မြဝတီခရိုင်အတွင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်၊ ဈေးနှုန်း တင်သွင်း/တင်ပို့မှု အခြေအနေ

Powered by Drupal

         ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တောင်သူများသည် မိုးစပါးကို စားသုံးရန်အတွက်သာ အဓိကထားစိုက်ပျိုးကြပြီး မိုးအစေ့ထုတ်ပြောင်းများကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ မြဝတီခရိုင်အတွင်း ၂၀၂၁ခုနှစ် မိုးရာသီတွင် အစေ့ထုတ်ပြောင်း ဧကငါးသောင်းကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ မိုးအစေ့ထုတ်ပြောင်းကို စိုက်ဧက ၅၀၉၃၇ ဧက၊  ရိတ်ဧက ၅၀၈၄၉ ဧက၊ အထွက်နှုန်း ၈၉.၃၅တင်း၊ အထွက်တင်း ၄၅၄၃၃၅၈ တင်းထွက်ရှိခဲ့ပါသည်။ ယခင်၂၀၂၀ခုနှစ် မိုးအစေ့ထုတ်ပြောင်း စိုက်ဧက (၅၀၉၃၇)တွင် အထွက်တင်း(၄၅၅၀၀၅၉) တင်း ထွက်ရှိခဲ့သောကြောင့် နှိုင်းယှဉ်ချက်အရ(-၆၇၀၁)တင်း လျော့နည်းကြောင်း သိရှိရပါသည်။

             တောင်သူများအနေဖြင့် မိုးအစေ့ထုတ်ပြောင်း တစ်ဧကစိုက်ပျိုးလျှင် အရင်းအနှီး ငွေကျပ် သုံးသိန်းခန့်သာကုန်ကျပြီး အဆိုပါ အစေ့ထုတ်ပြောင်းများပေါ်ချိန်တွင် တစ်ဧကလျှင် ငွေကျပ် ရှစ်သိန်းခန့် ပြန်လည်ရရှိ၍ တစ်ဧကလျှင် ငွေကျပ် ငါးသိန်းခန့်အမြတ်ရရှိကြောင်း သိရှိရပါသည်။

            ယခုအခါ မြဝတီခရိုင်အတွင်းသို့ ပြောင်းဆံဝင်ရောက်မှု ဆက်လက်မြင့်တက်လျှက်ရှိသည့်အပြင် ယခင်နှစ်ပြောင်း ၁ပိဿာဈေးနှုန်း အနိမ့်ဆုံး ၅၀၀ကျပ်မှ အမြင့်ဆုံး ၅၅၀ကျပ်အထိဖြစ်ပေါ်ခဲ့ပြီး ယခု ၁၈.၁.၂၀၂၂ ရက်နေ့ ပြောင်း ၁ပိဿာဈေးနှုန်း အနိမ့်ဆုံး ၆၇၀ကျပ်မှ အမြင့်ဆုံး ၇၆၀ကျပ်ထိရှိကြောင်း နေ့စဉ် ငွေလဲလှယ်မှု ဘတ်ဈေးနှုန်းပေါ်မူတည်၍ ဈေးနှုန်း အတက်အကျ အနည်းငယ်ရှိကြောင်း သိရပါသည်။

         ထိုင်းနိုင်ငံသို့ ပြည်တွင်းဒေသထွက် အစေ့ထုတ်ပြောင်းတင်ပို့ရန် နှစ်နိုင်ငံ MOU စာချုပ်အရ ၁.၂.၂၀၂၂ ရက်နေ့တွင် စတင်၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ လက်ခံမည်ဖြစ်၍ ပြည်တွင်းနယ်စပ် Border trade ဈေးကွက်အနေဖြင့် ကုန်သည်များက ဝယ်ယူသိုလှောင်ထားလျှက်ရှိကြောင်း၊ မြဝတီပြောင်း ရောင်းဝယ်သူကုန်သည် တစ်ဦးထံမှသိရှိရပါသည်။ ၂၀၂၁ခုနှစ် နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလ ၁လ တာအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံဘက်သို့ တင်ပို့မှုအနေဖြင့် အစေ့ထုတ်ပြောင်း ကား ၂၂ဘီး၊ အစီးရေ ၂၂၄၉စီး၊ ပြောင်းတန်ချိန် ၆၆၃၄၆ တန်တင်ပို့ခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ် ရေးဇုန် စာရင်းအရ သိရှိရပါသည်။ နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တင်ပို့လျှက်ရှိသော အစေ့ထုတ်ပြောင်းများသည့် ရှမ်းမြောက်၊ ရှမ်းတောင်၊ တောင်ကြီး၊ မူဆယ်နှင့် မန္တလေးဘက်မှ တင့်ပို့လာသော ပြောင်းများ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်