Main menu

HighLight News

Powered by Drupal

ထိန်းချုပ်အစားအသောက်ထုတ်ပြန်ခြင်းအကြောင်းဆွေးနွေးစရာများ

      အမှတ်တံဆိပ်ပါဘူးသွင်းသောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီကို ထိန်းချုပ်အစား အသောက်အဖြစ်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ အမိန့်စာ မထုတ်ခင် ကထက် ဘာတွေထူးခြားသက်ရောက်လာနိုင်လဲလို့ ဆွေးနွေးမေးမြန်းကြသလို ထိန်းချုပ်အစားအ သောက် အမိန့်စာကို စားသုံးသူရေးရာဦးစီးဌာနက ထုတ်တယ်လို့ထင်လို့ မေးလာသူလဲရှိပါတယ်။ မိမိတို့စားသုံးသူရေးရာဦးစီးဌာနကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနလို့ ထင်နေတာ မျိုးလဲမကြာခဏ ကြုံရတတ်ပါတယ်။  ဒါကြောင့်ထိန်းချုပ်အစားအသောက်ကို မဆွေးနွေးခင် ဌာန နှစ်ခုကို ကွဲပြားအောင် အောက်ပါဇယားနဲ့ အကြမ်းဖျဉ်း တင်ပြချင်ပါတယ်-

ဒီဌာနနှစ်ခုဟာ သူ့ဌာနကော်မတီထဲကိုယ်ပါ၊ ကိုယ့်ဌာနကော်မတီထဲသူပါနဲ့ မိတ်ဖက်ဌာနအဖြစ် အတူတွဲဆောင်ရွက်ဖြစ်ကြပါတယ်။ ဈေးဆိုင်များကိုအတူကွင်းဆင်းစစ်ဆေးကြသလို လူထုအသိပညာ ပေးဟောပြောပွဲနှင့် ဆွေးနွေးပွဲများမှာလည်း တိုက်ဆိုင်ရင် အတူတွဲ၍ တလှည့်စီရှင်းလင်းဆွေးနွေး ခဲ့ကြပါတယ်။ ဒီလို ဌာန(၂)ခုတွဲပြီးတွေ့ကြရင်တော့ မတူမှန်းသတိထားမိကြပြန်ပါတယ်။ ဌာန(၂)ခုကို တူတယ်လို့ဘာကြောင့်ထင်ကြတာလဲဆိုတဲ့ အချက်လေးတွေကို လေ့လာကြည့်တဲ့အခါ

  • စားသုံးသူရေးရာဆိုတာကို စားသုံးသူဆိုတဲ့စကားလုံးတွေ့တာနဲ့ အစားအသောက်ပဲလို့ ထင်ပြီး ဌာနကို တူတယ်ထင်မှတ်ကြပါတယ်၊ အမှန်က စားသုံးသူဆိုတာ ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးမျိုးကို သုံးစွဲသူများကိုဆိုလိုတာပါ။
  • စားသုံးသူရေးရာဌာနဝန်ထမ်းတွေက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ တွေကို ရပ်ကွက်၊ ကျေးရွာ၊ ကျောင်း၊ ဈေး၊ လုပ်ငန်းရှင် စသည်ဖြင့် နယ်ပယ်စုံတွင် အသိပညာပေးဟောပြောပွဲ၊ ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ဆုံညှိနှိုင်းအကြံပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။ စားသုံးသူအခွင့်အရေးတွေ တိုင်ကြားနိုင်တာတွေ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုတွေ ဟောပြောနေပေမယ့် အချို့မူလတန်းကျောင်းအဆင့်လေးတွေမှာ နားလည်လက်ခံနိုင်စွမ်းအရ မှတ်သားနိုင်တာလေးတွေပဲ ရွေးပြောပေးကြပါတယ်။ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကို နားလည်အောင်ပြောပေးရာမှာ မြင်သာတဲ့ အရောင်ဆိုးဆေးတွေနဲ့ ဥပမာပေးဖြစ်ကြတော့ FDA ဌာနကအသိပညာပေးမှုနဲ့ ရောထွေးသွားတတ်ကြတာကိုလည်း မိမိတို့ဌာနက ဝန်ထမ်းများကပဲ ကွဲပြားအောင်ရှင်းရှင်း လင်းလင်း ဟောပြောအသိပညာပေးကြရပါမယ်။
  • နောက်တစ်ချက်က ကုန်စည်၊ ဝန်ဆောင်မှု ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာမှာ ဈေးတွေ၊ ကုန်စုံဆိုင်တွေကို အဓိက သွားရောက် စစ်ဆေးမှုများရာ အများအားဖြင့် အစားအသောက်တွေနဲ့ပဲ ထိတွေ့နေရတော့ ဌာနချင်းရောထွေးမှုမဖြစ်အောင် ယခုဆိုရင် အခြားကုန်စည်အုပ်စုတွေဖြစ်တဲ့ ကလေး ကစားစရာပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စသည်ဖြင့် အခြားအုပ်စုများကိုလည်း အလေးပေးဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။ ဒါပေမယ့် စားသုံးသူကာကွယ်ရေး ဆိုတာကလည်း စားသုံးသူအသုံးပြုမှုများပြီး ထိခိုက်နိုင်ခြေမြင့်မားတဲ့ကုန်စည်၊ ဝန်ဆောင်မှု များကို ဦးစားပေးကဏ္ဍများသတ်မှတ် ဆောင်ရွက်ကြရတာဖြစ်တော့ အစားအသောက်က  ပါဝင်နေတာပဲဖြစ်ပါတယ်။
  • “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”ကို ဆောင်ရွက်ရာမှာလည်း FDA ဌာနက  FDA ထောက်ခံချက်လာလျှောက်ထားတဲ့ သို့မဟုတ် ပြည်ပကတင်သွင်းလာတဲ့ အစားအသောက်၊ ဆေးဝါး၊ အလှကုန်များကို ထောက်ခံချက်ထုတ်ပေးရာမှာ “အမှတ်တံဆိပ်ကပ်ခြင်း”ဆိုတဲ့ ကဏ္ဍပါဝင်တဲ့အတွက် လာရောက်လျှောက်ထားတဲ့ကုန်ပစ္စည်းကို ညွှန်ကြားချက်နှင့်အညီ စိစစ်ခြင်းဖြစ်ပြီး စားသုံးသူရေးရာဌာနကတော့ ဈေးကွက်မှာရှိနေတဲ့ ကုန်စည်အားလုံးကို စိစစ်ခြင်းဖြစ်ပါတယ်။

