ့မှစ၍ အာလူးဖော်ချိန်ထိ (၂) လခွဲ ခန့်ကြာမြင့်ကြောင်း၊ မြေဆီသွင်းအားစုအနေဖြင့်(အာမိုနှင့်ယာရာလီဗာ) (၅)အိတ် မှ (၇)အိတ် ထိ အကြိမ်ကြိမ်ခွဲ၍ ကျွေးရကြောင်း၊ အာလူးဖော်ချိန်တွင် တစ်ပင်လျှင် ပျမ်းမျှလေးလုံးမှငါးလုံး ထွက်ရှိကြောင်း၊ အာလူးဖော်ချိန်တွင် တစ်ဧက လုပ်သားဦးရေ (၁၈)ဦး မှ (၂၀)ဦးထိ အသုံးပြု ရပါကြောင်း၊ လုပ်သားခအနေဖြင့် တစ်ဦးလျှင် တစ်နေ့ပျမ်းမျှ(၆၀၀၀)ကျပ် ပေးရပါကြောင်း၊ အာလူးအထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာချိန် (၃၀၀၀ မှ ၄၀၀၀ ကြား)ထွက်ရှိပါကြောင်း၊ အာလူးစိုက် တောင်သူများအနေဖြင့် အာလူးပေါ်ချိန်တွင် တစ်ပိဿာ အနည်းဆုံး(၆၀၀/၇၀၀)ကျပ်မှ အများဆုံး (၁၀၀၀)ကျပ် ဈေးရရှိရန်မျှော်မှန်းကြောင်း၊ ညောင်ပင်လှရွာသစ်မှ ထွက်ရှိသော အာလူးများကို မန္တလေး၊ မုံရွာနှင့် မြင်းခြံမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ပခုက္ကူမြို့နယ်၊ ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှရွာသစ်ရှိ ကုန်မြေများတွင် (၁၅ တောင်မှ ၂၀ တောင်ရှိ) ရေတွင်းများတူး၍ ရေစုပ်စက်ဖြင့် ရေတင်ပြီး ရေဖြန်းစိုက်ပျိုးသည့်အတွက် စတင်စိုက်ပျိုးသည့် နှစ်တွင် ပိုက်ဖိုး (၁၀)သိန်းကျော်ခန့် ကုန်ကျပြီး (၅)နှစ်ခန့်အသုံးပြုရပါကြောင်း၊ အာလူးတစ်ဧက စိုက်ပျိုးစရိတ်မှာ (၂၃) သိန်းကျော်ကုန်ကျပြီး တစ်ပိဿာလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပါက အကျိုးအမြတ် အသင့်အတင့်ရရှိမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ဧက(၁၀၀၀)ခန့် စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် မျိုးဈေးနှုန်းနှင့် သွင်းအားစုဈေးနှုန်းမှာ ယခင်နှစ်ကထက် (၂)ဆခန့်မြင့်တက်ခြင်း၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် ဧက(၂၅၀)ခန့်သာ စိုက်ပျိုးနိုင်ပြီး အာလူးစိုက်ဧက လေးပုံတစ်ပုံခန့် လျော့နည်းသွားကြောင်း၊ ယခင်က ပခုက္ကူမြို့နယ်၊ ညောင်ပင်လ ှအုပ်စု၊ နက်အင်းချောင်း တလျောက်တွင် ဝါ၊ ကြက်သွန်၊ အာလူး၊ မေမြို့ပန်း၊ ပန်းဂေါ်ဖီစသည့် သီးနှံများကို ချောင်းထဲတွင် အပြည့်စိုက်ပျိုးခဲ့ကြကြောင်း၊ ယခုနှစ်တွင် မြို့ပေါ်ရှိ ငွေကြေးတတ်နိုင် သူများမှ မျိုး၊ မြေဩဇာ၊ သွင်းအားစုနှင့် စက်သုံးဆီဖိုးများ ကျခံ၍ တောင်သူများမှ မြေနှင့်လုပ်သားခ စိုက်ထုတ်ပြီး အကျိုးတူစိုက်ပျိုး ကြသော်လည်း ယခင်နှစ်ထက် စိုက်ဧကလျော့နည်းကြောင်း အာလူးစိုက်တောင်သူများထံမှသိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ပခုက္ကူခရိုင်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၁) ရက်နေ့၊ နေ့လည်(၁:၃၀)အချိန်တွင် ပေါက်မြို့နယ်၊ အောင်တော်မူရပ်ကွက်ရှိ "SOE" သောက်ရေ သန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေးနှင့် အခန်း(၁၈)ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့်(ဆ)ပါအချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန်လိုအပ်ကြောင်း၊ လုပ်ငန်းလိုင်စင်များ၊ FDA ၏ ထောက်ခံချက်များလည်း ပြည့်စုံစွာ ရှိထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ မိမိတို့၏ ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာ ဖော်ပြပြီးလျှင် ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိကို စိစစ်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အမှတ်တံဆိပ်စစ်ဆေးခွင့်ပြုချက်ရယူရန်လည်း လိုအပ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပါသည်။

         ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊ ညောင်ကျစ်ပင်ကျေးရွာရှိ ကုန် အမှတ်တံဆိပ်စစ်ဆေး ခွင့်ပြုချက်ရရှိပြီးသော "ရွှေမင်းစံ" သောက်ရေသန့်လုပ်ငန်းသို့ ဝင်ရောက် လေ့လာခဲ့ရာ သောက်ရေသန့်ထုတ်လုပ်မှုအပြင် တစ်လီတာသောက်ရေသန့်ဘူးခွံများ ထုတ်လုပ်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် သောက်ရေသန့်ဘူးခွံများ ရရှိရန်အတွက် ကုန်ကြမ်းပစ္စည်းများကို ရန်ကုန်မြို့မှ ဝယ်ယူရကြောင်း၊ ကော်ကုန်ကြမ်းပစ္စည်းတစ်ခုလျှင် (၉၂)ကျပ် ပေးချေရပြီး တစ်အိတ်လျှင် အခုရေ(၁၀၀၀)ပါရှိကြောင်း၊ တစ်လီတာ ရေသန့်ဘူးခွံများ ရရှိရန် ဘူးခွံထုတ်စက်ဖြင့် ထုတ်လုပ်ရာ တစ်နေ့လျှင်(၁၂)အိတ်ခန့် ပြီးစီးပြီး ကုန်ချော တစ်လီတာရေသန့်ဘူးခွံများကို တစ်နေ့လျှင် ဘူးအရေအတွက် (၁၀၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဘူးခွံတစ်ဘူးလျှင် (၁၀၂) ကျပ် ဖြင့်ရောင်းရပြီး မှာယူလိုပါကလည်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမား(၂)ဦး ရှိပြီး တစ်နေ့လျှင် လုပ်အားခ(၅၀၀၀)ကျပ်ပေးရကြောင်း၊ နေ့စဉ်ပုံမှန်မရောင်းရသော်လည်း တစ်လ အတွင်းတွင် ဘူးအရေအတွက်(၁)သိန်းခန့် ရောင်းချရပြီး ပခုက္ကူ၊ ကမ္မ၊ ပေါက်မြို့နယ်များသို့ ရောင်းချ ရကြောင်းသိရှိရပါသည်။      

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk show အစီအစဉ်ကျင်းပပြုလုပ်

      မန္တလေးတိုင်းဒေသကြီး ၊မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန(community center)ခန်းမ၌ (၁၃.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အများပြည်သူသိရှိနိုင်ရန်အတွက် talk show အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ talk showအစီအစဉ်တွင်စားသုံးသူရေးရာဦးစီးဌာန ငါန်းဇွန်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်များအလိုက် တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များသို့ တိုင်ကြားနိုင်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများအတွက် နစ်နာသည့်စားသုံးသူမှဖြစ်စေ၊ နစ်နာသည့်စားသုံးသူ၏မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ တရားဝင်မှတ်ပုံတင်ထားသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှဖြစ်စေ နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံးစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာ တွင်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ဌာနသို့အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်(သို့)ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန် ရည်ရွယ်၍ (consumer call center)ကို ၂၀၂၁ ခုနှစ် ဇွန်လ ဒုတိယပတ်မှစ၍ စမ်းသပ်ကာလအဖြစ် ဖွင့်လှစ်ထားရှိရာ Telenor ၊ooredoo ၊ mytel sin card အသုံးပြုသူများအနေဖြင့် short code 1535 ဖြင့်လည်းကောင်း၊  mpt sin cardအသုံးပြုသူများအနေဖြင့် long code 09765481535 ကိုလည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ မကြာမီတရားဝင်ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁၁:၁၅)နာရီအချိန်တွင် Talk Show အစီအစဉ်ပြီးဆုံးခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ Online အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စားသုံးသူများ အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးစေမှု ကာကွယ်နိုင်ရေး အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်သလို ထုတ်လုပ်သူစီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏ ကုန်စည်ထုတ်လုပ်ရာ တွင်လည်းကောင်း၊ ဖြန့်ဖြူးရောင်းချရာတွင်လည်းကောင်း စားသုံးသူများအတွက် လုံခြုံစိတ်ချရမှု ရရှိ စေနိုင်သည့် ကုန်စည်များထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ် ငန်းများကို ဆထပ်ထမ်းပိုး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူ သိရှိစေရန်အတွက် ရေးသားဖော်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

