Main menu

HighLight News

Powered by Drupal

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့ သည် ဒီဇင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ ၊ မြို့ရှောင်လမ်းမ ပေါ်ရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီ အရောင်းဆိုင်အား သတ်မှတ်ထားသော အထူး‌ဈေးနှုန်းနှင့်‌ အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ၊အရည်အသွေး၊ အချင်အတွယ် ပြည့်မှီခြင်းရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့နှင့် ပူးပေါင်းပြီး ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို တိုင်းဒေသကြီး/ ပြည်နယ် များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချပေးသည့် စက်သုံးဆီအရောင်းဆိုင်များအနက် ရွှေဗျိုင်းဖြူဆီဆိုင်မှာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချ ပေးနေသည့် စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ဖြစ်ပါသည်။
ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့၊ မြို့ရှောင်လမ်းမပေါ်ရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးမေးမြန်းရာ မန်နေဂျာမှ စတုတ္ထအကြိမ် မြောက်အနေဖြင့် စက်သုံးဆီ(၃)မျိုးကို သတ်မှတ်ထားသော အထူးဈေးနှုန်းဖြင့် ရောင်းချပေး နေကြောင်း၊ Diesel (၁)လီတာ (၁၂၃၁/-)ကျပ်၊ Premium (၁)လီတာ (၁၂၃၇/-)ကျပ်၊ 92 (၁)လီတာ(၁၂၉၄/-)ကျပ်ဖြင့် ရောင်းချ ပေးကြောင်း၊ကားတစ်စီးလျှင် တစ်ခေါက်နှုန်းသာရောင်း ချကြောင်း၊ ပေပါ/ပုံးခွံများဖြင့် မရောင်းချကြောင်း စသည့်သတ်မှတ်ထားသော စည်းကမ်းချက် များကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ် စက်သုံးဆီအရောင်း စာရင်းများ ကိုလည်း စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးနှင့်ပခုက္ကူ ခရိုင်ဦးစီးမှူးရုံး သို့အချိန် နှင့်တစ်ပြေးညီပေးပို့လျက်ရှိကြောင်း၊ မိမိတို့"ရွှေဗျိုင်းဖြူ"စက်သုံးဆီဆိုင် ရုံးချုပ်မှ အထူး ဈေးနှုန်းဖြင့် ဆီခွဲတမ်းပြည့်လျှင် အကြောင်းကြားသောကြောင့် ဆီရောင်းချမှုကို ရပ်နား၍ ပုံမှန် ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချပေးပါကြောင်း သိရှိခဲ့ရပါသည်။
DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည်(၂၁.၁၂.၂၀၂၁)ရက်နေ့ (၁၀:၃၀) အချိန်၌ တောင်တွင်းကြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးရေး အစီအစဉ်နှင့် ပြန်ကြားဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များအရ မိဘ/ပြည်သူ များအား စားသောက်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဝယ်ယူ/သုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talkshow)အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ(Talk show)ဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်းရှိ စားသုံးသူမိဘ/ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရရှိစေရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၌ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇) ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုများ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် အခန်း(၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း အခန်း(၂၄) ပြစ်မှုနှင့် ပြစ်ဒဏ်များအား အခန်းကဏ္ဍများ အလိုက် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးအနေဖြင့်စားသုံးသူ မိဘ/ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက် အလက်များအား စဉ်ဆက်မပြတ် ဖြန့်ဝေခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

မင်းဘူးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေသခံပြည်သူများ အစားအသောက်များ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာ(၂၁)ရက် နံနက် (၁၀:၃၀)ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မင်းဘူးမြို့မဈေးကြီးအတွင်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်း၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၅)ဦးတို့မှ မုန့်လုပ်ငန်းရှင်(၁၀)ဦးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြကြရန်နှင့် ကုန်အညွှန်း အမှတ်အသားမပြည့်စုံသောကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည့် ဥပဒေအကြောင်းအရာများအား အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ လိုအပ်သော ကုန်အညွှန်းအမှတ်အသားများကို အမြန်ဆုံး ပြည့်စုံစွာပါရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၂:၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မင်းဘူးခရိုင်အနေဖြင့် မိမိခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းနှင့် ဘေးကင်း လုံခြုံစိတ်ချရသော အစားအသောက်များ ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ပခုက္ကူခရိုင်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်(၅)ဆိုင်၌ လည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းမှ နေ့လယ်(၁၄:၀၀)နာရီတွင် ဆိပ်ဖြူမြို့ပေါ်ရှိ ဆေးဆိုင်(၂)ဆိုင်တွင် လည်းကောင်း မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