       ထိန်းချုပ်အစားအသောက်အကြောင်းကို လေ့လာကြည့်ရင် အမျိုးသားအစားအသောက် ဥပဒေတွင် ထိန်းချုပ်အစားအသောက်ဆိုသည်မှာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က အခါအားလျော်စွာအမိန့်ကြော်ငြာစာထုတ်ပြန်၍ ထိန်းချုပ်အစားအသောက်ဟု သတ်မှတ် ထားသော အစားအသောက်ကို ဆိုသည်ဟု ပြဌာန်းထားပါသည်။ မည်သူမျှလိုင်စင်မရှိဘဲထိန်းချုပ် အစားအသောက်ကို ထုတ်လုပ်ခြင်းမပြုရ၊ မည်သူမျှလိုင်စင်မရှိဘဲ ထုတ်လုပ်ထားသော ထိန်းချုပ်အစားအသောက်ကို ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရဟု တားမြစ်ထားပြီး၊ ဖောက်ဖျက်သော ထုတ်လုပ်သူကို ထောင်ဒဏ်၅နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်၊ သိုလှောင်ရောင်းချသူဖြစ်ပါက အထက်ပါပြစ်ဒဏ်အတိုင်းမှာပင် ထောင်ဒဏ် ၃နှစ်နှင့် ငွေဒဏ် အများဆုံးသုံးသိန်းဖြစ်ကြောင်း ဥပဒေမှာပြဌာန်းထားပါသည်။

       ဒီလိုစီမံဆောင်ရွက်ခြင်းရဲ့ရည်ရွယ်ချက်များမှာ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းသောအစားအသောက်ကို အများပြည်သူတို့ စားသုံးနိုင်ရန်၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးကိုထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ အစားအသောက်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ အမျိုးသားအစားအသောက်ဥပဒေတွင် ဖော်ပြပါရှိပါသည်။

         ထိန်းချုပ်အစားအသောက်ထုတ်လုပ်လိုသူတွေအနေနဲ့ လိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ အစိုးရဌာန (သို့) အဖွဲ့အစည်းကို လိုင်စင်လျှောက်ထားရမှာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအောက်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကို လျှောက်ထားရမှာဖြစ်ပါတယ်။ FDA ဌာနကနေ ဆေးဝါးပိုင်းမှာတော့ သာမန်ထိန်းချုပ်ဆေးဝါးများနှင့် အထူးထိန်းချုပ်ဆေးဝါးများဆိုပြီး သတ်မှတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပြီးဖြစ်ပါတယ်။ အစားအသောက်အနေနဲ့တော့ ယခုမှ ထုတ်ပြန်ခြင်းဖြစ်လို့ ရင်းနှီးမှုမရှိသေးတာဖြစ်ပါတယ်။ ထိန်းချုပ်အစားအသောက်နှစ်မျိုးအနက် သောက်ရေသန့်စက်ရုံများဟာ ယခင်ကတည်းက  ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိဖို့ FDA ထောက်ခံချက် မဖြစ်မနေလျှောက်ထားရတဲ့အတွက် အမှတ်တံဆိပ်ပါဘူးသွင်းသောက်ရေသန့်ပိုင်းကတော့ ထူးခြားမှု သိပ်မရှိဘဲ ပိုမိုလေးနက်သွားတာပဲရှိပါတယ်။ သောက်ရေသန့်ထုတ်လုပ်မှုလိုင်စင်မရှိဘဲ ပိုက်လိုင်း မှဖြစ်စေ၊ အခြားနည်းဖြစ်စေ ရေဖြန့်ဖြူးရောင်းချသူကတော့ သောက်ရေသန့်ဟုဖော်ပြရောင်းချခြင်း ပြုလုပ်လို့မရပါဘူး။