လွိုင်ကော် စပါးဈေးအနည်းငယ်ကျသော်လည်း ဆန် ဈေးနှုန်းတည်ငြိမ်နေ

         လွိုင်ကော်မြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော (မိုး) စပါးဈေးနှုန်းမှာအနည်းငယ်ကျဆင်း လျက်ရှိပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း (၁၀၀) လျှင် (၇၄၁,၂၄၀)ကျပ်ဖြစ်၍ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင်တင်း (၁၀၀) လျှင် (၇၀၂,၉၀၀) ကျပ်သို့ ဈေးနှုန်းကျဆင်းလာပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်မည်ဆိုလျှင် (၃၈,၃၄၀) ကျပ် ကွာဟလျက်ရှိပြီး ပြည်နယ်အတွင်းမှာလည်း အရောင်းအဝယ်အေးနေကြောင်း၊  စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းရခြင်းမှာ ပြည်တွင်းတွင် (မန္တလေး၊ မူဆယ်)ဘက်မှ ဆန်ဝယ်ယူမှုလျော့နည်းခြင်းကြောင့်ဖြစ်ကြောင်း  စက်ပိုင်ရှင်တစ်ဦးထံမှသိရပါသည်။

         ဧည့်မထဆန် ဈေးနှုန်းမှာ နိုဝင်ဘာလ ဒုတိယပတ်တွင် ဆန် တစ်အိတ်လျှင် (၃၇,၀၀၀)ကျပ်ဖြစ်ပြီး၊ ဒီဇင်ဘာလ ဒုတိယပတ် တွင်လည်း ဆန်တစ်အိတ်လျှင် (၃၇၀၀၀)ကျပ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ ဒေသဆန်ဧည့်မထကို မန္တလေးမြို့သို့ အများဆုံး တင်ပို့ရာ ယခုကာလတွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ တင်ပို့မှု လျော့နည်းနေခြင်းကြောင့် ဆန်ဈေးနှုန်းမှာလည်း ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး(အမှုထမ်း)သင်တန်းဖွင့်လှစ်

စားသုံးသူရေးရာဉီးစီးဌာန၊ ရုံးအမှတ်(၅၂) (၂၀.၁၂.၂၀၂၁)

        ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အမှုထမ်း)သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရုံးအမှတ်(၅၂)စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၅၅) ဉီး တက်ရောက်ခဲ့ပါသည်။

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှာ  ပြည်ထောင်စုတိုင်းရင်းသား လူငယ်စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ကျောင်းဆင်းဘွဲ့ရ သင်တန်းသား (၁၅) ဉီးနှင့် ဦးစီးဌာနက အသစ်ခန့်ထားတဲ့ အမှုထမ်း (၃၅) ဉီး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အမှုထမ်း(၅)ဉီး စုစုပေါင်း သင်တန်းသား (၅၅) ဉီးကို (၂၀-၁၂-၂၀၂၂) မှ (၁၀-၁-၂၀၂၂) နေထိ ဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ကြောင်း၊ ယခုသင်တန်းသားများဟာ ဝန်ကြီးဌာန၏   မျှော်မှန်းချက်ဖြစ်တဲ့ “ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်”၊ စားသုံးသူရေးရာဉီးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်တဲ့ ပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ကျင့်သုံး၍ မြန်မာ့စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံအား ဒေသတွင်းကုန်သွယ်မှု၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်”၊ မူပိုင်ခွင့်ဉီးစီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ကမ္ဘာနှင့်ယှဉ်၍ ဖွံ့ဖြိုး တိုးတက်စေနိုင်သောတီထွင်ဆန်းသစ်မှုနှင့်ဖန်းတီးမှုများကိုမြင့်မားတိုးတက်လာစေမည့်မူပိုင်ခွင့် စနစ်တရပ်တည်ထောင်ရန်”စသည့် မိမိတို့ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများရဲ့ မျှော်မှန်းချက်များကို သိရှိနေရမှာဖြစ်သလို မိမိတို့ ဉီးစီးဌာနရဲ့ ရည်မှန်းချက် ဖြစ်တဲ့စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်စသည့် တာဝန်တွေသိရှိပြီး မိမိတို့လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ကျွမ်းကျင်စွာဆောင်ရွက် နိုင်စေရန်နှင့် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် လမ်းညွှန်ချက်နှင့်အညီ ယခုလိုသင်တန်းဖွင့်လှစ်ပို့ချပေးတာဖြစ်ကြောင်း၊ နောင်မိမိတို့ဌာနအနေဖြင့် ယခုလို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလျဉ်းသင့်သလို သင်တန်းများ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊သင်တန်းသားများအနေဖြင့်သင်တန်းမှာပို့ချပေးတဲ့သင်ခန်းစာ များဟာအခြေခံမျှသာဖြစ်ပြီး လက်တွေ့လုပ်ငန်းနယ်ပယ်မှာ စဉ်ဆက်မပြတ် ကြိုးစားလေ့လာ ဆည်းပူးနေဖို့ လိုအပ်ပါကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ

နေပြည်တော်၊ (၂၀-၁၂-၂၀၂၁)

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၃၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းတို့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်နိုင်မှုပမာဏ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန် ၉ သိန်း ကျော်တင်သွင်းနေရပါကြောင်း၊ ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်ခရီးသွားလုပ်ငန်းများ အတွက် စုစုပေါင်း သုံးစွဲမှုတန်ချိန် ၁၁ သိန်းခန့်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ဧကနှင့် အထွက်နှုန်းပိုမိုတိုးတက်လာစေရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက် ဝေစုပိုမိုရရှိလာစေ‌ရေး၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆီထွက်သီးနှံ ကဏ္ဍ(Supply Chain) တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့ စိုက်ပျိုး နိုင်ရေးဆောင်ရွက်နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို အကန့်အသတ်ဖြင့်တင်သွင်းခွင့်ပြုနိုင်ရေး မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ စားသုံးမှုပုံစံကို ပြောင်းလဲရာတွင် စားသုံးသူအကာအကွယ်ပေးရေး အစီအစဉ်များ၊ စားသုံးသူ အသိအပညာပေး အစီအစဉ်များကို ဦးစားပေးဆောင်ရွက်၍ အရည်အသွေး ပြည့်မီသည့် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း ပြည်တွင်း၌ ဆီထွက် သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာစေရန် တောင်သူများအား အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းအသိပညာပေးခြင်း၊ နည်းပညာ များပံ့ပိုး‌ပေးခြင်းစသည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သလို ကြိတ်ခွဲထုတ်လုပ် သည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ် သည့် တောင်သူများနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ပုံစံမျိုး ဆောင်ရွက်ပေးရန်လိုအပ်မည် ဖြစ်ပါကြောင်းနှင့် တက်‌ရောက်လာသူ များအနေဖြင့် ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြန်မာ နိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧက (၈) သန်းနီးပါးရှိသော်လည်း ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှုမှာ နည်းပါးသည့်အတွက် နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် (၉) သိန်းဝန်းကျင်ခန့် တင်သွင်းနေရပါ ကြောင်း၊ ဆီထွက်သီးနှံများအား တိုးချဲ့စိုက်ပျိုးနိုင်ပြီး ပြည်ပသို့ ဆီထွက်သီးနှံများအား ကုန်ကြမ်း အတိုင်းတင်ပို့ ရောင်းချခြင်းထက် စားသုံးဆီဖူလုံမှုရှိစေရန် ပြည်တွင်း၌ ပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများအား တန်ဖိုးမြင့်ထုတ်ကုန်များ အဖြစ် ပြောင်းလဲထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါက နိုင်ငံခြားဝင်ငွေ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ စားသုံးဆီ လစဉ်ပျမ်းမျှတန်ချိန် (၁၈၀၀၀) ကျော် ကြိတ်ခွဲထုတ်လုပ်နိုင်သော် လည်း အချို့စက်များမှာရပ်နားထားခြင်း၊ ကုန်ကြမ်းရရှိမှုနည်းပါးသဖြင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အရည်အသွေးမီ ဆီစက်များ ဖြစ်စေရေးနှင့် ဆီစက် လုပ်ငန်းများ အဓွန့်ရှည်ရေးအတွက် ပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆီစက်များ စက်စွမ်းအားပြည့် လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ် သည့်အပြင် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး၍ ပြည်တွင်း စားသုံးဆီလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်‌ရောက်လာကြသည့် သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ပြည်ပမှ စားသုံးဆီ တင်သွင်းမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချမှု အခြေအနေနှင့် ဆီထွက်သီးနှံများအား ပြည်ပတင်ပို့မှု အခြေအနေများ၊ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ၊ အကြံပြု သုံးသပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက စားသုံးသူပြည်သူများ အပါအဝင် Supply Chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများ၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိူးစီးပွားကို ရှေ့ရှုပြီး ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံသွားရမည် ဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချရန် လိုအပ်ပါကြောင်း၊ တင်သွင်းထုတ်လုပ်သည်မှ လက်လီဈေးကွက်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လုပ်ငန်းရှင်များ ဖြစ်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

