တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေးကွက်

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၁၃)ဧက၊ အစေးလှီး ဧရိယာမှာ (၁၇၀၃၄၅)ဧက၊ အထွက်နှုန်းမှာ (၇၂၀.၉၁)ပေါင် ရှိပြီး တစ်နှစ်စာ ပျှမ်းမျှအထွက်တန်မှာ (၅၅၇၀၄) မက်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။

           မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ )မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ မှိုင်းခံရော်ဘာအဆင့် RSS-3 မှာ ရော်ဘာပြားသည် ခြောက်သွေ့သန့်ရှင်းခိုင်ခန့်၍ အရောင်ကြည်လင်ပြီး မှိုင်းကျက်ညီ၍  မီးလောင်ဖု၊ သဲ၊ အမှိုက်၊ မှို၊ ဖောင်းကြွအဖု၊ လေပူပေါင်း၊ အစွန်းအထင်း၊ သံချေး ကင်းစင်ရမည်ဖြစ်ပြီး မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော၊ မှိုင်းကျက်လွန်သော၊ စေးကပ်သော ရော်ဘာပြား မဖြစ်ရဘဲ အရောင် ကြည်လင်နေရမည်။ သို့သော်လည်း အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေး၊ အစွန်းအပြောက်ငယ် နှင့် အမည်းကွက် အနည်းငယ်ပါဝင်မှုကို လက်ခံနိုင်ပါကြောင်း၊ မှိုင်းခံရော်ဘာအဆင့် RSS-5 တွင် အပ်ခေါင်းအရွယ် လေပူပေါင်း၊ အစွန်းအပြောက်ငယ်၊ အမည်းကွက်၊ အစွန်းအထင်း၊ သံချေး၊ လေပူပေါင်း၊ ဖောင်းကြွအဖု၊ အရောင်မကြည်လင်ခြင်း၊ အနည်းငယ်စေးကပ်ခြင်း၊ မှိုင်းကျက်လွန်ခြင်းနှင့် အနည်းငယ် အကျက်မညီခြင်းတို့ကို လက်ခံနိုင်ပါကြောင်း သိရှိရပါသည်။ 

        ယခင်နှစ်ထက် ယခုနှစ်မှာ ရော်ဘာဈေးကောင်း ပိုရလျက်ရှိပြီး ယခုအပတ် (၁၈.၁.၂၀၂၂) မှ (၂၁.၁.၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ  RSS-3 တစ်ပေါင်လျှင် (၁၀၄ဝိ/-) ခန့်၊ RSS-5 တစ်ပေါင်လျှင် (၁၀၀ဝိ/-)ခန့် ဈေးပေါက်လျက်ရှိကြောင်း သိရှိရပါသည်။ RSS-3 သည် RSS-5 ထက် အပြစ်အနာအဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိပါသည်။ ထိုင်းနိုင်ငံရော်ဘာစျေးကွက်သည် ရော်ဘာဈေးနှုန်းအတက်အကျ ကြမ်းသဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုနည်းပါးပြီး ရန်ကုန်မြို့သို့သာ အများဆုံးတင်ပို့ကြောင်းနှင့် သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပေါင်လျှင် (၂ဝိ/-)နှုန်း ရှိကြောင်း သတင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တနင်္သာရီတိုင်း‌ဒေသကြီး