       စားသုံးဆီပိုင်းမှာတော့ ယခင်တုန်းက ထုတ်လုပ်ဖြန့်ဖြူးရန်အတွက် FDA မဖြစ်မနေ လျှောက်ထားရန်မလိုတဲ့အတွက် နာမည်ကျော်ကြားသောအမှတ်တံဆိပ်အချို့သာ ထောက်ခံချက်ရယူ ထားကြပါတယ်။  ယခုအမိန့်ထုတ်ပြန်ပြီးနောက် အမှတ်တံဆိပ်ပါစားသုံးဆီဆိုရင်တော့ FDA လျှောက်ထားရတော့မှာဖြစ်ပါတယ်။ ယခင်ကတည်းက ဘူးသွင်းတံဆိပ်ကပ်စားသုံးဆီများအနက် ပဲဆီသန့်ဟု တံဆိပ်ကပ်ထားပြီး စားအုန်းဆီကို ပဲဆီအနံ့ထည့်ပြီး လိမ်ညာရောင်းချတော့ စားသုံးသူက မတန်တဲ့ဈေးနှုန်းကိုပေးဝယ်ရတဲ့ပြဿနာ၊ ပဲဆီ၊နှမ်းဆီ၊ နေကြာဆီစစ်စစ်ဟု အာမခံတံဆိပ်ကပ် ရောင်းချလို့ ယုံကြည်စားသုံးကြရာမှာ စစ်စစ်ဖြစ်ရုံကသာအဓိကမဟုတ်သေးဘဲ မှိုကဲ့သို့ မပါဝင်ရမည့်ဓာတ်များ မပါအောင် သန့်စင်မှုကအဓိကဖြစ်တဲ့ပြဿနာတွေကို ထိန်းချုပ်နိုင်သွားမယ်လို့ ယူဆရပါတယ်။ တံဆိပ်တပ်မရောင်းတဲ့စားသုံးဆီတွေက ထုတ်ပြန်ချက်မှာ အကျုံးမဝင်ဘူး၊ မထိန်းချုပ်တော့ဘူးလားဆိုရင်တော့ FDA ဌာနက Mobile Lab တွေနဲ့ မုန့်တီ၊ သရက်ချဉ်၊ ပဲပြားတွေလို ထုတ်ပိုးထားတာမဟုတ်တဲ့ အစားအသောက်တွေတောင် နမူနာကောက်ယူစစ်ဆေးပြီး စားသုံးရန်မသင့် တွေ့ရှိပါက သိမ်းဆည်းအရေးယူမှုတွေဆောင်ရွက်ခဲ့သလိုပဲ ဈေးကွက်ထဲမှာ ခွက်ချင်ရောင်းချတဲ့ စားသုံးဆီများကိုလည်း စစ်ဆေးမှုတွေရှိလာမှာဖြစ်တဲ့အတွက် ဘေးကင်းမှုအပိုင်းကိုတော့ ထိန်းသိမ်းကွပ်ကဲမှုရှိနေမှာပါ။ ထိန်းချုပ်အစားအသောက်လို့ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ပိုမိုစနစ်ကျစေဖို့ အသေးစိပ်အစီအမံများကို သက်ဆိုင်ရာဌာနနှင့် ဆက်စပ်ဌာနများက ထုတ်ပြန်သွားမှာပါ။

     ထိန်းချုပ်အစားအသောက်အကြောင်းအချက်များကို တင်ပြပြီးနောက်မှာတော့ အမှတ်တံဆိပ် ပါတာတွေကိုပဲ ထိန်းချုပ်မှာဆိုတော့ အမှတ်တံဆိပ်မပါရင် မထိန်းချုပ်တော့ဘူးလား၊ ဒါဆိုအမှတ်တံဆိပ်မပါဘဲ ရောင်းတော့မှာပေါ့ ဆိုလာသူတွေအတွက် ဆက်လက်ဆွေးနွေးလိုပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ယခင်ကတည်းက သောက်ရေသန့် ၊ စားသုံးဆီများနှင့်ပတ်သက်ပြီး စားသုံးသူနစ်နာမှု တိုင်ကြားချက်များကို လက်ခံညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ရပါတယ်။ သောက်ရေသန့်နှင့် စားသုံးဆီမှာ သန့်ရမယ်ဆိုတဲ့ အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း ဆိုတဲ့ စားသုံးသူအခွင့်အရေးများရရှိအောင် ဆောင်ရွက်ခဲ့ ပါတယ်။ စားသုံးသူကာကွယ်ရေးဥပဒေမှာ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက လုပ်ငန်းရှင်ဘက်က ကုန်စည်အပေါ်တာဝန်ရှိမှုဆိုတာ ဥပဒေမှာပြဌာန်းထားလို့ စားသုံးဆီများကို ဘူးသွင်းတံဆိပ်ကပ် မရောင်းချနိုင်ရင်တောင် ဆီစက်၊ ဆီဆိုင်အမည်၊ နေရပ်လိပ်စာဖြင့် ရောင်းချပြီး လက်ကားကနေ ရယူရောင်းချရင်လည်း ဘယ်ကဝယ်ရောင်းတယ်ဆိုတဲ့ ပြေစာအထောက်အထား သိမ်းဆည်း သတ်မှတ်ထား၍ ရောင်းချရန်အသိပေးတိုက်တွန်းခဲ့ပါတယ်။ စားအုန်းဆီတင်သွင်းလာကတည်းက စားသုံးရန်သတ်မှတ်အဆင့်ဖြင့်တင်သွင်းခွင့်ပြုပြီး အရည်အသွေးစစ်ဆေး‌ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးမှ ဖြန့်ဖြူးစေခြင်းဖြစ်ရာ  လုပ်ငန်းရှင်များအနေနဲ့ သယ်ယူသိုလှောင်ဖြန့်ဖြူးရေး ကွင်းဆက်တလျှောက်သန့်စင်မှုရှိစေရေး အလေးထားဆောင်ရွက်သင့်ပါတယ်။

      စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်ရောင်းချခြင်းမပြုရဟု ပြဌာန်းထားပါသည်။ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များ ထုတ်ပြန် ထားရာ သောက်ရေသန့်နှင့် စားသုံးဆီတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းကို မြန်မာဘာသာဖြင့်ဖော်ပြရမှာဖြစ်ပါတယ်။ အမှတ်တံဆိပ်မပါဘဲ ရောင်းချပါက ဈေးကွက်ထိုး ဖောက်နိုင်စွမ်းကျယ်ပြန့်မှုမရှိတော့ဘဲ၊ ကုန်အညွန်းအမှတ်အသား အပြည့်အစုံပါတဲ့ အမှတ်တံဆိပ် ဆိုရင် စားသုံးသူတွေ စိတ်ချယုံကြည်မှုမြင့်မားစေပါတယ်။  အချို့အမှတ်တံဆိပ် များသည် မိမိ ကုန်အမှတ်တံဆိပ်ကို တန်ဖိုးထားပြီး တံဆိပ်တူ ကုန်စည်များ တုပမှုများမှ ရှောင်ရှားပြီး ဥပဒေရဲ့အကာအကွယ်ပေးမှုကို ရရှိနိုင်ရန်အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့်အညီ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်က မူပိုင်ခွင့်ဦးစီးဌာနကို လျှောက်ထားဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း သာမက ပြည်ပဈေးကွက်ကို ထိုးဖောက်လျက်ရှိသည့် ကုန်စည်များအမှတ်တံဆိပ်များဟာ နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် တတပ် တအားမို့ အားပေးရမှာဖြစ်ပါတယ်။

       နိုင်ငံတကာမှာ သောက်ရေသန့်နှင့်စားသုံးဆီကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့တာကြာပါပြီ။ တိုက်ရိုက်သောက်သုံးကြတဲ့ ရေနဲ့ နေ့စဉ်သုံးစွဲမှုများပြားတဲ့ စားသုံးဆီ တို့ဟာ သန့်ရှင်းဘေးကင်းမှုမရှိရင် စားသုံးသူတွေအတွက် ထိခိုက်နိုင်ခြေမြင့်မားပါတယ်။ ဒါကြောင့် နိုင်ငံနှင့်လူမျိုးအတွက် ကျန်းမာရေး၊ စီးပွားရေး အထောက်အပံ့ကောင်းများစွာရရှိမယ့် ဒီလုပ်ငန်းစဉ်ကို ကြိုဆိုပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

ရီလင်းထွဋ်(စားသုံးသူရေးရာ)

အရောင်းအဝယ်သွက်လာသည့်ကျောက်ဆည်ဒေသထွက် ငှက်ပျော(ဖီးကြမ်း)စျေးကွက်

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ်သည် အညာဒေသ လယ်တွင်းကိုးခရိုင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံ၍ စပါး၊ နှမ်း၊ ပဲမျိုးစုံ၊ ငရုတ်၊ သရက်၊ငှက်ပျော စသည့်သီးနှံများအားအဓိကစိုက်ပျိုးလျက်ရှိပါသည်။၄င်းသီးနှံများအနက် ငှက်ပျော သီးနှံစိုက်ပျိုးမှုအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုမှစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ငှက်ပျောကို မေလ နှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင်(၈)ပေခြားကာ စိုက်ပျိုးရပြီး     (၉-၁၀)လ အကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။

         ကျောက်ဆည်ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထား စိုက်ပျိုးကြပါသည်။ ငှက်ပျောစတင်စိုက်ပျိုးသည့်အချိန်တွင်ငှက်ပျောအပင်ပေါက်တစ်ပင်လျှင် (၅၀/-)ကျပ် နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပြီး ငှက်ပျောတစ်ဧကလျှင် အပင်(၈၀၀)စိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ငှက်ပျောအပင်ပေါက် ဝယ်ယူခ၊ ကျင်းတူးခ၊ စိုက်ခ၊ စက်မောင်းခ ၊ သွင်းအားစု ၊ လုပ်သားခ ၊ စုစုပေါင်း(၉၀၀၀၀ဝိ/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းနှင့် တစ်ဧက အထွက်နှုန်းအနေဖြင့် ငှက်ပျောအခိုင်(၄၀)ပါ လှည်းအစီး ပျမ်းမျှ(၁၆-၁၇)စီးခန့် ထွက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ လေ့လာသိရှိရပါသည်။

         ငှက်ပျော စျေးနှုန်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ငှက်ပျောအခိုင်(၄၀)ပါ လှည်းတစ်စီးကို (၁၄၀,၀၀ဝိ/-မှ၁၅၀,၀၀ဝိ/-)ကျပ်အထိ စျေးနှုန်းရရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ငှက်ပျောလှည်းတစ်စီးလျှင် (၈၀၀၀ဝိ/- မှ ၈၅၀၀ဝိ/-)ကျပ်သာ ရရရှိခဲ့ပြီး၊ ယခုအချိန်တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုလျော့နည်းလာ သည့်အတွက် ငှက်ပျောစျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ငှက်ပျောအခိုင်(၄၀)ပါ လှည်း တစ်စီးလျှင်(၁၁၀၀၀ဝိ/- မှ ၁၂၀၀၀ဝိ/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့်(၈၀၀၀၀ဝိ/-)ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

          ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် တောင်သူများ၏ ငှက်ပျောခြံအထိ လာရောက်ဝယ်ယူလေ့ရှိကြပြီး၊ အဓိကစျေးကွက်အနေဖြင့် ရန်ကုန်၊မန္တလေး၊ပဲခူးသို့ တင်ပို့ခြင်းနှင့် ကျောက်ဆည်မြို့နယ်၊ ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များသို့ ပေးပို့ရောင်းချ လျက်ရှိပါသည်။ ရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်စေတီဖြစ်၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများစဉ်ဆက် မပြတ်လာရောက်ကြပြီး ကန်တော့ပွဲထိုး၍ ဆုတောင်းအဓိဌာန်များ ပြုလုပ်ကြသဖြင့် ငှက်ပျောသီးဈေးကွက်ခိုင်မာမှုရှိပြီး လက်လီ/လက်ကား ရောင်းဝယ်မှု အနေဖြင့် လည်း ဈေးကွက်အသင့်အတင့်ရှိပြီး၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသော အချိန်တွင် ဘုရားစေတီများ ဖူးမျှော်ခြင်းကို ယာယီပိတ်ထားသောကြောင့် ငှက်ပျောစျေးနှုန်းများ ကျဆင်းလာ၍ တောင်သူများ အတွက် အကျိုးအမြတ်ဖြစ်ထွန်းမှု နည်းပါးခဲ့ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ရာ ဘုရားစေတီဖူးမျှော်ခြင်းများအား ပြန်လည် ဖွင့်လှစ်ပေးခဲ့သည့်အတွက် ငှက်ပျောစျေးကွက်များမှာ ယခင်နှင့်မတူဘဲ အရောင်းအဝယ် အားကောင်းလာပြီး တောင်သူများအတွက် အကျိုးအမြတ်ဖြစ်ထွန်းမှု ရှိလာပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။

       ငှက်ပျောပင်များသည် စိုက်ပျိုးပြီး(၁)နှစ်နီးပါး အချိန်ကြာကြာစောင့်ရသော်လည်း စိုက်ပျိုးပြီးစီး၍ ရောင်းတန်း ဝင်အပင်များဖြစ်လာပါက ငှက်ပျောခိုင်၊ အရွက်၊ ငှက်ပျောအပင်ပေါက်ကလေးများပါ ရောင်းချရသည့်အတွက် ဖီးကြမ်းငှက်ပျောမျိုးများကို စီးပွားဖြစ် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး ခေါင်းဆောင်၍ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်၊ မြတ်မွန်ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်(၃)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များဖြစ်သော စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊   တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ တားမြစ်အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ ထုတ်ပြန်ထားရှိမှု အခြေအနေနှင့် ပြစ်မှုပြစ်ဒဏ်များတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)           

ဆောင်းသီးနှံ ခရမ်းချဉ်သီး ဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာရရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရေလယ်ကျွန်းကျေးရွာသို့ (၁၈.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်းခရမ်းချဉ်သီး စိုက်ခင်းသို့ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ရာ ရေလယ်ကျွန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြေနုကျွန်းပေါ်မြေများတွင် နှစ်စဉ်မပြတ် ကုန်စိမ်းသီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ဖောက်ကား လုပ်ကိုင်နေထိုင်သော ကျေးရွာဖြစ်ကြောင်း၊ ဆောင်းစိုက် ခရမ်းချဉ်သီးကို စိုက်ဧက မများသော်လည်း နှစ်စဉ်တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ခရမ်းချဉ်သီးဈေးနှုန်းကောင်းသော်လည်း စိုက်ပျိုးပြီးချိန်တွင် မိုးရွာသွင်းမှုများသောကြောင့် ရေများလျှံ၍ စိုက်ခင်းအတွင်းသို့ ဝင်ရောက်ပြီး စိုက်ခင်းများစွာ ပျက်စီးကြောင်း၊ စိုက်ပျိုးပင်များပျက်ဆီး၍ အသီးအထွက်နှုန်းများစွာ လျော့နည်းသွားကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုး ရာတွင် (ဗမာ)ခရမ်းချဉ်သီးနှင့် (ထိုင်ဝမ်) ခရမ်းချဉ်သီးဟူ၍ (၂)မျိုးစိုက်ကြကြောင်း၊ ယခုနှစ်တွင် (ထိုင်ဝမ်)ခရမ်းချဉ်သီးမျိုးစေ့ဝယ်ယူ၍ စိုက်ပျိုးကြောင်း၊ တစ်ထုပ်ဝယ်ယူလျှင် ငွေကျပ်(၁၈၀၀၀)ပေးဝယ်ရပြီး တစ်ထုပ်ပျိုးလျှင် ပျိုးပင်(၆၀၀) ခန့်ရရှိ၍ (၃)ထုပ်ပျိုးလျှင် ပျိုးပင်(၁၈၀၀)ခန့်ရရှိပြီး  မျိုးစေ့အလေအလွင့် နည်းပါးစေရေးအတွက် ပျိုးခင်းမပြုလုပ်ဘဲ ပျိုးအိတ်ဖြင့်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်ပြီး ကြိုးတန်း၍ ပင်ကြား (၁) ပေခွဲ တန်းခြား (၃)ပေခြား၍ စိုက်ပျိုးကြောင်းသိရှိရပါသည်။