မအူပင် တော်တလုပ်ကျေးရွာအုပ်စု ကျီးချောင်းကျေးရွာတွင် ပြောင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း အကျိုးအမြတ်ရရှိနေ

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစံကြည် ဦးဆောင်၍ မအူပင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင် မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာရှိ ရှူးဂါးဂိမ်း ပြောင်းစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းမှုများကို (၂၀.၁၂.၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီ အချိန်အထိ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။
မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာတွင် တောင်သူ ဦးဌေးဝင်း စိုက်ပျိုးထားသည့် (၁)လသားအရွယ်ပြောင်းပင်များကို ကွင်းဆင်းလေ့လာရာ၌ တောင်သူဦးဌေးဝင်း က မိမိ၏ ကိုင်းမြေ(၁)ဧကပေါ်တွင် ရှူးဂါးဂိမ်း ပြောင်းမျိုး (၁)ထုပ်လျှင် (၁၅၀၀၀)ကျပ်ဖြင့် (၃)ထုပ် ဝယ်ယူစိုက်ပျိုးခဲ့ပါသည်။
ထိုသို့စိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် ထိုင်းပုလဲ (၁)အိတ် အသုံးပြုခဲ့ရပြီး ပြောင်းပင် များအတွက် ရေလိုအပ်ပါက ရေတင်ပေးရကြောင်း၊ ပြောင်းပင်များသည် တစ်ပင်လျှင် (၁)ဖူး၊ (၂)ဖူး ထွက်ရှိနိုင်ပြီး ပြောင်းပင်များမှာ (၂၅၀၀)ခန့်ရှိ၍ (၁)ပင်လျှင် (၁)ဖူးနှုန်း ဖြင့်တွက်ချက်ပါက ပြောင်းဖူး (၂၅၀၀)ဖူးခန့် ထွက်ရှိနိုင်သဖြင့် ယနေ့မအူပင်ဈေးကွက်တွင် ပြောင်း (၁)ဖူးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိကြောင်း၊ ပြောင်းပေါ်ချိန်တွင် ကျဈေး ဖြစ်ပါက (၁)ဖူးလျှင် (၂၀၀)ကျပ်နှုန်းထက်မနိမ့်ကျနိုင်သဖြင့် ထွက်ရှိသော ပြောင်းဖူးမှ ရောင်းရငွေ(၅)သိန်းခန့် ရရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တွက်ချေကိုက်ပြီး အကျိုးအမြတ်ရှိသော စိုက်ပျိုး သင့်သည့် သီးနှံဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲ့မှူးဦးစံကြည်နှင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့သည် မြို့နယ်ဈေးကွက်မှ ရန်ကုန်ဈေးကွက်ရရှိနိုင်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ရန် သွင်းအားစုများကို စနစ်တစ်ကကျ သုံးစွဲရန်နှင့် တောင်သူအများ စုအားကျလာသည့် ဈေးကွက်ဝင်သီးနှံ အဆင့်ထိဆောင်ရွက်နိုင်ရန်တို့ကို အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

၂၉.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၉.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂၈.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၈.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂၇.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၇.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂၃.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၃.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဟင်္သာတခရိုင်၏ အစေ့ထုတ်ပြောင်းစိုက်တောင်သူများ တွက်ချေကိုက်၍အကျိုးအမြတ်ရရှိနိုင်

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် အောက်တိုဘာလဆန်းမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းပြီး၊ နိုဝင်ဘာလဆန်းတွင် သီးထပ်အဖြစ် မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ နွေစပါး စသည်တို့ကို တောင်သူများစိုက်ပျိုးလျက်ရှိကြပါတယ်။ ဟင်္သာတခရိုင်တွင် စုစုပေါင်း စိုက်ဧက ငါးသိန်းကျော်ရှိပြီး၊ မတ်ပဲ စိုက်ဧက လေးသိန်းကျော်၊ အစေ့ထုတ်ပြောင်းစိုက်ဧက သုံးသောင်းငါး ထောင်ကျော်၊ နွေစပါး စိုက်ဧက သုံးသောင်းကျော် စိုက်ပျိုးသော ဒေသလည်း ဖြစ်ပါသည်။

