ရောင်နီသမ်းနေသည့် ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံ ပီလောပီနံ

Powered by Drupal

        မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာထွက်ကုန်အနေဖြင့် အမယ်ပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်းထုတ်လုပ်နိုင်သည့် အခြေခံကောင်းများစွာ ရှိနေသော နိုင်ငံဖြစ်ပါသည်။ ယင်းကဲ့သို့  အမယ်ပေါင်းများစွာသော လယ်ယာထွက်ကုန်များအနက် ပီလောပီနံသည် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေမြေအခြေခံကောင်းများ ရှိသည့်အခြေအနေတွင်ဖြစ်ပြီး စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပါက ပြည်ပပို့ကုန်အဖြစ် အလားအလာရှိနေသည့် ထုတ်ကုန်တစ်ခုဖြစ်သည်ကို နိုင်ငံတကာစာတမ်းများအရ သိရှိရပါသည်။

          ထို့အပြင် နိုင်ငံတကာအပူပိုင်းဒေသသီးနှံများ ဗဟိုဌာန(International Center For Tropical Agriculture) (CIAT)မှလည်း အရှေ့တောင်အာရှရှိ ဒေသခံတောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် နိုင်ငံများတွင်တောင်သူများ စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ပီလောပီနံသီးနှံအား နည်းပညာများ အကူအညီပေးစိုက်ပျိုးပေးလျက်ရှိရာ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံများသည် ပီလောပီနံစိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမို ရရှိလာကာ ဒေသခံတောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။

          မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်၊ ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည် မြို့နယ်များတွင် ရှေးယခင်ကပင် ဒေသခံတောင်သူများမှ ပီလောပီနံဒေသမျိုးအား ဧက (၃၀၀၀၀)ခန့် နှစ်စဉ် စိုက်ပျိုးပြီး ကုမ္ပဏီ၊ ကုန်သည်များမှတစ်ဆင့် ပီလောပီနံအချောမှုန့် (ကော်မှုန့်)များ ပြုလုပ်၍ ပြည်တွင်းပြည်ပသို့တင်ပို့ရောင်းချနေသော ဒေသထွက်ကုန် သီးနှံ တစ်ခုဖြစ်ပါသည်။ ဒေသပီလောပီနံ တစ်ဧကအထွက်နှုန်းမှာ ပိဿာချိန်(၃၀၀၀)မှ(၃၅၀၀) ထွက်ရှိပြီး တောင်သူများတွက်ခြေကိုက်မှုနည်းပါးသဖြင့် ၂၀၁၄ ခုနှစ်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှဦးဆောင်၍ ပီလောပီနံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ဧရာဝတီတိုင်းဒေသကြီး ပီလောပီနံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ၂၀၁၅ ခုနှစ်တွင် သြစတြေလျနိုင်ငံ၊ Queensland University မှ Prof. Dr. Robert Anderson Cranb ဦးဆောင်သော နိုင်ငံခြားသားပညာရှင်များအား ဖိတ်ခေါ်၍ ကျုံပျော်၊ ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည်ရှိ စိုက်ကွင်းများအထိ ဒေသခံတောင်သူများနှင့်တွေ့ဆုံအသိပညာပေးခြင်း၊ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ Inya Lake ဟိုတယ်တွင် ကျင်းပသည့် 4th Starch World Conference သို့တက်ရောက်စေခြင်း၊ ထိုင်းနိုင်ငံ/ တရုတ်နိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုင်းနိုင်ငံ Thai Wahstarch  PCL ကုမ္ပဏီနှင့် ပီလောပီနံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ပီလောပီနံအထွက်ကောင်းမျိုး (Hauy Bong-60)မျိုးကိုင်းများအား ဆက်သွယ်ချိတ်ဆက်ရယူပြီး ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သူတောင်သူများသို့ မျိုးပွားမျိုးဖြန့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ တစ်ဧက ပိဿာချိန်(၇၅၀၀)မှ (၁၀၀၀၀)အထိ အထွက်နှုန်း တိုးတက်ထွက်ရှိလာခဲ့ပါသည်။

