ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိသည့် “တဲကြီး စကော၊ စကာ”ယက်လုပ်ခြင်းလုပ်ငန်း

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဒုဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် (၁၆.၁.၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နှင့်(၃)မိုင်ခန့်အကွာအဝေးရှိသော အလုပ်အကိုင်အခွင့်အလမ်း များစွာဖန်တီးပေးလျှက်ရှိပြီး ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာခဲ့သော မြန်မာ့ရိုးရာလက်မှုပညာ ဝါးဖြင့်ပြုလုပ်သော စကော၊ စကာ၊ အုပ်ဆောင်းအမျိုးမျိုး ထုတ်လုပ်လျက်ရှိသော တဲကြီးကျေးရွာသို့  သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ဆိပ်ဖြူမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းတွင် တည်ရှိပြီး မြို့နယ်လူဦးရေနေထိုင်မှုမှာ(၁၁၃၇၈၅)ခန့်နေထိုင်ကြောင်း၊ ပူအိုက်စွတ်စိုသော ရာသီဥတု အနေအထားတွင်ရှိပြီး အရှေ့ဘက်တွင် ချောက်မြို့နယ်၊ အနောက်ဘက်တွင် ဆောမြို့နယ်၊ တောင်ဘက်တွင် စလင်းမြို့နယ်နှင့် မြောက်ဘက်တွင် ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်တို့နှင့် ထိစပ် လျက်ရှိပြီး မြို့နယ်အနောက်ဘက်ရှိ တောင်တန်းများသည် ပုံတောင်ပုံညာတောင်တန်းများနှင့် ဆက်စပ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဆိပ်ဖြူမြို့နယ်သည် စီးပွားရေးအချက်အခြာကျသော ဒေသတစ်ခုဖြစ်ပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ဆောင်ရွက်ကြ ပြီး ကုန်းလမ်းရေလမ်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် သော ဒေသဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်၏ အဓိကထုတ်ကုန်မှာ ကြက်သွန်နီဖြစ်ပြီး အခြား ထွက်ကုန်များမှာ စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ စားတော်ပဲတို့ဖြစ်ပါကြောင်း၊ ထွက်ကုန်များသည် အရည်အသွေးကောင်းမွန်၍ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့ ရောင်းချရပါကြောင်း၊ မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးများ လည်း လုပ်ကိုင်ကြလျက်ရှိပြီး ကြက်သွန်ကြော်လုပ်ငန်း၊ ပဲကြော်လုပ်ငန်း၊ ပဲကြီးလှော်လုပ်ငန်း၊  မုန့်မျိုးစုံလုပ်ငန်း၊ ချည်ထည်ယက်လုပ်ခြင်းလုပ်ငန်း၊ ဝါးထရံယက်လုပ်ခြင်းလုပ်ငန်း၊ စကောစကာ၊ အုပ်စောင်း အမျိုးမျိုး ယက်လုပ်ခြင်းလုပ်ငန်းနှင့် မုန့်ဟင်းခါးဖတ် ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ကြ၍ မြို့နယ်အတွင်းရှိဒေသခံပြည်သူများသည် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိကြ ကြောင်း သိရှိရပါသည်။

                    တဲကြီးကျေးရွာသည် အိမ်ခြေ(၂၅၀)ခန့်ရှိပြီး လူဦးရေ(၁၀၀၀)ဝန်းကျင်ခန့် နေထိုင် ကြောင်း၊ ဝါးဖြင့်ပြုလုပ်သော ထုတ်ကုန်များကို ကျေးရွာအတွင်းရှိ အသက်(၁၀)နှစ်ကလေးအရွယ်မှ စ၍ တစ်ရွာလုံး အမျိုးသားအမျိုးသမီးမကျန် ယက်လုပ်တတ်ကြကြောင်း၊ ပစ္စည်းယက်လုပ် ရာတွင် အလုပ်သမားငှားရမ်းခြင်း မပြုလုပ်ရဘဲ အိမ်တိုင်းရှိ မိသားစုဝင်တိုင်း ယက်လုပ်ကြပြီး ထုတ်လုပ်ရောင်းချရာတွင် ချောမွေ့သေသပ်သောကြောင့် တဲကြီး စကော၊ စကာဟုဆိုလျှင် လူတိုင်း သိရှိ၍ ဈေးကွက်အတွင်းတွင်  နာမည်ရရှိပြီး  ဈေးကောင်းရရှိကြောင်း ၊ တစ်ဖက်တစ်လမ်းမှလည်း စိုက်ပျိုး ရေးအနေဖြင့် ကြက်သွန်၊ မြေပဲ၊ နှမ်းနှင့် သီးနှံမျိုးစုံ စိုက်ပျိုးပြီး မွေးမြူရေးအနေဖြင့်လည်း နွား၊ သိုး၊ ဆိတ်များ မွေးမြူလုပ်ကိုင်ကြ၍ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများသည် အလုပ်အကိုင် အခွင့်အလမ်းပေါများပြီး နေ့စဉ်ဝင်ငွေရရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်သော ကျေးရွာဖြစ်ကြောင်း သိရှိရပါသည်။