          ဆောင်းခရမ်းချဉ်သီးစိုက်ပျိုးရန်အတွက် စက်တင်ဘာလဆန်းမှ စတင်ပြီး မျိုးစေ့ကို အိတ်ဖြင့် ပျိုးပြီး အောက်တိုဘာလဆန်းတွင် စိုက်ခင်းအတွင်းသို့ရွှေ့၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၁)လ အကြာတွင် အသီးအပွင့်လိုက်၍ နိုဝင်ဘာလလယ်လောက်တွင် အသီးစတင်ခူးဆွတ်ရကြောင်း၊ သက်တမ်းမှာ(၃)လခွဲခန့်အထိ အသီးဆွတ်ခူးရကြောင်း သိရှိရပါသည်၊(၀.၅၀)ဧကအတွက် စိုက်ပျိုးချိန်မှ အပင်သက်တမ်းကုန်ဆုံးချိန်အထိ ခရမ်းချဉ်သီးအထွက်နှုန်းပိဿာမှာ(၁၈၀၀)ခန့် ဆွတ်ခူးရရှိနိုင်ကြောင်း၊ စိုက်ပျိုးထားသော (၀.၅၀) ဧက၏ ခန့်မှန်းကုန်ကျစရိတ်မှာ မျိုးစေ့ဝယ်ယူခ၊ မြေပြင်ပြုပြင်ရန်အတွက် ထွန်စက်ခုတ်ခ၊ နွားရှဉ်းငှားခ၊ အလုပ်သမားငှားရမ်းခ၊ ရေသွင်းရသောကြောင့် စက်ဆီ ဝယ်ယူခ စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်(၅)သိန်းဝန်းကျင်ခန့် ကုန်ကျပါကြောင်း၊ ယခု ခရမ်းချဉ်သီး တစ်ပိဿာပေါက်ဈေးမှာ (၂၃၀၀)ကျပ် ဈေးရရှိပြီး ဆိပ်ဖြူမြို့ပေါ်သို့ သွားရောက် ရောင်းချခြင်းဖြစ်ကြောင်း၊ ချောက်မြို့သို့ သွားရောက်ရောင်းချပါက တစ်ပိဿာလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရပါကြောင်း၊ ယခင်နှစ် ခရမ်းချဉ်သီးတစ်ပိဿာဈေးနှုန်းမှာ အမြင့်ဈေး (၁၀၀၀)ကျပ်မှ အနိမ့်ဈေး(၂၀၀)ကျပ်အထိ ဖြစ်ကြောင်း၊ ယခင်နှစ်တွင် စိုက်ပျိုးတောင်သူများ ဈေးကွက်နည်းသော်လည်း ယခုအချိန် ဈေးကွက် မှီသောတောင်သူများမှာ အကျိုးအမြတ်များစွာ ရရှိပါကြောင်း၊ စိုက်ပျိုးချိန်မှ သိမ်းချိန်အထိ ခရမ်းချဉ်သီး အထွက်နှုန်းပိဿာ(၁၈၀၀)ခန့် ထွက်ရှိလျှင် ယခုအချိန်လက်ရှိဈေး ငွေကျပ်(၂၃၀၀)ဖြင့် ရောင်းချရပါလျှင် ငွေကျပ်(၄၁)သိန်းဝန်းကျင်ခန့် ဝင်ငွေရရှိပြီး ကုန်ကျစရိတ်မှာ ငွေကျပ်(၅)သိန်းခန့် ကုန်ကျခြင်းဖြစ်ပါ၍ (၀.၅၀)ဧက၏ စိုက်ပျိုး တောင်သူအနေဖြင့် ငွေကျပ်(၃၆)သိန်းဝန်းကျင်ခန့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ဆောင်းသီးနှံကုန်စိမ်းစိုက် တောင်သူများသည် ယခင်ကနှစ်စဉ်မပျက် စိုက်ပျိုးခဲ့ကြသော်လည်း မိမိတို့ သီးနှံပေါ်စအချိန်တွင်သာ ဈေးအသင့်အတင့်ရရှိပြီး နောက်ပိုင်းတွင် ရောင်းချရသောဈေးနှုန်းမှာ လျော့နည်းသွားသောကြောင့် စိုက်ပျိုးမှုဧကရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီစိုက်ပျိုးမှု လျော့နည်းပြီး ကုန်စိမ်းသီးနှံမျိုးစုံကို အစားထိုးစိုက်ပျိုးလာကြ ကြောင်း၊ ယခုအချိန်အခါတွင် ကုန်စိမ်းသီးနှံမျိုးစုံမှာ ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများအနေ ဖြင့် အကျိုးအမြတ်များစွာ ရရှိနေကြပါကြောင်း၊ ရောင်းဝယ်ဖောက်ကား ကုန်သည်များနှင့် စိုက်ပျိုး တောင်သူမှ တစ်ဆင့်သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

မြေပဲစိုက်‌တောင်သူများ၏ ကုန်ကျစရိတ်နှင့်အကျိုးအမြတ်အခြေအနေ ကွင်းဆင်းမေးမြန်း

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်သည်(၁၇.၁၂.၂၀၂၁)နေ့ နံနက်(၁၁:၀၀)အချိန်၌ လေးတိုင်စင်ကျေးရွာရှိ မြေပဲစိုက် တောင်သူ ဒေါ်ခင်ဝင်း၊ စိုက်ဧက(၃)ဧက ပိုင်ရှင်နှင့်တွေ့ဆုံပြီး တစ်ဧကကုန်ကျစရိတ် အကျိုးအမြတ်ရရှိမှုများအား တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

