လိမ္မော်သီး

  ယခုအချိန်သည် လိမ္မော်သီးမျာထွက်ရှိနေသည့် ကာလဖြစ်ပါသည်။ လိမ္မော်သီးသည် လူကြိုက်များ သော အသီးတစ်မျိုးဖြစ်သည့်အတွက် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ လိမ္မော်ပင်သည် မြေသားထုနက်ပြီး သဲကဲ့သို့မဖွာ စနယ်ကဲ့သို့ မစေးသော မြေမျိုးတွင်ကောင်းစွာဖြစ် ထွန်းသည်။ ရေဝပ်သောမြေနှင့် စိမ့်ပေါက်သောမြေသို့တွင် မဖြစ်ထွန်းပေ။ မြန်မာနိုင်ငံတွင် လိမ္မော်သီးထွက် ရှိသည့်ကာလမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ယခုအချိန်သည် ထွက်ရှိမှုအများဆုံး ကာလ ဖြစ်သည်ဟုဆိုနိုင်ပါသည်။

          မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ထူးလိမ္မော်ခြံ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင် ကျေးရွာနှင့် ကျောက်တလုံးကြီးမြို့ ထီခေါင်းကျေးရွာစသည်တို့တွင် လိမ္မော်ပင်များ စိုက်ပျိုးကြကြောင်း သိရှိရသည်။

          လိမ္မော်သီးစားပေးခြင်းဖြင့် သွေးဖိအားကို ကျဆင်းစေသည့်အပြင် နှလုံးသွေးကြောကို ကာကွယ်၍ ကောင်းကျိုးပေးနိုင်သည်။ မျက်လုံးရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသည်။ အမြင်အာရုံဝါးမှု ကိုလည်း လျော့ကျစေနိုင်သည်။ လိမ္မော်သီးစားပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို ခုခံကာကွယ်ပေးနိုင်သည် ဟုလည်းလေ့လာသိရှိရပါသည်။

လက်ရှိရှမ်းပြည်နယ်တောင်ကြီးဈေးကွက်တွင် လိမ္မော်သီး(အကြီး) တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၇၀၀ကျပ်ကြား နှင့် လိမ္မော်သီး(အသေး) တစ်လုံးလျှင် ၃၀၀ကျပ်မှ၄၀၀ကျပ်ကြားပေါက်ဈေးရှိပြီး အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိပါသည်။ ဒေသတွင်း၌ အရောင်းအဝယ်သွက်လျက် ရှိသည့် အပြင် ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် စသည့် မြို့များသို့ လည်းတင်ပို့ကြကြောင်း သိရှိရသည်။

DOCA(ရှမ်း)