          စိုက်ပျိုးတောင်သူများ၊ အိမ်ရှင်မများ မဖြစ်မနေအသုံးပြုရသော စကော၊ စကာ၊ အုပ်ဆောင်း အမျိုးမျိုး ယက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဝါးနှင့်ကြိမ်ကိုအသုံးပြုရပြီး ဝါးကို အဓိကထား သုံးကြောင်း၊ ဆိပ်ဖြူမြို့နှင့်ဆောမြို့အစပ်ရှိ ကန်စွန်းမတောင်ပေါ်မှ ဝါးကို ဝယ်ယူရကြောင်း၊  မြစ်ကြီးနားမြို့မှ ထွက်ရှိသော ကြိမ်ကို မန္တလေးမြို့မှတစ်ဆင့်ဆိပ်ဖြူမြို့ တဲကြီးကျေးရွာအထိ ကားတစ်စီးလုံးအပြတ်ငှားရမ်း၍ ယက်လုပ်သူများစုပေါင်းပြီး ဝယ်ယူသောကြောင့် ဈေးနှုန်းချိုသာ စွာရရှိကြောင်း၊ (၆)ပေ (၁၀)ချောင်းပါတစ်စည်းကို (၁၇၀၀)ကျပ် ဝယ်ယူရ၍ တစ်ချောင်းလျှင် (၁၇၀) ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။ အဓိကကုန်ကြမ်းဖြစ်သော ဝါးကို ဝယ်ယူရာတွင် ဝါး ကုန်သည်များက တောင်ပေါ်မှ ကျေးရွာအထိ ကားဖြင့် လာရောက် ရောင်းချပေးကြောင်း၊ ကားတစ်စီးလုံးအပြည့် တင်ဆောင်လာပြီး ခွဲဝေယူကြကြောင်း၊ ဝါးတစ်လုံးလျှင် (၆၅၀)ကျပ် ပေးဝယ်ရကြောင်း၊ ကုန်ကြမ်းဖြစ်သော ဝါး၊ ကြိမ်တို့ကို ဝယ်ယူရာတွင် ပစ္စည်းပေါများ၍ ထုတ်လုပ်မှု ပြုလုပ်ရာတွင် အဆင်ပြေကြောင်းသိရှိရပါသည်။

          ပစ္စည်းထုတ်လုပ်မှုမှာ စကော၊ အုပ်ဆောင်း အကြီးအလတ်အသေးနှင့် စကာကို အစိပ်အကျဲ လိုက်၍ အမျိုးမျိုးကွဲပြားထုတ်လုပ်ကြောင်း၊ ဆိုဒ်ကြီးများကို ဝယ်ယူလိုပါက ကြိုတင်မှာယူမှသာ ယက်လုပ်ပေးကြောင်း၊ ယက်လုပ်ရာတွင်လည်း တောင်သူများ၊ အိမ်ရှင်မများအသုံးပြုသော ဆန်ချ စကာ၊ ဆန်ကွဲချစကာ၊ သီးနှံမျိုးစုံချစကာ၊ သဲချစကာ၊ မြေပဲဆံနှင့်အခြမ်းအသေးချစကာ အမျိုးမျိုး ယက်လုပ်ကြကြောင်း၊ အုပ်ဆောင်းများမှာလည်း ထမင်းစားပွဲ၊ ရေအိုးများတွင်ဖုံးအုပ်ရန် အရွယ် အစားအမျိုးမျိုးထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ပစ္စည်းထုတ်လုပ်ရာတွင် လူတစ်ဦးလျှင် တစ်နေ့ဝါးတစ်လုံးခွဲစိပ်အချောသပ်ပြီး ယက်လုပ်ရာတွင် စကော၊ စကာ ပျမ်းမျှသုံးချပ်ခန့် ရရှိ ကြောင်း၊ တစ်လလျှင် ဝါးအလုံး(၃၀)ခန့်ပြီးစီးအောင် ယက်လုပ်နိုင်ကြကြောင်း၊ (၁၀)နှစ်ကလေးမှ စ၍ ယက်လုပ်တတ်သောကြောင့် ကျေးရွာအတွင်းရှိ အိမ်တိုင်း မိသားစုဝင် များလျှင်များသလို ပစ္စည်းများများ ထုတ်လုပ်ပြီးစီးနိုင်၍ နေ့စဉ်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။

          ရောင်းချရသည့် ဈေးနှုန်းများအနေဖြင့် စကော၊ စကာအကြီး တစ်ချပ်လျှင် ယခင်နှစ် (၂၇၀၀) ကျပ်၊ ယခုနှစ်(၂၃၀၀)ကျပ်၊ အလတ်တစ်ချပ်လျှင် ယခင်နှစ် (၁၈၀၀) ကျပ်၊ ယခုနှစ်(၁၅၀၀)ကျပ်၊ အသေးတစ်ချပ်လျှင် ယခင်နှစ် (၁၂၀၀)ကျပ်၊ ယခုနှစ်(၁၀၀၀)ကျပ် ရောင်းချရပါကြောင်း၊ ယခင်နှစ် ထက်ယခုနှစ် ရောင်းဈေးနှုန်းများ ကျဆင်းသွားရခြင်း အကြောင်းမှာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ရာတွင် မိမိတို့ပြည်တွင်း၌ ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် သယ်ယူပို့ဆောင် ရေး အခက်အခဲများနှင့်ကြုံတွေ့ရခြင်း၊ ဒေသတွင်းဈေးကွက်များ၌ ဝယ်လိုအားကျဆင်းနေခြင်းတို့