          မြို့သစ်မြို့နယ်၏ (ဆောင်းမြေပဲ) စိုက်ဧကမှာ(၁၆၉၅)ဧကရှိပြီး စက်တင်ဘာလမှ စတင်စိုက်ပျိုး၍ ဒီဇင်ဘာလတွင် ပဲနှုတ်ပဲဆွတ်ကြောင်း၊ မြေပဲစိုက်တောင်သူနှင့် တွေ့ဆုံမေးမြန်းရာတွင် (၁)ဧကတွင် (၃၂)တင်းဝန်းကျင်သာ ထွက်ရှိကြောင်းနှင့် မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပဲနှုတ်ပဲဆွတ် ခြင်းတို့အတွက် ကုန်ကျစရိတ်မှာ ငွေကျပ်(၁၅၀,၀၀၀) ဝန်းကျင် ကုန်ကျပြီး သွင်းအားစုအနေဖြင့် မျိုး၊ ကွန်ပေါင်း၊ ပိုးသတ်ဆေး၊ အပင်အားဆေးတို့မှာ (၁၈၀,၀၀၀)ကျပ်ဝန်းကျင် (၁)ဧကကုန်ကျစရိတ် စုစုပေါင်းငွေကျပ်(၃၃၀,၀၀၀)ဝန်းကျင် ကုန်ကျကြောင်းနှင့် ရောင်းချရာတွင်လည်း မြေပဲတောင့်အတိုင်းသာ မကွေးမြို့ရှိ ပွဲရုံများသို့ သွားရောက်‌ရောင်းချကျပြီး(၁)တင်းလျှင် (၁၀,၀၀၀)ကျပ်မှ (၁၂,၀၀၀)ကျပ် အတွင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် (၁)ဧက(၅၅,၀၀၀)ဝန်းကျင်သာရရှိကြောင်းသိရှိခဲ့ရပါသည်။

          မြို့သစ်မြို့နယ်၏ (ဆောင်း)မြေပဲပေါ်ချိန် ယခင်နှစ်တွင်  မကွေးမြို့သို့သွားရောက် ရောင်းချ၍ (၁)တင်း(၁၃၀၀၀)ကျပ်ဝန်းကျင်ရရှိခဲ့ပြီး ယခုနှစ်တွင်  စိုက်ပျိုးတောင်သူများ၏ မျိုးကွာခြားမှုအရ စျေးနှုန်းမှာလဲ အနိမ့်အမြင့်ကွာခြားကြောင်းနှင့် ဗီယက်နမ်မျိုး၊ သွန်တန်နီမျိုး၊ ရေဆင်း(၁၃)မျိုးတို့ စိုက်ပျိုးကြပြီး၊  ဗီယက်နမ်မျိုးမှာ စျေးပို၍ရရှိကြောင်းသိရသည်။ ယခုနှစ်(ဆောင်း)မြေပဲ စိုက်ပျိုး ရောင်းချရာတွင် အရှုံးမပေါ်သော်လည်း ရသင့်ရထိုက်သော အမြတ်ငွေမှာ နည်းပါးနေကြောင်း လေးတိုင်စင်ကျေးရွာရှိ တောင်သူ ဒေါ်ခင်ဝင်းထံမှသိရပါသည်။

          မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း စားသုံးသူ ပြည်သူများအား အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ကုန်ပစ္စည်းထုတ်လုပ်သူ၊ ကုန်ပစ္စည်း ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား အခါအားလျော်စွာတွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများအားဆောင်ရွက်ခြင်းနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက်လည်း တောင်သူ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ပြီး စျေးနှုန်း၊ စျေးကွက် စိုက်ပျိုးထုတ်လုပ်မှု အကျိုးအမြတ်အခြေအနေများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

စစ်ကိုင်းမြို့ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ AT ပဲပုတ်ဆီစက်ပိုင်ရှင် ဦးအောင်သိုက်နှင့် ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံခဲ့ပါသည်။

          စစ်ကိုင်းခရိုင်တွင် ပဲပုတ်သီးနှံလျာထား စိုက်ဧကတစ်သောင်းကျော်အနက် ယနေ့ထိ ဧကခုနှစ်ထောင်ခန့် စိုက်ပျိုးပြီးစီးကြောင်း သိရှိရပါသည်။ AT ဆီစက်သည် ပဲပုတ်သီးသန့် ကြိတ်ခွဲသည့် ဆီစက်ဖြစ်ပြီး ကုန်ကြမ်းပဲပုတ်သီးနှံကို တိုင်းတွင်းနှင့် တိုင်းပြင်ပ ရှမ်းပြည်နယ် များမှ ဝယ်ယူကြောင်း၊ (၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၈) သောင်းခန့်ဈေးရှိပြီး ပဲနို့နှင့်ပဲပြား ပြုလုပ်သည့် ပဲပုတ်(၃)တင်းဝင် တစ်အိတ်လျှင် ကျပ် (၁သိန်း၂သောင်း မှ ၁သိန်း၃သောင်းကြား) ဈေးရှိကြောင်း၊ ကုန်ကြမ်း (၃)တင်းဝင် တစ်အိတ်ကြိတ်ခွဲလျှင် ကုန်ချော ပဲပုတ်ဆီ (၅) ပိဿာ နှင့် ပဲပုတ်ဖတ် (၄၃)ပိဿာ ထွက်ရှိကြောင်း၊ ပဲပုတ်ဆီ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပဲပုတ်ဖတ် တစ်ပိဿာလျှင် (၁၃၀၀ မှ ၁၄၀၀ )ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချရကြောင်း၊ အမှာစာ(Order)များ လက်ခံ၍ ကြိတ်ခွဲကြောင်း၊ တစ်လလျှင် ကုန်ကြမ်း ပိဿာ (၅) သောင်းခန့် ကြိတ်ခွဲရာ ကုန်ချော ပဲပုတ်ဆီ ပိဿာ (၂၀၀၀) ခန့်နှင့် ပဲပုတ်ဖတ် ပိဿာ (၄) သောင်းခန့် ထွက်ရှိကြောင်း၊ ထွက်ရှိသည့် ကုန်ချောများကို မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချပါကြောင်း၊ ဆီစက်များအနေဖြင့် ခေတ်မီစက်ကိရိယာများနှင့် ဆီသန့်စင်သည့် နည်းပညာများ ပိုမိုတိုးတက်လာပါက အရည်အသွေး၊ အဆင့်အတန်းမြင့်မားသော နိုင်ငံတကာဈေးကွက်ဝင် ကုန်ချောများ ထွက်ရှိလာနိုင်မည်ဟု  AT ပဲပုတ်ဆီစက်ပိုင်ရှင် ဦးအောင်သိုက် ထံမှ သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