          ဟင်္သာတခရိုင်သည်  ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး နှစ်စဉ် မြေနုကျွန်း များပေါ်ထွက် သော ဒေသများ ဖြစ်သည့် ၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဇလွန်မြို့နယ်၊ မြန်‌အောင်မြို့နယ်များ ရှိ မြေနုကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်းများကို စိုက်ပျိုးကြပါသည်။

          အစေ့ထုတ်ပြောင်းသည် မြေတွင်းအာဟာရဓာတ်ကို စုပ်ယူမှုများသော သီးနှံဖြစ်သည့်အတွက် နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ ထို့ကြောင့် အစေ့ထုတ်ပြောင်း ကို ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေကျချိန် ဆောင်းရာသီအစ အောက်တိုဘာအကုန်၊ နိုဝင်ဘာလဆန်းမှာ စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန် မတ်လဆန်းမှာ ရိတ်သိမ်းကြပြီး တချို့နုန်း မြေတွေမှာ မျိုးစေ့ကို စူးထိုး၍လည်းစိုက်ပျိုးကြပါသည်။

          ပြောင်းသည် လေဖြင့်ဝတ်မှုန်ကူးသော အပင်ဖြစ်ပြီး ၊ အပင်တန်းများကို လေသွားလမ်း ကြောင်းအား ကန့်လန့်ဖြတ်စိုက်ပျိုးကြပါသည်။ အပြည့်အဝ ကြီးထွားဖြစ်ထွန်းရန် ရေ ၁ဧကလျှင် (၂၂-၂၅) လက်မ/ဧက လိုအပ်ပြီး ဆောင်းရာသီတွင် စိုက်ပျိုးသည့်အတွက် လစဉ်ရေသွင်းပေးရပါသည်။ ပြောင်းမျိုးမှာ ကုမ္ပဏီထုတ် (888,333,808,GT 722,SA 282) ကဲ့သို့သောမျိုးစေ့များကို စိုက်ပျိုးကြပြီး၊ အထွက် နှုန်းမှာ တစ်ဧကလျှင် တင်း(၉၀) မှ (၁၀၀) ကြားထွက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ တစ်ဧက ကုန်ကျ စရိတ်မှာ ကျပ် (၄၀၀၀၀၀) မှ (၅၀၀၀၀၀)ကြားကုန်ကျမှုရှိပြီး ၊ ၂၀၂၁ခုနှစ် မတ်လ ပြောင်းစပေါ် ချိန်ပေါက်ဈေးမှာ တစ်တင်းလျှင် (၉၀၀၀) ကျပ်ခန့်ရှိ သည့်အတွက် တင်း(၁၀၀) နှုန်းဖြင့် တွက် မည်ဆိုပါက (၉၀၀၀၀၀)ကျပ်ခန့်ဝင်ငွေရှိပြီး၊ တစ်ဧကပျမ်းမျှ (၄၅၀၀၀၀) ကျပ်ခန့် အကျိုးအမြတ် ရရှိသည့်သီနှံလည်းဖြစ်ပါ သည်။

          ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၁၅) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူး နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ရွှေဟင်္သာကျွန်းတွင် အစေ့ထုတ်ပြောင်း (၆) ဧက စိုက်ပျိုးသော ပြောင်းစိုက်တောင်သူ ဦးစိုးဝင်း၏ စိုက်ခင်းသို့ ကွင်းဆင်းတွေ့ဆုံခဲ့ရာ၊ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးမည့် အစေ့ထုတ်ပြောင်း တစ်ဧကကုန်ကျစရိတ်သည် မြေပြင်ခ၊ သွင်းအားစုဈေး၊ ပိုးသတ်ဆေး၊ ရေသွင်းရာတွင်အသုံးပြုရသည့် စက်သုံးဆီဈေး၊ ရိတ်ခြွေစက်ငှားရမ်းခများပေါ် မူတည်၍ တစ်ဧက လျှင် ကျပ်(၆၀၀၀၀၀) မှ (၇၀၀၀၀၀) ကြားကုန်ကျနိုင်သည့် အတွက် ပြောင်းပေါ်ချိန် ဈေးကောင်းရမှသာ တောင်သူများတွက်ချေကိုက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် မနှစ်က ပြောင်းပေါ်ချိန် ဖေဖော်ဝါရီလကုန်တွင် ဟင်္သာတ ကုန်စည်ဒိုင်၌ ပိဿာ(၂၀) တစ်တင်းလျှင်  (၉၀၀၀) ကျပ်၊တစ်ပိဿာ (၄၅၀) ကျပ်မှ တဖြည်း ဖြည်း မြင့်တက်လာခဲ့ပြီး မေလတွင် တစ်တင်း လျှင် (၁၃၅၀၀) ကျပ်၊ တစ်ပိဿာ (၆၇၅)ကျပ် ဈေးထိ မြင့်တက်လာချိန်တွင် တောင်သူ အများစုလက်ဝယ်တွင် ပြောင်းမရှိတော့ပဲ လှောင်လက် နှင့် ကုန်သည်များ ထံတွင်သာပြောင်းလက်ကျန်ရှိတော့သည့်အတွက် အမြင့်ဈေးနှုန်းကို တောင်သူများ အကျိုးခံစားခွင့်မရကြောင်း သိရှိရပါသည်။

          အစေ့ထုတ်ပြောင်းကိုသိုလှောင်ရန် အစိုဓာတ်ရာခိုင်နှုန်းမှာ ၁၃.၅ ရာနှုန်းဖြစ်ရာ ရိတ်သိမ်းချိန် ဖြစ်သည့် ဖေဖော်ဝါရီလကုန်တွင် နှင်းကျချိန်ဖြစ်၍ အစိုဓာတ်၂၅ ရာနှုန်းနှင့် အထက်ဖြစ်သဖြင့် သိုလှောင်ရန် အတွက် အခြောက်ခံသည့်စရိတ်၊ ရိတ်သိမ်းစရိတ်များကို ပေးချေရန် လိုအပ်သည့် အတွက် ဈေးစောင့်ဆိုင်းခြင်းမရှိဘဲ ပေါ်ပေါ်ချင်းရောင်းလိုက်ရသည့်အတွက် တောင်သူအများစုမှာ ၊အမြင့်ဈေး၊ ဈေးကောင်း မရရှိခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် ရှမ်းပြည်နယ်မှ ထွက်ရှိ သော အစေ့ထုတ်ပြောင်းအသစ်မျာလည်း ရန်ကုန်ဈေးကွက်သို့ဝင်ရောက်နေပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ ဘုရင့်နောင် ပြောင်းတစ်ပိဿာပေါက်ဈေးမှာ တစ်ပိဿာ ၇၀၀ ကျပ်မှ ၇၂၀ ကျပ်ဈေးရှိသည့်အတွက် ဟင်္သာတခရိုင်ပြောင်းပေါ်ချိန် ၂၀၂၂ ခုနှစ် မတ်လ ဆန်းတွင်လည်း ယခုကဲ့သို့ တစ်ပိဿာ ၇၀၀ ကျော်ရရှိခဲ့ပါက ပြောင်းစိုက်တောင်သူများအနေနှင့် တွက်ချေကိုက် အကျိုးရှိနိုင်မည်ဖြစ်ပါသည်။

          ဟင်္သာတခရိုင်အနေဖြင့် အစေ့ထုတ်ပြောင်းစိုက်ဧက (၃၅၇၅၃) ခန့်ရှိပြီး၊ အထွက်နှုန်း ပျမ်းမျှ (၉၀-၁၀၀) တင်းခန့်ထွက်ရှိကြောင်း၊ ၎င်းတို့ကို ၂၀၁၈ ခုနှစ်အထိ ရန်ကုန်အစာစပ်စက်ရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် မြဝတီမှတဆင့် ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချခဲ့ရာ ဟင်္သာတခရိုင်မှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်း ပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော် တင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်အသင်းထံမှသိရှိရပါသည်။  ပြည်တွင်းမှ ထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူလျက်ရှိပြီး မြန်မာ နိုင်ငံပြောင်းလုပ်ငန်းရှင်အသင်း အနေနှင့်လည်း ပြောင်းစိုက်တောင်သူများအတွက် သိုလှောင်ရုံ များ၊ အခြောက်ခံစက်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိသော်လည်း ကိုဗစ်-၁၉ ကြောင့် နှောင့်နှေး ကြန့်ကြာလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ခရိုင်အတွင်း သိုလှောင်ရုံများ၊ အခြောက်ခံစက်များတည်ဆောက်ပေးနိုင်ပါက တောင်သူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်‌ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

Pages

Subscribe to RSS - HighLight News