ကြောင့် အရောင်းအဝယ်မဖြစ်ဘဲ ပစ္စည်းဈေးနှုန်းများ ကျဆင်း၍ လုပ်ငန်းရှင်များ နေ့စဉ်ဝင်ငွေရရှိမှု နည်းသွားကြောင်းသိရှိရပါသည်။ လူတစ်ဦး စကော၊ စကာတစ်ချပ်ထုတ်လုပ်ရာတွင် ဝါး၊ ကြိမ် ဝယ်ယူခနှင့် ကိုယ်တိုင် ယက်လုပ်ကြ၍ အလုပ်သမားငှားရမ်းခမပါခြင်း၊ ဝယ်ယူရသောကုန်ကြမ်း ပစ္စည်းမှာ ပစ္စည်းပေါများပြီး ဈေးနှုန်း သင့်တင့်မျှတမှုရှိ၍ ကုန်ကျငွေမှာ (၅၀၀)ကျပ်ဝန်းကျင်ခန့် ရှိကြောင်း၊ ယခုနှစ်တွင် (၁၅၀၀)ကျပ် ဈေးနှုန်းခန့် ရောင်းချရပါသောကြောင့် တစ်ချပ်လျှင်(၁၀၀၀) ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ တစ်နေကုန် စကော၊ စကာ ယက်လုပ်ပါက စကော၊ စကာ (၃)ချပ်ခန့် ယက်လုပ်နိုင်ကြောင်း သိရှိရပါသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ် တဲကြီးကျေးရွာမှထွက်ရှိသော စကော၊ စကာ၊ အုပ်ဆောင်း အမျိုးမျိုးတို့ကို ဆိပ်ဖြူမြို့နယ် နေရာဒေသအနှံ့အပြားနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ချောက်၊ ကျောက်ပန်းတောင်း၊ မကွေး၊ ဆင်ဖြူ ကျွန်း၊ စလင်း၊ စလေ၊ တောင်တွင်းကြီး၊ နတ်မောက်၊ သရက်၊ မင်းဘူး၊ အောင်လံမြို့တို့ဖြစ်ပြီး ထုတ်ကုန် အများဆုံးကို အောင်လံမြို့သို့ အဓိကထား၍ ရောင်းချဖြန့်ဖြူးလျက်ရှိသည့်အပြင် (၁၂)လ ရာသီဘုရားပွဲတော် ဈေးများဖြစ်သော ဆိပ်ဖြူမြို့ မြောက်ယမကျေးရွာရှိ အလိုတော်ပေါက်ဘုရား ပွဲတော်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပုဂံအာနန္ဒာဘုရားပွဲတော်၊ တညောင် ဘုရားပွဲတော်၊ စလေ သေခဲလှဘုရား ပွဲတော်၊ မကွေးမြသလွန်ဘုရားပွဲတော်အချိန်များတွင်လည်း သွားရောက်ပြီး ရောင်းချခြင်း၊ ဈေးသည်အချင်းချင်း ပစ္စည်းများ ဖလှယ်ခြင်းများပြုလုပ်ကြပါ ကြောင်း၊ နှစ်စဉ်မြို့နယ် အတွင်းရှိ နီးစပ်ရာဒေသများသို့လည်း ဆိုင်ကယ်များဖြင့် လှည့်လည် ရောင်းချခြင်းရှိ၍ နှစ်စဉ် မိမိတို့ ယက်လုပ်ပြီးသော ထုတ်ကုန်ပစ္စည်းများမှာ ယခင်နှစ်များတွင် လက်ကျန်မရှိ ရောင်းချခဲ့ရပါ သော်လည်း ယခု(၂)နှစ်အတွင်းတွင် သယ်ယူပို့ဆောင်ရေး ခက်ခဲမှု ကြောင့် ဝယ်လိုအား နည်းသွား၍ ထုတ်ကုန်ပစ္စည်းလက်ကျန်များကြောင်း၊ ရောင်းမကုန်၍ ကျန်ရှိ သောပစ္စည်းများကို  မိမိတို့အိမ်တွင် ထိန်းသိမ်းထားရှိရကြောင်း၊ တဲကြီးကျေးရွာဒေသတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာပြီး ဘုရားပွဲတော်ဈေး (၁၂ ပွဲဈေး) များ ပြန်လည်ဖွင့်လှစ်လာပါက ထုတ်လုပ်သော ပစ္စည်းများ လက်ကျန်မရှိအောင် ရောင်းအားကောင်း၍ ဝင်ငွေပိုမိုရရှိလာမည် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများ၍ ပြည်တွင်း ကုန်သွယ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဟု မျှော်လင့်နေကြပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)