ဒေသတွင်းကြံများအား ဒီဇင်ဘာလအတွင်း စတင်ဝယ်ယူသွားမည်ဟုသိရ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များမှ ကြံတောင်သူများသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် ကြံများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သက်ဆိုင်ရာဌာန၏ စာရင်းအရ ခရိုင်အတွင်း ကြံစိုက်ဧက (၁၂၀၀၀၀)ဧကခန့် ရှိကြောင်း သိရှိရသည်။

          ၂၀၁၆ခုနှစ်ကစပြီး သကြားဈေးမကောင်းသောကြောင့် ကြံတောင်သူများအရှုံးပေါ်ခဲ့သည့် အတွက် ယခုနှစ်တွင် ကြံစိုက်ဧက လျှော့ချခဲ့ပြီး အစားထိုးသီးနှံအဖြစ် နှမ်းသီးနှံကို စိုက်ပျိုးခဲ့ ကြောင်း၊ ယခုနှစ်တွင် သကြားစက်များမှ ကြံတစ်တန် စက်ရုံအရောက် ၆၀၀၀၀ ကျပ်ဈေးနှင့် ဝယ် ယူမည်ဟု သိရှိရပြီး တစ်ချို့တောင်သူများကို ကြိုတင်စာချုပ်၍ ဝယ်ယူနေသည်ဟုလည်း သိရှိ ရကြောင်း၊ ကြံကို ကြိတ်ချက်ပြီး သကာပိုင်းနှင့် မန္တလေးသို့တင်ပို့ရောင်းချမှုရှိသလို ကြံပင်အတိုင်း သကြားစက်များသို့ ရောင်းချသည်များလည်းရှိကြောင်း၊ ကြံဈေးကောင်းလာပါက တိုးချဲ့စိုက်ပျိုးသွားရန် အစီအစဉ်ရှိကြောင်း ကသာမြို့နယ်မှ ကြံစိုက်တောင်သူ ဦးမြင့်သိန်းထံက သိရှိရပါသည်။

ကသာခရိုင်အတွင်း သကြားစက်(၃)စက်ရှိပြီး ဒေသတွင်း ကြံစိုက်တောင်သူများအတွက် ရင်းနှီးမတည်ငွေအပါအဝင် စက်ပစ္စည်း၊ နည်းပညာများ ပံ့ပိုးပေးလျက်ရှိပါသည်။ ကြံဈေးမြှင့်တက် လာရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ကမ္ဘာ့သကြားဈေးမြှင့်တက်မှု၊ ပြည်တွင်းအချိုရည် လုပ်ငန်းနှင့် သကြားအသုံးပြုသော စက်ရုံများမှ ဝယ်လိုအားမြှင့်မားမှုနှင့် သကြား re-export တင်သွင်းမှုကန့်သတ်ချက်များကြောင့် ဖြစ်သည်ဟု သကြားစက်လုပ်ငန်းရှင်များမှ သုံးသပ်လျက်ရှိပြီး ယခုနှစ်တွင် ဂရိတ်‌ဝေါသကြားစက်မှ ကြံတန်ချိန် ခုနှစ်သိန်းကျော်၊ မြတောင်သားသကြားစက် မှ ကြံတန်ချိန် သုံးသောင်းကျော်နှင့် UTP သကြားစက်မှ ကြံတန်ချိန်သုံးသောင်းကျော် ဝယ်ယူရန် လျာထားကြောင်းနှင့် ခရိုင်အတွင်းရှိ ဒေသထွက်ကြံများကို ၂၀၂၁-ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် နောက်ပိုင်းမှ စတင်ဝယ်ယူသွားမည်ဟုလည်း အဆိုပါ သကြားစက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်၊ “အိအိချွန်” ပဲချောင်း မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၁။(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

မြိတ်မြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လျှပ်စစ်ပစ္စည်းဝယ်ယူ သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြိတ်မြို့ပေါ်ရှိ‌ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေးနှင့် ယုံကြည် စိတ်ချရသောကုန်ပစ္စည်းများ၊ အရည်အသွေးပြည့်ဝသောကုန်ပစ္စည်းများ ပိုမိုသုံးစွဲစေရေး စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

        ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စျေးကွက်အတွင်း သုံးစွဲသူများအသုံးပြုရန်(သို့)သုံးစွဲရန် အာမခံချက်မရှိ သောကုန်စည်များ ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးပြောကြားပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန(တနင်္သာရီတိုင်းဒေသကြီး)

၂၁.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၁.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages

Subscribe to RSS - HighLight News