၂၀.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၀.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာတွင် Contract Farming စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၂.၁၂.၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထုံးအိုင်စံပြကျေးရွာတွင် ဒေသခံတောင်သူများနှင့် တောင်သူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Contract Farming စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးပွဲအခမ်အနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

         ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဇော်ထက်က မိတ်ဆက်စကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိက ထိခိုက်နစ်နာမှုများကို စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်ကြား စေ့စပ်ညှိနှိုင်းဖြေရှင်းမှုများအား စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်ပေးမှုများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများပေါ်တွင် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံအမယ်သစ်များဖော်ထုတ်ခြင်း၊ တွက်ချေကိုက်မှု/ အကျိုးဖြစ်ထွန်းမှုအခြေအနေများ ကွင်းဆင်းလေ့လာဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသထွက်ကုန်များ ဈေးကောင်းရရှိရန်လိုအပ်ကြောင်း၊ အထွက်နှုန်းများများထွက်ပြီး ဈေးကောင်းရရှိဖို့ လိုအပ်ကြောင်း၊ သမရိုးကျနည်းများဖြင့် စိုက်ပျိုးလျှင် အထွက်နှုန်းနည်းသဖြင့် မျိုးကောင်း၊ မျိုးသန့်များ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးစေလိုကြောင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတိုင်းများတွင် မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ အထွက်နှုန်း ပိုမိုတိုးတက်လာကြောင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်ပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ NES တွင်ပါဝင်သော ဒေသထွက်ပြည်ပပို့ကုန်များနှင့် အမယ်သစ်သီးနှံများအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးမှ Contract Farming စနစ် ဆောင်ရွက် ရာတွင် လိုက်နာရန် လုပ်ထုံးလုပ်နည်းများအကြောင်းရှင်းပြပြီး Contract Farming စနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ Contract Farming စနစ် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများမှ Contract Farming စနစ် နှင့် ပတ်သက်၍ သိလိုသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လည် (၁၂:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

သောက်ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခြင်းနှင့် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်

          ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀:၀၀)တွင် တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူးရုံးတွင် ထားဝယ်ခရိုင် သောက်ရေသန့်အသင်းဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်နှင့် အမျိုးသားအစားအသောက်ဥပဒေအကြောင်းကို သိရှိနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ​ဆွေးနွေးပွဲသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင် သောက်ရေသန့် လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        ဆွေးနွေးပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမေသန်းနိုင်က ကုန်ပစ္စည်းများကို ​ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်ဖြင့် ထုတ်လုပ်ရန် နှင့် ဟောပြောပွဲများလည်း စဉ်ဆက်မပြတ်ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်အောင်ကျော်က ခရိုင်အလိုက် သောက်ရေသန့်အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် အသင်းအဖွဲ့ ဖွဲ့ရခြင်း၏ ရည်ရွယ်ချက်၊ အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုအပ်သည့် အချက်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ လိုက်နာရမည့်အချက်များအပြင် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းများနှင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်များအကြောင်း၊ အစားအသောက် ထုတ် လုပ်ခြင်း ထောက်ခံချက် လျှောက်ထားရာတွင် လိုအပ်သောအချက်များနှင့် အမျိုးသားအစား အသောက် ဥပဒေများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          တက်ရောက်လာသည့် သောက်ရေသန့်လုပ်ငန်းရှင်များမှ ထားဝယ်ခရိုင် သောက်ရေသန့် အသင်းအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး နေ့လည် (၁၂:၀၀)တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(တနင်္သာရီတိုင်းဒေသကြီး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းသည် (၁၅.၁၂.၂၀၂၁)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ပွဲကြိုရပ်ကွက် (၁၆)လမ်းရှိ ရွှေမြန်မာ (လှယဉ်ကျေးမယ်) အမှတ်တံဆိပ်ဖြင့် ယိုစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် စီးပွားရေး လုပ်ငန်းရှင်ဦးသန်းထွန်းနှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေးခဲ့ပါသည်။  

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြပါဝင်ရမည့်အချက်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

      မကွေးခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းကုန်စည် ထုတ်လုပ်/ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်များနှင့် အခါအားလျှော်စွာတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက် သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းဥပဒေအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

Pages

Subscribe to RSS - HighLight News