Main menu

၂၀၂၄ခုနှစ်၊ ဒုတိယ ၃လပတ်ကာလတွင် ဆန်စျေးမြင့်တက်နိုင်မည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများခန့်မှန်း

Powered by Drupal

     အယ်နီညိုသက်ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏  ဆန်တင်ပို့မှုကန့်သတ်ချက်များ‌ကြောင့် ၂၀၂၄ခုနှစ်၊ ဒုတိယ(၃)လပတ်ကာလတွင် တစ်ကမ္ဘာလုံး ဆန်စျေးတက်နိုင်သည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများက ခန့်မှန်းကြပါသည်။ ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်လာမှုကို တုံ့ပြန်ရန်နှင့် ရာသီဥတုအခြေအနေများကြောင့် ဆန်ပြတ်လပ်မှုဖြစ်ပွားမည်ကို စိုးရိမ်မှုတို့ကြောင့် အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ပြည်ပသို့ ဆန်ဖြူတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ဆန်မွှေးနှင့် ပေါင်းဆန် တင်ပို့မှုတို့ကိုကန့်သတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့ဆန်စျေးသည် (၁၅) ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်၊  ပထမ (၃)လပတ်ကာလတွင် ဆန်တန်ချိန် ၂.၅သန်းကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း‌ဒေသတို့သို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့ဆန်စျေး စံချိန်တင်မြင့်တက်လာသော်လည်း အမေရိကန်နှင့်အာရှနိုင်ငံများမှာ ပြည်တွင်းထောက်ပံ့မှုလျော့ကျလာခြင်းအပေါ် ဖာထေးရန်အတွက် ထိုင်းနိုင်ငံမှ ဆန်ဖြူနှင့်ဆန်မွှေးတို့ကိုတင်သွင်းရန် လိုအပ်ချက်မြင့်မားနိုင်ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr.Chookiat က ပြောကြားခဲ့ပါသည်။ မတ်လ ၂၇ရက်နေ့တွင် ထိုင်းဆန်ဖြူစျေးမှာ တစ်တန်ကို အမေရိကန်‌ဒေါ်လာ ၆၀၂ရှိခဲ့ပြီး ပေါင်းဆန်တစ်တန်ကို အမေရိကန်‌ဒေါ်လာ (၆၀၆)ရှိခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏ ကောက်ရိတ်သိမ်းရာသီ မတ်လတွင် စတင်သည့်အတွက် စျေးကွက်တွင်ပြိုင်ဆိုင်မှုများမြင့်တက်လာနိုင်သောကြောင့် ၂၀၂၄ခုနှစ်၊ ဒုတိယ(၃)လပတ်ကာလတွင် ထိုင်းနိုင်ငံဆန်တင်ပို့မှုပမာဏမှာ အနည်းငယ်ကျဆင်းနိုင်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံက ဆန်ဖြူတင်ပို့မှုကို ဆက်လက်ပိတ်ပင်ထား၍ ထိုင်းဆန်စျေးနှုန်းမှာ ၂၀၂၄ခုနှစ်၊ ပထမနှစ်ဝက်တွင် ဆက်လက်မြင့်တက်နေဦးမည်ဟု ပြည်တွင်းရှိဆန်ကုန်သည်များက အကောင်းမြင်သင့်ကြောင်း Mr.Chookiat ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၈သန်း (ခန့်မှန်းတန်ဖိုးဘတ် ၁၈၀ဘီလီယံထိ တင်ပို့နိုင်မည်ဟုခန့်မှန်းထားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)