Main menu

ဆန်အရောင်တင်ကြိတ်ဖွပ်မှုကို ဥပဒေဖြင့် တားမြစ်မည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ကို အလွန်အကျွံ အရောင်တင်ကြိတ်ဖွပ်ခြင်းကြောင့် ဆန်၏ အာဟာရတန်ဖိုး လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိရာ  ဆန်အရောင်တင်ကြိတ်ဖွပ်မှုကို တားမြစ်ရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားရှိပြီး လာမည့် မိုးစပါးရာသီ (Aman season) မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း စားနပ်ရိက္ခာဝန်ကြီး Sadhan Chandra Majumder က ၂-၅-၂၀၂၄ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း Naogaon မြို့နယ်ရှိ အစိုးရဧည့်ရိပ်သာ (Circuit House) တွင် ကျင်းပသော နွေစပါး စုပေါင်းရောင်းချပွဲ အခမ်းအနား၌ စားနပ်ရိက္ခာဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံရာတွင် ဆန်ကို အလွန်အကျွံ အရောင်တင်ကြိတ်ဖွပ်ခြင်းကြောင့် ဆန်မက်ထရစ်တန်ချိန် ၁၆ သိန်းမှ သိန်း ၂၀ အထိ ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ဥပဒေတစ်ရပ်ရှိပါက အဆိုပါ မြောက်မြားစွာသော ဆန်များလေလွင့်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး စားသုံးသူများ အနေဖြင့် လည်း ဆန်ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အသင့်ထုပ်ပိုးရောင်းချသည့် ဆန်အိတ်များတွင် ဈေးနှုန်းကို တစ်ပါတည်းဖော်ပြရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မကြာမီ ကာလ၌ ဆန်အမျိုးအစားနှင့်ဈေးနှုန်း ရိုက်နှိပ်ဖော်ပြချက်ပါရှိသော ဆန်အိတ်များမှာ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ အစိုးရ၏ စားနပ်ရိက္ခာ သိုလှောင်ရုံသို့ စပါးများပေးသွင်းချိန်တွင် မည်သည့်လယ်သမား သို့မဟုတ် ဆန်စက်ပိုင်ရှင် တစ်ဦးတစ်ယောက်မျှ နှောင့်ယှက်ခံရခြင်း မရှိ စေရအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  နှောင့်ယှက်မှု  တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်းအတွက် တိုင်ကြားလာပါက ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း Mr. Majumder က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

    အစိုးရ၏ စပါးဝယ်ယူရေး အောင်မြင်မှု ရှိ/မရှိ ဆိုသည့် မေးခွန်းကို ဖြေကြားရာတွင် စပါးဝယ်ယူရေးလုပ်ငန်း အောင်မြင်မှုမရရှိနိုင်သည့် အကြောင်းရင်းများကို ဖော်ထုတ်ရန် စီမံချက်များ ချမှတ် လုပ်ဆောင်ထားကြောင်း၊  ယခုနှစ် ဆန်စုဆောင်းမှုကဲ့သို့ စပါးဝယ်ယူစုဆောင်းမည်ဆိုပါက အောင်မြင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်မှုကြောင့် ဆန်စပါးထုတ်လုပ်မှုသည် အဆပေါင်းများစွာ တိုးတက်လာပြီး ယခင်နှစ်၌ ပြည်ပမှ ဆန်တင်သွင်းရခြင်း မရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း နွေစပါးအထွက်နှုန်း ကောင်းမွန်မှုရှိကြောင်းဖြင့် စားနပ်ရိက္ခာဝန်ကြီးက ပြောကြားခဲ့သည်။

Source: United News of Bangladesh, 2 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)