          ပီလောပီနံအချောမှုန့်ထွက်ရှိမှုအနေဖြင့် ပီလောပီနံ ဥပိဿာ (၁၀၀)လျှင် စျေးကွက်ဝင် ပီလောပီနံအချောမှုန့်(ကော်မှုန့်) ပိဿာ(၃၀)ခန့်ရရှိပြီး ယခင်က နှစ်စဉ်အချောမှုန့် ပိဿာသိန်း (၃၀၀)ခန့်၊ တန်ချိန်အားဖြင့် (၅၀၀၀၀)ခန့်ရရှိပြီး ပြည်တွင်းပြည်ပ‌ရောင်းဝယ်လျက်ရှိရာ ယခုအခါအထွက်နှုန်းတိုးတက်လာသဖြင့် တန်ချိန်(၁၅၀၀၀၀)ခန့်ထွက်ရှိလာပြီး စျေးကွက်ပိုမိုရရှိရန် လိုအပ်ဖြစ်ပေါ်လျက်ရှိပါသည်။ စျေးနှုန်းအနေဖြင့် ယခုလက်ရှိပီလောပီနံဥစျေးမှာ တစ်ပိဿာ (၁၃၀)ကျပ်ခန့်နှင့် ပီလောပီနံအချောမှုန့်(ကော်မှုန့်)စျေးမျာ တစ်ပိဿာ(၇၀၀)ကျပ် ခန့် ဖြစ်သဖြင့် တစ်ဧက (၁၀)သိန်းကျော်ခန့် ဝင်ငွေရရှိလျက်ရှိပါသည်။ ပိုမိုထွက်ရှိလာသော ပီလောပီနံအချောမှုန့်များအား ပြည်တွင်းပြည်ပရောင်းဝယ်မှုများအပြင် ပီလောပီနံကွင်းချပ်ပြုလုပ်၍ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်းကောင်း၊ မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ လည်းကောင်း စျေးကွက်ထိုးဖောက်စတင်တင်ပို့ရောင်းချလျှက်ရှိပါသည်။

          သဘာဝတရားအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ပီလောပီနံစျေးကွက်တွင် ဝယ်လိုအားကြီးမားသော တရုတ်ပြည်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ပထဝီဝင်အနေအထားအရ ဆက်စပ်တည်ရှိနေပြီး တရုတ်ပြည်အနေဖြင့် တစ်နှစ်လျှင် ပီလောပီနံ အချောမှုန့် တန်ချိန် (၁၁.၅)သန်း (Source:FAOSTAT, Food Balance Sheet, April 2006)ခန့် နိုင်ငံခြားမှ ဝယ်ယူတင်သွင်းနေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါသည်။ သို့သော် အဆိုပါနိုင်ငံအနေဖြင့် ပီလောပီနံ ထုတ်လုပ်မှုပမာဏ ကြီးမားသော်လည်း ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ၏ ဝယ်လိုအား တိုးတက်လာမှုနှင့်အတူ စိုက်ဧကများလည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသဖြင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်သည့် မြန်မာနိုင်ငံသည် အလားအလာကောင်းများကို ဖော်ဆောင်ဖြစ်ပေါ်လျက်ရှိပါသည်။ နောင်လာမည့်အနာဂတ်တွင် အခြားသော စက်မှုကုန်ကြမ်းဖြစ်သည့် ပြောင်းစျေးနှုန်းမှာလည်း ကြီးမြင့်လာသည့်အတွက် အစားထိုးသီးနှံဖြစ်သော ပီလောပီနံမှာ အလားအလာရှိပြီး စျေးကွက်ဝယ်လိုအားကောင်းသည့် ဧရာဝတီတိုင်းဒေသကြီး၏ ဒေသထုတ်ကုန်တစ်ခုအဖြစ် မလွဲမသွေဖြစ်လာနိုင်တော့မည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး